သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဖွဲ့စည်းပုံသစ် လူထုဆန္ဒခံယူ


အီဂျစ်နိုင်ငံမှာ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ယာယီအစိုးရက ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ၂ ရက်ကြာ လူထုဆန္ဒခံယူပွဲ ကျင်းပရာမှာ နောက်ဆုံးနေ့အဖြစ် အီဂျစ်နိုင်ငံသားတွေ ဒီကနေ့ ဆက်လက် မဲပေးကြပါတယ်။

သမ္မတဟောင်း Mohamed Morsi ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲမှာ အီဂျစ်စစ်တပ်က ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် ကြေညာထားတဲ့ အသွင်ကူးပြောင်းရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် ဆန္ဒခံယူပွဲ ကျင်းပနေတာပါ။

အခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုနိုင်ခဲ့ရင်တော့ သမ္မတသစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်မယ့် ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။

ဆန္ဒခံယူပွဲ ကျင်းပနေချိန် လုံခြုံရေးအတွက် သိန်းချီရှိတဲ့ ရဲနဲ့စစ်သားတွေကို နိုင်ငံအနှံ့ ဖြန့်ချထားခဲ့ပေမဲ့ သမ္မတဟောင်းမော်စီကို ဆန့်ကျင်သူတွေနဲ့ ကန့်ကွက်သူတွေကြား ပဋိပက္ခတွေကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့တာပါ။ သမ္မတဟောင်းကို ထောက်ခံတဲ့ မူဆလင် ညီအကိုတော်များအဖွဲ့ကတော့ တရားဝင်မှု မရှိဘူးဆိုပြီး လူထုဆန္ဒခံယူပွဲကို သပိတ်မှောက်ဖို့ ဆော်သြထားပါတယ်။

၂၀၁၂ ခုနှစ်က သမ္မတဟောင်း မော်စီလက်ထက်က ရေးဆွဲခဲ့တဲ့ အစ္စလာမ်ဝါဒီ အခြေခံဥပဒေကို အစားထိုးဖို့ ရည်ရွယ်ထားတဲ့ အခြေခံဥပဒေသစ်မှာတော့ ဘာသာရေးဆန်တဲ့ အသုံးအနှုန်းတွေကို ဖယ်ရှားပြီး၊ အမျိုးသမီးတွေကို အခွင့်အရေးတွေ ပိုပေးထားသလို၊ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာကိုလည်း တိုးမြှင့်ပေးထားတာပါ။

သမ္မတဟောင်း မော်စီကို စစ်တပ်က ဖယ်ရှားခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ ဆန္ဒပြပွဲတွေ အတွင်းမှာတော့ အစ္စလာမ်ဝါဒီတွေကို လိုလားသူ အများစု အပါအဝင် လူပေါင်း ၁ ထောင်ကျော် သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG