သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် တောင်ကိုရီးယားမှာ လူ ၈ ဦးသေ


တိုင်ဖွန်းမုန်တိုင်းကြောင့် ကျောက်ဆောင်နဲ့တိုက်မိခဲ့တဲ့ တရုတ်ငါးဖမ်းသဘောၤကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ကယ်ဖို့ကြိုးစားစဉ်။(၀၈၊၂၈၊ ၁၂။)
တိုင်ဖွန်းမုန်တိုင်းကြောင့် ကျောက်ဆောင်နဲ့တိုက်မိခဲ့တဲ့ တရုတ်ငါးဖမ်းသဘောၤကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ကယ်ဖို့ကြိုးစားစဉ်။(၀၈၊၂၈၊ ၁၂။)
အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတခုဟာ မိုးသက်လေပြင်း တိုက်ခတ်မှုတွေနဲ့အတူ တောင်နဲ့မြောက် ကိုရီးယား နိုင်ငံတွေကို ဝင်ရောက်လာရာက အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ရသလို လူတွေထောင်နဲ့ချီပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ကြပါတယ်။

တိုင်ဖွန်း Bolaven ကြောင့် ပင်လယ်ပြင်မှာ လှိုင်းလေပြင်းထန်ခဲ့ပြီး ရေကြီးမှုတွေ ကြုံနေရတဲ့ မြောက် ကိုရီးယား ကုန်းတွင်းပိုင်းကို ဝင်ရောက် မလာမီ တောင်ကိုရီးယား ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံရဲ့ တောင်ပိုင်း Jeju ကျွန်းက ကျောက်ဆောင် တခုကို တရုတ်သင်္ဘောတစင်း ဝင်တိုက်မိတဲ့ အတွက် ငါးဖမ်းသမား ငါးယောက် သေဆုံးသွားပါတယ်။ တောင်ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့တွေကတော့ ဝင်တိုက် မိတဲ့ တရုတ်သင်္ဘောပေါ်မှာရှိတဲ့ နောက်ထပ် သင်္ဘောသား ၁၁ ယောက်ကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တာပါ။ သင်္ဘောသား ခြောက်ယောက်ကတော့ ကမ်းပေါ်ကို ရေကူးလာနိုင်ခဲ့ကြပေမဲ့ နောက်ထပ် ၁၂ ယောက် ပျောက်ဆုံးနေပါတယ်။

တောင်ကိုရီးယား နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ဘက်မှာလည်း မုန်တိုင်းကြောင့် လမ်းမီးတွေ၊ ဆိုင်းဘုတ်တွေ ပျက်စီးကုန်သလို ဘုရားကျောင်းတခု ပြိုကျရာက လွင့်စင်လာတဲ့ အပိုင်းအစတွေကြောင့် လူ သုံးယောက်လည်း သေဆုံးသွားပါတယ်။ ဒီသီတင်းပတ် နှောင်းပိုင်း ကျရင်လည်း နောက်ထပ် တိုင်ဖွန်းမုန်တိုင်း တခုဟာ ထိုင်ဝမ်ကို ဖြတ်သန်းပြီး ကိုရီးယား ကျွန်းဆွယ်ကို ဝင်ရောက်လာမယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
XS
SM
MD
LG