သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အစီရင်ခံစာထုတ်ပြန်ဖို့ EITI ပြင်ဆင်


ရွှေဂက်စ်ပိုက်လိုင်း
ရွှေဂက်စ်ပိုက်လိုင်း

ပွင့်လင်းမြင်သာမှုအပေါ်မှာ မေးခွန်းထုတ်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် အစီရင်ခံစာ တစောင်ကို ဒီနှစ် မကုန်ခင် ထုတ်ပြန်သွားမယ်လို့ EITI (ခေါ်) သယံဇာတထုတ်ယူမှု ပွင့်လင်း မြင်သာမှု အဖွဲ့က ပြောပါတယ်။ မကြာသေးခင်ကပဲ လူပေါင်း ၁၀၀ ကျော်ထက် မနည်း သေဆုံးခဲ့တဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ေ ဝဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ EITI ရဲ့ အစီရင်ခံစာ ထုတ်ပြန်ဖို့ စီစဉ်နေ တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ရဲ့ ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

ဒီနှစ်မကုန်ခင်မှာ ထုတ်ပြန်မယ့် အစီရင်ခံစာမှာတော့ အချေအတင် ဖြစ်စရာတွေ ကြုံခဲ့ရတဲ့ သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေရဲ့ ဘဏ္ဍာရေး ကိစ္စတွေကိုပါ ထည့် သွင်းဖော်ပြသွားမှာပါ။ ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်မယ့် ဒီအစီရင်ခံစာမှာတော့ EITI က စောင့်ကြည့် လေ့လာနေတဲ့ အထဲမှာ မူလကထည့်သွင်းမထားပေမဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ တိုက်တွန်းချက်တွေအရ လက်ပံတောင်းေ တာင် ကြေးနီ စီမံကိန်းမှာပါဝင်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီ၊ စစ်ကိုင်းတိုင်း က ယန်စီကုမ္ပဏီနဲ့ မကွေးတိုင်းက တကောင်းတောင် နီကယ်သတ္တု တူးဖော်ရေး လုပ်ကိုင်နေတဲ့ CNMC ကုမ္ပဏီတို့ဆီက ကောက်ခံရရှိခဲ့ အခွန်ငွေတွေကိုပါ ထည့်သွင်း ဖော်ပြသွားမယ်လို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညှိနှိုင်းရေး အဖွဲ့ရဲ့ ညှိနှိုင်းဖော်ဆောင်ရေးမှူး ဒေါက်တာဇော်ဦးက ဒီဇင်ဘာ ၇ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ ဒီထဲမှာမပါတဲ့ - အဲဒါဘာလဲဆိုတော့ သူတို့သည် material threshold ထဲမှာ ပါလာတဲ့ ကုမ္ပဏီတွေ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီအကြောင်း အမျိုး မျိုးကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ သူတို့သည် ဝင်ငွေအရှာနိုင်ဆုံး ကုမ္ပဏီ (၁၁) ခုထဲမှာ ပါမလာပါဘူး။ ပါမလာ သော်ငြားလည်း ဒါ အရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ ဒီကိစ္စ အရပ်ထဲမှာလဲ အများဆုံး ဆန္ဒပြုနေတဲ့ကိစ္စဖြစ်တယ်။ အရပ်ဖက် ကိုယ်စားလှယ် အဖွဲ့အစည်းတွေကလဲ လုပ်သင့်တယ်ဆိုတဲ့ဟာကို တိတိကျကျ ကျနော်တို့ကို လေးလေးနက်နက် တင်ပြလာတဲ့အခါမှာ ဒီသုံးခုကိုလဲ ဒီထဲမှာ Case Study အနေနဲ့ စပြီးတော့ လေ့လာဖို့ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဒီ EITI သွားနေတဲ့ ကျနော်တို့ အန္တိမ ရည်မှန်းချက်ကို အသိမှတ်ပြုသောအားဖြင့် ဒီသုံးခုကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်”

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး (MEITI) အစီရင်ခံစာမှာ ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်ကို အခြေခံပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းရဲ့ အခွန်ဘဏ္ဍာငွေ ၁၀၀ % ကို ကိုယ်စားပြုတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ (၁၃) ခု၊ ကျောက်မျက်၊ ရတနာပြပွဲရဲ့ အခွန်ဘဏ္ဍာငွေ ၆၇ %ကို ကိုယ်စားပြုတဲ့ ကျောက်မျက်ရတနာ ကုမ္ပဏီ (၃၀) ခုနဲ့ သတ္တုကဏ္ဍ ရဲ့ အခွန် ဘဏ္ဍာငွေ ၅၀ % ကို ကိုယ်စားပြုတဲ့ ကုမ္ပဏီ (၁၁) ခုတို့က ကောက်ခံရရှိတဲ့အခွန်အခ အချက်အလက်တွေ ပါဝင်မှာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံဟာ ကျောက်မျက်ကဏ္ဍကို EITI အစီရင်ခံစာမှာ ထည့်သွင်းတဲ့ ပထမ ဆုံး နိုင်ငံဖြစ်ပေမယ့်လည်း အစီရင်ခံစာမှာ ပါဝင်မယ့် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တု ကဏ္ဍသုံးမျိုးအတွက်ဖော်ပြထားတဲ့ ငွေကြေးတန်ဖိုးက မကြာသေးခင်က လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ ကိန်း ဂဏန်းတွေ နဲ့ ကွဲလွဲမှုရှိနေပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့လထဲ မြေစာပုံ ပြိုကျမှုကြောင့် လူပေါင်း ၁၁၄ ယောက် ထက်မနည်း သေဆုံးခဲ့တဲ့အတွက် အများ အာရုံစိုက် ခံနေရတဲ့ ကျောက်စိမ်း ထုတ်လုပ်မှုလုပ်ငန်းကနေ ၂၀၁၄ ခုနှစ် မှာ ဒေါ်လာ ၃၁ ဘီလျံလောက် ဝင်ငွေရခဲ့တယ်လို့ဖော်ပြခဲ့ပေမဲ့ အစီရင်ခံစာ သစ်မှာတော့ ဒီထက်လျော့နည်းနေကြောင်း ဖော်ပြထားတာပါ။ မြန်မာနိုင်ငံရဲ့ EITI အစီရင်ခံစာကို လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကိုယ်တိုင်ပါဝင်တဲ့ နိုင်ငံ တကာ EITI ဘုတ်အဖွဲ့က ဆန်းစစ်မှာ ဖြစ်ပေမယ့်လည်း ဒီလို ကိန်းဂဏန်းကွာခြား မှုတွေက မြန်မာနိုင်ငံအနေနဲ့ EITIအဖွဲ့ဝင်နိုင်ငံဖြစ်ရေး အဟန့်အတား မဖြစ်နိုင်ဘူး လို့လည်း ဒေါက်တာဇော်ဦးက ဆိုပါတယ်။

“ပမာဏတွေဆိုတာ ကွဲပြားတာက နည်းပညာပိုင်းအရပေါ့နော်၊ ကျနော်တို့ နားလည်နိုင်ပါတယ်။ ကျနော်တို့စတဲ့ကိစ္စက နိုင်ငံတကာစံ အရ ရော၊ တိုက်ဆိုင် စစ်ဆေးမှုဆိုတဲ့စံအရကော၊ ပြီးရင် ဒီအထဲကနေ တရားဝင်လမ်းကြောင်းမှာရှိနေတဲ့ ဝင်ငွေ ထွက်ငွေတွေကို စာရင်းဇယား ရှိတယ်ဆိုတဲ့စံအရရော လုပ်လိုက်တဲ့အခါမှာ ကျနော်တို့လုပ်နိုင်တဲ့ ပမာဏဟာ အခုနကပြောတဲ့ ဒေါ်လာ သန်း (၆၀၀)၊ (၇၀၀) နီးပါးပဲ ရှိနေတယ်။ အဲဒီတော့ သူတို့ပြောတဲ့ပမာဏနဲ့ဆိုရင် အများကြီး ကွာနေတယ် လို့ ပြောပါတယ်။ သူတို့ပြောတာကတော့ ဒါဟာ စီးပွားရေးကဏ္ဍကြီး တခုလုံးရဲ့တန် ဖိုးကို ပြောတာ။ ကျနော်တို့ကတော့ အခုလောလောဆယ်မှာ Report ထဲမှာပါတဲ့ ပမာဏကိုပြောတာ။ အဲလောက်ပမာဏကိုသွားဖို့ဆိုရင် ကျနော်တို့ ကြိုးစားရမယ်။ ကြိုးစားရမယ့်လမ်းကြောင်းကလည်း EITI လုပ်ငန်းစဉ်မှာ ပါထားပြီးသား။ အဲဒီတော့ ဒီအစီရင်ခံစာ၊ ဒီလမ်းကြောင်းကို ဖောက်တဲ့နေရာမှာ အရေးကြီးတဲ့ အစီရင်ခံစာဖြစ် တဲ့အတွက်ကြောင့်မို့လို့ Global Witness ကလည်း ကျနော်တို့ကို ဒီရှုဒေါင့်ကနေပဲ သုံးသပ်ပြီးတော့ အတည်ပြုပေးမယ်လို့ ကျနော် ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံကို ၂၀၁၄ ဇူလိုင်က ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် နိုင်ငံတကာ EITI အဖွဲ့အစည်းအဝေးမှာ ၄၅ နိုင်ငံ မြောက် EITI အဖွဲ့ဝင် လောင်းနိုင်ငံအဖြစ် လက်ခံ ခဲ့တာဖြစ်ပြီး ပထမအကြိမ် မြန်မာနိုင်ငံရဲ့ EITI အစီရင်ခံစာ ကို ၂၀၁၆ ဇန်နဝါရီ ၂ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG