သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EITI မြန်မာ ဝင်ခွင့် ရသင့် မရသင့်


EITI (Extractive Industries transparency Initiative) လို့ခေါ်တဲ့ သဘာဝ သယံဇာတများ ပွင့်လင်း မြင်သာမှု ဖေါ်ဆောင်ရေးအဖွဲ့။
EITI (Extractive Industries transparency Initiative) လို့ခေါ်တဲ့ သဘာဝ သယံဇာတများ ပွင့်လင်း မြင်သာမှု ဖေါ်ဆောင်ရေးအဖွဲ့။

EITI (Extractive Industries transparency Initiative) လို့ခေါ်တဲ့ သဘာဝ သယံဇာတများ ပွင့်လင်း မြင်သာမှု ဖေါ်ဆောင်ရေးအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက် ထားတဲ့ မြန်မာနိုင်ငံရဲ့ သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေဟာ ပြည်သူတွေ အကျိုး မရှိတဲ့အတွက် အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သင့်မသင့် EITI ဘုတ်အဖွဲ့က သေသေ ချာချာ စဉ်းစား သုံးသပ်ဖို့ လိုတယ်လို့ လက်ရှိ လက်ပန်တောင်း ပဋိပက္ခကို အခြေခံပြီး အရပ်ဖက် အဖွဲ့တွေ စုပေါင်းထားတဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု မဟာမိတ်အဖွဲ့က ကြေညာချက် ထုတ်ပြန် ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးမာ သတင်းပေးပို့ထားပါတယ်။

မကြာသေးခင်ကမှ သဘာဝ တွင်းထွက် သယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ (EITI)ရဲ့အဖွဲ့ဝင် လျှောက် ထားတဲ့ မြန်မာနိုင်ငံ အနေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို အကန့်အသတ်တွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ EITI ဘုတ်အဖွဲ့ကို ပြီးခဲ့တဲ့လတွေတုန်းကလည်း တင်ပြထားပြီး ဖြစ်သလို အခုလည်း လက်ပန်းတောင်းအရေးနဲ့ ပတ်သက်လို့ တင်ပြဖို့ရှိကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မဟာမိတ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမျိုးသူက ဆိုပါတယ်။

" EITI ချမှတ်ထားတဲ့ စံနှုန်းစံထား ထဲမှာ Resource Governance ပေါ့နော်။ သယံဇာတတွေကို ကောင်းမွန်စွာ စီမံအုပ်ချုပ်ခြင်း ဆိုတာပါတယ်။ ကောင်းမွန်စွာ စီမံအုပ်ချုပ်ခြင်းဆိုတာမှာ နှစ်ပိုင်းပါတယ်။ တပိုင်းက ပွင့်လင်းမြင်သာအောင် လုပ်ခြင်း၊ Transparency ရှိအောင်လုပ်ခြင်းနဲ့ တပိုင်းကတော့ တာဝန်ယူ၊ တာဝန်ခံမှု တာဝန်ယူ တာဝန်ခံဆောင်ရွက်ခြင်းပေါ့။ အဲ့တော့ ကျနော်တို့ Report တင်တယ်ဆိုတဲ့ အစီရင်ခံစာ တင်တဲ့ အချက်က Transparency လုပ်လိုက်ရုံနဲ့ ပြီးမသွားဘူး။ ပွင့်လင်းမြင်သာရုံနဲ့ တာဝန်ယူ တာဝန်ခံမှု အလိုအလျောက် မဖြစ်လာဘူး။ ဒီနှစ်ခုတွဲသွားမှ သာလျှင် ကျနော်တို့ အဓိပ္ပါယ်ရှိမှာပေါ့နော်။ ဒါ နိုင်ငံတကာ Level မှာရော မြန်မာနိုင်ငံမှာရော အဓိက အငြင်းပွားနေတဲ့ အချက်ပါ။ သို့သော်လည်းပဲ ပြည်သူတွေအနေနဲ့က ရိုးရိုးလေးပဲ EITI လုပ်တယ်ဆိုရင် သယံဇာတက ပြည်သူ့အတွက်ပဲ ဖြစ်ရမယ်။ မဖြစ်ဘူးဆိုရင် ဒါက လွဲမှားနေတယ်ပေါ့ဗျာ။"

EITI ရဲ့လုပ်ငန်းစဉ်ဟာ ဟန်ပြလုပ်ငန်း မဟုတ်တဲ့ အကြောင်း ပြည်သူကို စိတ်ဖိစီး ဆင်းရဲမှု မဖြစ်အောင် စီမံအုပ်ချုပ်မှုဖြစ်ထွန်းလာအောင် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမူ တာဝန်ခံမှုတွေ ကို နိုင်ငံတကာ စံချိန်စံညွန်းနဲ့ အညီ လုပ်ဆောင်သွားဖို့ ဖြစ်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြည်သူတွေရဲ့ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးရခြင်း၊ လူမှု စီးပွားရေး အခြေအနေတွေ ပျက်ယွင်းခြင်း အကြိမ်ကြိမ် အင်အားသုံးဖြေရှင်းခြင်းတွေ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိတာတွေ ဖမ်းဆီး ထောင်ချခံရတာတွေ နောက်ဆုံး သွေးစွန်းရတဲ့ အထိဖြစ်ရပ်တွေ စတဲ့ လွဲမှားတဲ့ သယံဇာတ စီမံချုပ်အုပ်မူနဲ့ သယံဇာတ တူးဖော် ထုတ်လုပ်ရေး ကဏ္ဍဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမူများနဲ့ ပတ်သက်လို့ လူအခွင့်ရေး ချိုးဖောက်မူတွေ ကို မီးမောင်းထိုးပြနေတယ်လို့ ဖော်ပြထားပါတယ်။

EITI အဖွဲ့ဝင် အဖြစ်လျောက်ထားတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံသားတိုင်း သယံဇာတ တူးဖော်ရေးနဲ့ ပတ်သက်လို့ လွတ်လပ်စွာပြောဆိုခွင့် အနှောက်ယှက် မပြုပါ ဆိုတာကို လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ EITI စံနှုန်းတွေ ကို လေးစားသောအားဖြင့် မြေသိမ်းမူတွေကို ဆောင်ရွက်ဖို့ မသင့်ဘူးလို့လည်း ဆိုထားပါတယ် ။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ပဋိပက္ခကို အခြေခံပြီး အစိုးရအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု လိုအပ်နေသေးကြောင်းကို ဦးဝင်းမျိုးသူ က ထောက်ပြပါတယ်။

" ပြည်သူတွေကပဲ အကုန်လွဲမှားနေတယ်ပေါ့ဗျာ။ ဒါကြောင့်မို့လို့ မလွဲရှောင်သာလို့ ပစ်ရတယ်ဆိုတဲ့ သဘောဖြစ်နေတယ် ဆိုတဲ့ သဘောဖြစ်နေတယ်ဆိုတော့ လွန်ခဲ့တဲ့ နှစ် ငါးဆယ်၊ ခြောက်ဆယ်တုန်းက ပြောနေတဲ့ စစ်တပ်အစိုးရ ရဲ့ ပြောနေတဲ့ ပုံစံအတိုင်းဖြစ်နေတယ်။ အဲ့တော့ စုံစမ်းစစ်ဆေးရေး တခုလုပ်နေတဲ့အချိန်မှာ တဖက်ကို ပြစ်တင်ပြောနေတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူးလို့ ကျနော်တို့ထင်တယ်လေ။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုတွေက လိုနေသေးတယ်။ Policy Makers တွေကတော့ ရွှမ်းရွှမ်းဝေအောင် နိုင်ငံတကာမှာ သူတို့က မျက်နှာ ရအောင် ပြောနေပေမဲ့ ကျနော်တို့ ဦးပိုင်လို အဖွဲ့အစည်းမျိုးတွေ သို့မဟုတ် အစဉ်အဆက် အာဏာကို ချုပ်ကိုင်ခဲ့တဲ့ လူတွေ ခရိုနီတွေရဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်ရင် နိုင်ငံတော်က ကိုင်တွယ်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူး။ လိုအပ်ချက်တွေရှိတယ်။ အဲ့အခါမှာ ပြည်သူတွေက သူတို့ရဲ့ဆန္ဒတွေ တင်ပြတယ်။ သူတို့ရဲ့ခံစားချက်တွေ တင်ပြတဲ့အခါမှာ အမြဲတမ်း ထိပ်တိုက်တွေ့တာတွေ တွေ့တယ်။ တွေ့တိုင်းလည်း အစိုးရ အနေနဲ့ လုံလောက်တဲ့ ကြိုးစားမှု ကိုင်တွယ်ဖြေရှင်းတာ မရှိဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ပဲ ပြီးသွားတယ်။ ဒါဆိုရင်တော့ ကျနော်တို့ EITI လျှောက်ထားတဲ့ သဘောက အပေါ်ယံ သဘောမျိုးပဲ ဖြစ်နေပြီးတော့ အနှစ်သာရအားဖြင့် သယံဇာတ ကြိမ်စာတွေ ပျောက်အောင် လုပ်မယ့် လုပ်ငန်းစဉ်ကို မဖော်နိုင်ဘူးလို့ ကျနော်တို့က အဲ့လိုပဲ ကောက်ချက်ချပါတယ်ခင်ဗျ။ "

ပြီးခဲ့တဲ့ ဇူလိုင်လကမှ မက္ကဆီကို နိုင်ငံ မှာ ကျင်းပခဲ့တဲ့ EITI သဘာဝတွင်းထွက် သယံဇာတများ ပွင့်လင်းမြင်သာမှုအဖွဲ့ ညီလာခံမှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်လောင်းအဖြစ် လက်ခံ အတည်ပြုလိုက်ခဲ့တာပါ။ ဒီညီလာခံကို မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၄၄ နိုင်ငံပါဝင်တဲ့ အဲ့ဒီ့အဖွဲ့ကြီးမှာ ပူးပေါင်းဖို့အတွက် လက်မှတ်ရေးထိုးခဲ့ရာမှာ နိုင်ငံအတွင်း ရေနံ၊ သဘာ၀ ဓာတ်ငွေ့နဲ့ တခြား တွင်းထွက် သယံဇာတပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ EITI ရဲ့ စံနှုန်းတွေနဲ့ အညီ ဖော်ထုတ်ကြေညာ အသိပေးဖို့ ပွင့်လင်းမြင်သာမှု အပြည့်အဝရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

XS
SM
MD
LG