သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EITI အဖွဲ့ဝင်လောင်းအဖြစ် မြန်မာကိုလက်ခံ


Mexico City မှာကျင်းပခဲ့တဲ့ EITI သဘာဝတွင်းထွက် သယံဇာတများ ပွင့်လင်းမြင်သာမှုအဖွဲ့ ညီလာခံမှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်လောင်းအဖြစ် လက်ခံ အတည်ပြုလိုက်ပါပြီ။ ဒီညီလာခံကို မြန်မာအစိုးရကိုယ်စားလှယ်တွေ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်း စတာတွေက တက်ရောက်ခဲ့ကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ပြထားပါတယ်။

မက္ကဆီကိုနိုင်ငံ Mexico City မှာ ကျင်းပခဲ့တဲ့ EITI သဘာဝတွင်းထွက် သယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ရဲ့ ၂၇ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံကို အဖွဲ့လောင်းနိုင်ငံအဖြစ် လက်ခံလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၄၄ နိုင်ငံပါဝင်တဲ့ အဲ့ဒီအဖွဲ့ကြီးမှာ ပူးပေါင်းဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီသဘောတူညီမှုမှာ နိုင်ငံအတွင်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ တခြား တွင်းထွက် သယံဇာတပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ EITI ရဲ့ စံနှုန်းတွေနဲ့အညီ ဖော်ထုတ်ကြေညာ အသိပေးဖို့ ပွင့်လင်းမြင်သာမှု အပြည့်အဝရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီ ၃ ရက်ကြာ အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာအရပ်ဖက် လူ့အဖွဲ့အစည်းကိုယ်စားလှယ် ကိုယ်စားပြုသူ ရွှေဂတ်စ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကိုဝမ်းအောင်က မြန်မာနိုင်ငံအနေနဲ့ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အစိုးရ၊ အရပ်ဖက် လူ့အဖွဲ့အစည်းနဲ့ လုပ်ငန်းရှင်တွေက အချိန်ယူပြီးတော့ ပြင်ဆင်ခဲ့ပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာ လျှောက်ထားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“အဲ့ဒီအခွင့်အရေးကို လျှောက်တာက ကျနော်တို့ ဒီ EITI လုပ်ငန်း စီမံချက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ အဓိကကျတဲ့ ကျနော်တို့ ဒီ အစိုးရလည်းပါတယ်၊ နောက် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေလည်း ပါတယ်။ နောက် စီးပွားရေးလုပ်ငန်းရှင်တွေလည်းပါတယ်။ ၃ ပွင့်ပေါ့ multi-stakeholder group ထဲက လျှောက်လွှာတင်သွင်းနိုင်ဖို့အတွက် လိုအပ်ချက်တွေကို ပြီးခဲ့တဲ့ ၃၊ ၄ လလောက်ကတည်းက ကျနော်တို့ ပြင်ဆင်မှုတွေ လုပ်ပြီးတော့ လိုအပ်တဲ့ လုပ်ငန်းအစီအမံတွေ၊ တခြားလိုအပ်တဲ့ ကျနော်တို့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပြီးတော့ မေလ ၇ ရက်နေ့မှာပဲ အဲ့ဒီ ၃ ဖွဲ့ပေါင်းပြီးတော့ပေါ့နော် ကျနော်တို့ ဒီ EITI အတွင်းရေးမှူးရုံးအဖွဲ့ကို တင်သွင်းလို့ရှိတာ ဖြစ်ပါတယ်ခင်ဗျ။”

EITI အဖွဲ့ ဥက္ကဌ Clare Short ကတော့ EITI အဖွဲ့အတွင်း မြန်မာဝင်ရောက်လာချိန်ဟာ အရေးကြီးတဲ့အချိန် ဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ သဘာ၀ အရင်းအမြစ်တွေ ထုတ်ယူဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီတွေကို ခွင့်ပြုနေတဲ့အချိန်ဖြစ်ကြောင်း၊ အစိုးရရဲ့ လုပ်ဆောင်နေမှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် ဖြစ်ရမှာဖြစ်သလို၊ ဘယ်လိုဘယ်ပုံ လုပ်ဆောင်နေတယ်ဆိုတာကို နိုင်ငံသားတွေ သိရှိဖို့ လိုအပ်တဲ့အကြောင်း အဲ့ဒီလို ပွင့်လင်းမြင်သာ လုပ်ကိုင်နိုင်ဖို့အတွက် EITI က အားပေးဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားပါတယ်။

အခုလို မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ ပွင့်လင်းမြင်သာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုတော့ မြန်မာအစိုးရရဲ့ သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲမှုတွေကို အတည်ပြုပေးလိုက်သလိုများ ဖြစ်မနေဘူးလား။ အဆိုးအကောင်း ဘယ်လိုရှိသလဲဆိုတာကို မေးကြည့်တဲ့အခါမှာတော့ ကိုဝမ်းအောင် က အခုလို ပြောပြပါတယ်။

“သူတို့အနေနဲ့လည်း ကျနော်တို့ ကြားသိရသလောက်တော့ ဆွေးနွေးချက်တွေမှာတော့ မြန်မာနိုင်ငံရဲ့ အနေအထားတခုဟာဆိုရင်ဖြင့် အာဖရိကနိုင်ငံတချို့တွေနဲ့ နိုင်ငံရေးအရ တူနေတဲ့ဟာတွေရှိတယ်။ တခြား ကျနော်တို့ fragile ပေါ့ ထိလွယ်ရှလွယ်တဲ့ အခင်းအကျင်းတခုကိုတော့ သူတို့ တော်တော်များများ condition အခြေအနေတခုအပေါ်မှာတော့ စောင့်ကြည့်လေ့လာမယ့် အနေအထားတခုတော့ ရှိပါတယ်။ ဒုတိယတခုကတော့ တော်တော်များများ သူတို့အနေနဲ့ ၂၀၁၃ EITI က ပြဌာန်းထားတဲ့ စံချိန်စံနှုန်းအရ လုပ်ကိုင်ဆောင်ရွက်ရမယ့် အခင်းအကျင်းတခုမှာတော့ မြန်မာအစိုးရအနေနဲ့ ဒီဟာတွေကိုပေါ့နော် အရှိန်အဟုန် မြှင့်တင်ပြီးတော့ ပိုပြီးတော့ အဓိပ္ပါယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်ဘူးဆိုရင် သူတို့အနေနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့် ဒီ နှစ်နှစ်ခွဲ ကာလအတွင်းမှာပေါ့ လုပ်ဆောင်ရမယ့် အခင်းအကျင်းတခုမှာတော့ ပိုပြီးတော့ အထင်သေး အမြင်သေး ခံရတာတွေ၊ နောက်ပြီးတော့ အဖွဲ့ဝင်လောင်းအဖြစ်ကနေပြီးတော့ ရပ်ဆိုင်းတာမျိုးတွေ၊ နောက် တခြားအပြစ်ပေးမှုတွေကိုလည်း သူတို့အနေနဲ့ ခံရနိုင်ဖွယ်ရှိတယ်လို့ ကျနော့်အနေနဲ့ကတော့ မှတ်ချက်ပေးချင်ပါတယ်။”

ဒီအစည်းအဝေးကို မြန်မာအစိုးရဘက်က သတ္ထုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ EITI နဲ့ အစိုးရလုပ်ငန်း ညှိနှိုင်းရေးတာဝန်ခံဖြစ်တဲ့ သမ္မတအကြံပေး ဒေါက်တာဇော်ဦးတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG