သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်လူငယ်ထံက ရဲသိမ်းဆည်းခဲ့တဲ့ ဒေါ်လာငွေ( ၅၀,၀၀၀) ကျော်ပြန်ပေးဖို့ တရားရုံးဆုံးဖြတ်


အမေရိကန်နိုင်ငံသား ကရင်လူမျိုး Eh Wah
အမေရိကန်နိုင်ငံသား ကရင်လူမျိုး Eh Wah

အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ဝါရှင်တန်ပို့စ်သတင်းစာမှာ မိဘမဲ့ရံပုံငွေတွေကို ရဲတွေက ဘယ်လိုသိမ်းယူသလဲဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က ဖေါ်ပြအပြီး အမေရိကန်နိုင်ငံသား ကရင်လူမျိုး Eh Wah ဆီက ရဲတွေသိမ်းဆည်းထားတဲ့ မိဘမဲ့ရံပုံငွေ အမေရိကန်ဒေါ်လာ (၅၃,၀၀၀)ကို ပြန်ပေးဖို့နဲ့ စွဲထားတဲ့အမှုကို Oklahomaပြည်နယ်ခရိုင်ရှေ့နေဘက်က ချက်ချင်းရုပ်သိမ်းပေးလိုက်ပါတယ်။

Civil Forfeiture လို့ခေါ်တဲ့ဥပဒေအရ ငွေတွေကို သိမ်းယူခံခဲ့ရပေမယ့် ဒီငွေတွေဟာ တရားမဝင်ဘူးဆိုတဲ့သက်သေအခိုင်အလုံ ရဲဘက်မှာမရှိတဲ့အတွက်လည်း အခုလို အမှုကိုအမြန်ဆုံးရုပ်သိမ်းဖို့ ခရိုင်ရှေ့နေဘက်က ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ Eh Wah ရဲ့အကျိူးဆောင်ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်တင်ပြမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်အဖြစ် အခြေချနေထိုင်နေတဲ့ Eh Wahဟာ မြန်မာနဲ့ ထိုင်းနယ်စပ်က မိဘမဲ့ကလေးတွေအတွက် ရံပုံငွေရှာဖွေနေတဲ့ Klo & Kweh တီးဝိုင်း မန်နေဂျာအဖြစ် စေတနာဝန်ထမ်းဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့က အမေရိကန်ပြည်နယ်တွေမှာ လိုက်လံဖျော်ဖြေနေတဲ့တီးဝိုင်းနဲ့အတူလိုက်ပါနေပြီးနောက် သူနေထိုင်ရာ Texas ပြည်နယ် Dulles မြို့ကိုအပြန်Oklahoma ပြည်နယ် မတ်စ်ကိုဂျီမြို့နယ်ရဲက သူမောင်းလာတဲ့ကားမှာ နောက်မီးပျက်နေတဲ့အတွက် သူ့ကို တားပြီး ကားကိုရှာဖွေချိန်မှာ အတူပါလာတဲ့ ရံပုံငွေ ငွေသား အမေရိကန်ဒေါ်လာ (၅၃၀၀၀)ကို သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ မနေ့က ဝါရှင်တန်ပို့စ်သတင်းမှာ အသေးစိတ် ဖေါ်ပြခဲ့ပြီးနောက် အမှုကို မြို့နယ်တရားရုံးက ရုပ်သိမ်းလိုက်ကြောင်း သူရဲ့အကျိူးဆောင်ရှေ့နေလည်းဖြစ်၊ Institute for Justice ဥပဒေအကျိုးဆောင်အဖွဲ့ Dan Alban က ဗွီအိုအေကိုပြောပါတယ်။

“ဒီကနေ့ညနေပိုင်းမှာ ဝါရှင်တန်ပို့စ်သတင်းစာရဲ့ ဝက်ဘ်ဆိုဒ်မှာ ဒီသတင်းတက်လာပြီးတဲ့အခါမှာ မြို့နယ်တရားရုံးကစိတ်ပြောင်းသွားပြီး ဒီအမှုကိုလက်မခံချင်တော့ဘူး၊ Eh Wah နဲ့ သူ့တီးဝိုင်းအဖွဲ့ပိုင် မိဘမဲ့ရံပုံငွေတွေကိုလည်း ဆက်ပြီးတော့ ထိန်းမထားချင်တော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဒီအမှု (၂)ခုစလုံးကို ပလပ်လိုက်ပြီးတော့ သိမ်းထားတဲ့ငွေကိုလည်း ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။”

မနေ့က ဒုတိယအကြိမ်မြောက်တရားရုံးချိန်ကို ပုံမှန်သွားရောက်ပြီးနောက် မြို့နယ်တရားရုံးက ရှေ့နေကို အမှုတွေရုပ်သိမ်းကြောင်း အကြောင်းကြားလာခဲ့တယ်လို့ Eh Wah ကစပြောပါတယ်။

“ဒီမနက်တရားရုံးတက်ရတယ်။ ပြီးတော့ အိမ်ပြန်လာတယ်။ အိမ်ရောက်တော့မှ သူတို့တွေ ဝါရှင်တန်ပို့စ်ကသတင်းကိုတွေ့မယ်လို့ ကျနော်ယုံတယ်။ ကျနော်ရဲ့ ရှေ့နေကို သူတို့ ပြန်ဆက်သွယ်လာတယ်။ ပြောရရင် ရဲတွေက ကျနော့်အမှုကို ရုပ်သိမ်းလိုက်တယ်ပေါ့နော်။”

အင်ကြင်းနိုင်။ ။ Eh Wah စပြီး ဖမ်းခံရတဲ့အဖြစ်အပျက်ပြောပြပါရှင့်။

Eh Wah။ ။ ကျနော့်ကားကို မီးနီပြနေချိန်မှာ ရပ်ထားတယ်။ မီးစိမ်းတော့ ကျနော်ထွက်သွားတယ်။ အနောက်မှာ ရဲကားကနေ မီးပြပြီးရပ်ခိုင်းပါတယ်။ ကျနော်ကလည်း ဘာဖြစ်တာလဲပေါ့နော်။ ကားကိုရပ်ပေးလိုက်ပါတယ်။ နောက်မှ ကျနော်သိတာက ကားဘရိတ်မီး မလင်းလို့ ရပ်ခိုင်းတယ်ပေါ့နော်။ နောက် ကျနော့်ကားထဲကို ရှာမယ်ပေါ့နော်။ နောက်ကအဖုန်းတံခါးကိုဖွင့်တဲ့အချိန်မှာ အလှုငွေတွေကိုတွေ့သွားတာပေါ့နော်။ ကျနော်ကလည်း အိတ်ထဲမှာ ငွေတွေကို ဒီအတိုင်းပဲထည့်ထားတာ။

အင်ကြင်းနိုင်။ ။ရဲတွေက ဒီငွေတွေကို ဘယ်လိုအကြောင်းပြချက်နဲ့ သိမ်းသွားတာလဲရှင့်။

Eh Wah။ ။ Evidence (အထောက်အထားအခိုင်အလုံ) မရှိပဲ ငွေတွေကို ဒီအတိုင်းသိမ်းသွားတယ်။ ဒီလောက်ပိုက်ဆံအများကြီးနဲ့ သွားနေတာ မကောင်းတာပဲဖြစ်မယ်လို့ ကျနော့်ကိုပြောတယ်။ ကျနော်ဘယ်လိုပဲရှင်းပြရှင်းပြ။ သူတို့နားမထောင်ဘူး။ စောစောကပြောသလိုပဲ စွပ်စွဲပြီးပြောနေတာ။ ခင်ဗျား အထောက်အထား ပြန်ပြ။ သူုတို့ စွပ်စွဲတဲ့ အတိုင်းမဟုတ်ရင် ခင်ဗျား အထောက်အထားအားလုံးကို ယူလာပြီးတော့ ပြန်လာတောင်းပါတဲ့။ ပြီးတော့နှစ်ပတ်တဲ့ နောက်အချိန်တိတိကျကျ မပြောပဲနဲ့ စောင့်ပါတဲ့။ အဲလိုနေရင်းနဲ့ ဝရမ်းထုတ်လိုက်တယ်။ အဲတော့ အရမ်းပဲစိုးရိမ်တာပေါ့။ ကျနော်လဲ ဘာလှပ်ရမှန်းမသိဘူး။ သူတို့သိမ်းတာက ပိုက်ဆံတခုပဲပြီးတော့ အခြားဘာမှမရှိဘူး။

အင်ကြင်းနိုင်။ ။Eh Wah လက်ထဲမှာ အတိအကျပြောမယ်ဆိုရင် အမေရိကန် ဒေါ်လာ ၅၃၀၀၀ ဘာလို့ အဲလောက်များတဲ့ ပိုက်ဆံတွေ ရှိနေတာလဲရှင့်။

Eh Wah။ ။ရံပုံငွေပေါ့နော်။ တီးဝိုင်းပေါ့။ ဒီကရောက်လာတဲ့ အဆိုတော်တွေပေါ့နော်။ကျွန်တော်က ထိန်းသိမ်းပြီးတော့ သူတို့က ဒီမှာ ရှိုးလာလုပ်တာ ကျွန်တော်က စီစဉ်တဲ့သူဖြစ်တယ်။ ဘုရားကျောင်းကပေးတဲ့ ရန်ပုံငွေတွေ၊ ပြီးတော့ လက်မှတ်ရောင်းတာတွေပေါ့နော်။ ကျန်တာက အလှုငွေတွေပါ။ ကျွန်တော်တို့ ဒီမှာရှိတဲ့ မြန်မာတွေကလည်း check ချက်လက်မှတ်တွေ ဘာတွေ သုံးလေ့မရှိဘူးပေါ့နော်။

Cash ပိုက်ဆံပဲ ပေးနေတာ။ ပြောရရင် ကျွန်တော်လဲ ပိုက်ဆံတွေကို ထိန်းသိမ်းတယ်ပေါ့နော် သွားနေတုန်းမှာ။ အဲဒါကြောင့် ကျွန်တော့်မှာ ဒီပိုက်ဆံတွေ ရှိနေတာ။

ကရင်လူမျိုး Eh Wah ဆီကငွေတွေကို ရဲက သိမ်းဆည်းခဲ့တဲ့ Civil Forfeiture ဥပဒေနဲ့ပတ်သက်လို့ ရှေ့နေ Dan Alban ကအခုလိုပြောပါတယ်။

“Civil Forfeiture လို့ခေါ်တဲ့ ဥပဒေပြဌာန်းချက်အရ သူတို့ငွေကို ရဲအနေနဲ့ သိမ်းဆည်းပိုင်ခွင့်ရှိတာဖြစ်ပါတယ်။ အဲဒီပြဌာန်းချက်အရ ရဲအနေနဲ့ လူတွေထံက ငွေသိမ်းဆည်းပိုင်ခွင့်ရှိတာဖြစ်ပါတယ်။ အဲဒီလူဟာ ပြစ်မှုကျူးလွန်သူဖြစ်ဖို့မလိုပါဘူး။”

ဒီဥပဒေကို ၂၀၁၁ခုနှစ် စက်တင်ဘာ 9/11 အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရအနေနဲ့ ရဲတပ်ဖွဲ့ကို အမေရိကန်အဝေးပြေးလမ်းမ ကြီးတွေပေါ်မှာ အမိမြေလုံခြုံရေးအတွက် မျက်စိဖွင့်၊ နားဖွင့်ထားကြဖို့ အရေးယူဆောင်ရွက်နိုင်အောင်ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဒေသခံ ရဲအရာရှိတွေ၊ အဝေးပြေးလမ်းမ အစောင့်ရဲတွေအနေနဲ့မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှု အပြင် အခြား တရားမဝင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မသင်္ကာရသူတွေကို တိုးမြှင့်ရှာဖွေဖို့ အမိမြေလုံခြုံရေးဌာနနဲ့ တရားရေးဌာနတို့က ငွေသန်းနဲ့ချီအကုန်ကျခံပြီး ရဲတွေကို သင်တန်းတွေပေးခဲ့တာဖြစ်ပါတယ်။အခုလို မသင်္ကာသူတွေထံမှ သိမ်းဆည်းထားတဲ့ငွေတွေကို ကာယကံရှင်တွေက တရားဝင်ငွေဖြစ်တဲ့အကြောင်း သက်သေပြဖို့လိုပြီး ပြန်ရနိုင်ဖို့ တရားရုံးတော်ကနေ လျှောက်ထားနိုင်မှာလည်းဖြစ်ပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီးက ပြီးခဲ့တဲ့နှစ်က အကျယ်တဝန့်လေ့လာစုံစမ်းပြီး မကြာသေးမှီနှစ်များအတွင်းက လူသန်းပေါင်းများစွာတို့ထံက ငွေသားတွေကို ရဲတွေဘက်က သိမ်းယူခဲ့တာကိုလည်း ထောက်ပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Eh Wah ရဲ့အမှုသတင်းကို ဝါရှင်တန်ပို့စ်သတင်းစာဝက်ဘ်ဆိုဒ်မှာ အလေးပေးဖေါ်ပြခဲ့ပြီးနောက် အခုလိုတရားရုံးက အမှုကို ပလပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Eh Wah အနေနဲ့ သူ့ထံကသိမ်းဆည်းခံရတဲ့ ငွေသားကို တရားရုံးက ဘယ်အချိန်ပြန်ပေးမလဲဆိုတာကိုတော့အတိအကျ မသိရသေးပါဘူး။

XS
SM
MD
LG