သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EITI အစီရင်ခံစာ အစိုးရ ပါဝင်မှုအပေါ် CSO တွေ အားမရ


EITI အစီရင်ခံစာ ထုတ်ပြန်
EITI အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ သယံဇာတ ထုတ်လုပ်ရေးပိုင်း ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ EITI အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ပေမယ့် အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဖက်က ပူးပေါင်းဆောင်ရွက်မှုအားနည်းတာကြောင့် ပထမဆုံးအစီရင်ခံစာမှာ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မရခဲ့ဘူးလို့ အစီရင်ခံစာရေးသားမှုမှာ ပါဝင်သူတွေက ပြောပါတယ်။ ဒါပေမယ့် လာမယ့် ဒီမိုကရက်တစ် အစိုးရသစ်လက်ထက်မှာ ပူးပေါင်းဆောင်ရွက်မှုပိုရလာမယ်လို့မျှော်လင့်ထားပြီး၊ ဒီအတွက် လာမယ့် အစီရင်ခံစာမှာ သတ္တုကဏ္ဍအပြင် သစ်တော သားငါး ရေအားလျှပ်စစ် စတဲ့အပိုင်းတွေကိုလည်း ထည့်သွင်းသွားမယ်လို့ MATA လို့ခေါ်တဲ့ မြန်မာနိုင်ငံ ပွင့်လင်း မြင်သာမှုတာဝန်ယူမှုနဲ့ တာဝန်ခံမှု အရပ်ဘက်လူ့မှုအဖွဲပအစည်းက ပြောပါတယ်။ လာမယ့် EITI အစီရင်ခံစာ ပြင်ဆင်မှုနဲ့ပတ်သက်လို့ MATA သတင်းစာရှင်းလင်းပွဲကို သွားရောက်သတင်းယူခဲ့တဲ့ မမေခက သတင်းပေးပို့ထားပါတယ်။

သဘာ၀ သယံဇာတများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအတွက် EITI အစီရင်ခံစာကို မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့လတုန်းက ပထမဆုံးအကြိမ်ထုတ်ပြန်နိုင်ခဲ့ပေမယ့်၊ အဲဒီ အစီရင်ခံစာပြုစုရာမှာ အစိုးရပိုင်းနဲ့ ပုဂ္ဂလိကလုပ်ငန်းပိုင်းတွေဖက်ကနေ အထူးသဖြင့် အခွန်ဘဏ္ဍာငွေကြေးဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝမရှိခဲ့ဘူးလို့ EITI အစီရင်ခံစာရေးသားရာမှာပါဝင်တဲ့ MATA အဖွဲ့က ဝေဖန်ပြောဆိုလိုက်တာပါ။ ဒါ့အပြင် အစီရင်ခံစာပြုစုရာမှာ အစိုးရဖက်က လွှမ်းမိုးမှုတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လာမယ့် အစိုးရသစ်လက်ထက်မှာတော့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပွင့်လင်းမြင်သာမှု ပိုရှိလာမယ်လို့ မျှော်လင့် ထားတဲ့အကြောင်း MATA အဖွဲ့က မမိုးမိုးထွန်းက ပြောပါတယ်။

“ဒုတိယအကြိမ်မှာဆိုရင်တော့ ကျမတို့ဖော်ထုတ်ဖို့မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အပွင့်လင်းဆုံးပြောရင် ကျမတို့ တင်လိုက်တဲ့ အစိုးရသစ်နဲ့ဆိုရင်တော့ ကျမတို့ ဖြစ်နိုင်တယ်လို့ ကျမတို့ ယူဆတယ်ပေါ့နော်။”

မြန်မာနိုင်ငံအနေနဲ့ EITI အစီရင်ခံစာကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်နိုင်ခဲ့တယ်ဆိုပေမယ့် နိုင်ငံတကာစံနှုန်းအတိုင်းလိုက်နာပါ့မယ်လို့ ဂတိပေးထားတာကို အစိုးရဖက်က ပျက်ကွက်ခဲ့တဲ့အပြင်၊ သယံဇာတ ထွက်ရာဒေသရှိဒေသခံများအတွက် ရရှိရမယ့် အခွင့်အရေးတွေ ဆုံးရှုံးမှုအပေါ် တောင်းဆိုပေးကြတဲ့ အရပ်ဘက်လူမှုအဖွဲ့ဝင်တွေကို ဖမ်းဆီးအ ရေးယူမှုပြုလုပ်ခဲ့ကြကြောင်း၊ MATA အဖွဲ့က ကိုလင်းလင်းက ပြောပါတယ်။

“လုပ်ငန်းရှင်တွေဟာ မိမိတို့ရဲ့အကျိုးစီးပွားကိုသာ ဦးတည်ပြီးတော့ တည်ဆဲဥပဒေတွေကိုလည်း ဖောက်ဖျက်ခဲ့တဲ့လုပ်ရပ်တွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။ အစိုးရရော၊ ကုမ္ပဏီဘက်ကပါ၊လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ဒေသခံများရဲ့ လယ်ယာမြေများကို သိမ်းဆည်း တဲ့ဟာတွေလည်းပါဝင်ပါတယ်။ နောက် လိုင်စင်မဲ့တူးဖော်ခြင်းတွေ ကျော်လွန်ပြီးတော့ တူးဖော်နေတဲ့ကိစ္စတွေ၊ သက်တမ်းလွန်တူးဖော်ခြင်း အရာတွေကို ပြုလုပ်လျှက်ရှိနေတယ်ဆိုတာကိုလည်း ကျနော်တို့ သိနေတာလေးတွေရှိပါတယ်။”

ထုတ်ပြန်ပြီတဲ့ အစီရင်ခံစာမှာတော့ အငြင်းပွား စရာဖြစ်နေတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ သတ္တု ကဏ္ဍသုံးမျိုးရဲ့ ဘဏ္ဍာရေး ကိစ္စတွေကိုပဲ ထည့်သွင်းဖော်ပြခဲ့ပါ တယ်။ လာမယ့်နှစ်မှာတော့ သတ္ထုကဏ္ဍအပြင် သစ်တော၊ သားငါးကဏ္ဍ၊ ရေအားလျှပ်စစ် ကဏ္ဍ စတဲ့အပိုင်းတွေကို ထပ်မံဖြည့်တင်းကာ ထုတ်ပြန်သွားမယ်လို့ (MATA) က ကိုရဲမင်းဦးကပြောပါတယ်။ မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဒီအစီရင်ခံစာမှာ ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်ကို အခြေခံပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းရဲ့ အခွန်ဘဏ္ဍာငွေ ၁၀၀ % ကို ကိုယ်စားပြုတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ (၁၃) ခု၊ ကျောက်မျက်၊ ရတနာပြပွဲရဲ့ အခွန်ဘဏ္ဍာငွေ ၆၇ %ကို ကိုယ်စားပြုတဲ့ ကျောက်မျက်ရတနာ ကုမ္ပဏီ (၃၀) ခုနဲ့ သတ္တုကဏ္ဍ ရဲ့ အခွန် ဘဏ္ဍာငွေ ၅၀ % ကို ကိုယ်စားပြုတဲ့ ကုမ္ပဏီ (၁၁) ခုတို့က ကောက်ခံရရှိတဲ့အခွန်အခ အချက်အလက်တွေကို ထုတ်ဖော်ခဲ့ပေမယ့် မကြာသေးခင်က လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ ကိန်း ဂဏန်းတွေ နဲ့ ကွဲလွဲမှုရှိနေပါတယ်။

ထုတ်ပြန်ခဲ့တာမှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလို ကုမ္ပဏီတွေရဲ့ငွေစာရင်းတွေမှာ ထုတ်ပြန်ဖို့ခက်ခဲမှုတွေရှိခဲ့ကြောင်း၊ ဒါ့အပြင် မြန်မာရေနံ့နဲ့ သဘာဝဓါတ်ငွေံလုပ်ငန်း (MOGE) ဝင်ငွေရရှိမှုကို စစ်ဆေးဖော်ပြရာမှာလည်း အားနည်းမှုတွေရှိကြောင်း (MATA) က ကိုရဲမင်းဦးကပြောပါတယ်။

“ဦးပိုင်ရဲ့အခန်းကဏ္ဍသည် နိုင်ငံပိုင်ကုမ္ပဏီလိုလို၊ ပုဂ္ဂလိကပိုင် လုပ်ငန်းစုကြီးလိုလို မတင်မကျပုံစံမျိုးနဲ့ အလုပ်လုပ်ပါတယ်။ နိုင်ငံတော်ရဲ့ ကုမ္ပဏီများကနေ ရသင့်ရထိုက်တဲ့ အခွင့်အရေးပိုင်း ဆိုင်ရာတွေမှာကတော့ နိုင်ငံပိုင် ကုမ္ပဏီကြီးများထက် ပိုပြီးတော့ အခွင့်အရေးတွေယူပြီးတော့ လုပ်တာတွေလည်း အများကြီးရှိပါတယ်။ ဦးပိုင်လို ကုမ္ပဏီကြီးရဲ့ စာရင်းစစ်တဲ့ ကဏ္ဍကအစ တပ်မတော် စာရင်းစစ်ရုံးကနေ စစ်ဆေးတာတို့ ကျနော်တို့နိုင်ငံမှာရှိတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးတွေလို ပုံစံမျိုးဘဲဖြစ်ပါတယ်။ သို့ပေမယ့် အခွင့်အရေးနဲ့ နိုင်ငံတော်ကို ပြန်ထည့်ဝေမှုကျတော့ အခြားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းစုကြီးတွေလို ဖြစ်မနေတာလိုလည်း တွေ့ရပါတယ်။”

မြန်မာနိုင်ငံကို ၂၀၁၄ ဇူလိုင်က ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် နိုင်ငံတကာ EITI အဖွဲ့အစည်းအဝေးမှာ ၄၅ နိုင်ငံ မြောက် EITI အဖွဲ့ဝင် လောင်းနိုင်ငံအဖြစ် လက်ခံ ခဲ့တာဖြစ်ပြီး၊ ပထမအကြိမ် မြန်မာနိုင်ငံရဲ့ EITI အစီရင်ခံစာကိုတော့ ပြီးခဲ့တဲ့ နှစ်ကုန် ဒီဇင်ဘာလတွင်းမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG