သုံးရလွယ်ကူစေသည့် Link များ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲ လုပ်ငန်းစဉ်တွေမှာ အားနည်းမှုတွေ ရှိပေမယ့်လို့ ကြိုတင်မဲစာရင်းဟာ မဲပေးနိုင်သူ သုံးသန်းကျော်ထဲမှာ တစ်သိန်းကျော်သာ ရှိတာကြောင့် ရလဒ်ကို တစ်စုံတစ်ရာ ပြောင်းလဲနိုင်မှု မရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ က ပြောဆို လိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် နဲ့ နိုင်ငံရေး ပါတီ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ နဲ့ ဆွေးနွေးပြီး တစ်နိုင်ငံလုံးအဆင့် ရွေးကောက်ပွဲဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို ရန်ကုန်မြို့မှာ ၂ ရပ်တာ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ကိုထက်အောင်က တင်ပြပေးမှာပါ။

ရွေးကောက်ပွဲဆိုင်ရာ ပြန်သုံးသပ်ခြင်း တစ်နိုင်ငံလုံးအဆင့် အစည်းအဝေးကို ရန်ကုန်မြို့မှာ ဖေဖ၀ါရီလ ၂၉ ရက်နေ့နဲ့ မတ်လ ၁ ရက်နေ့တို့မှာ ၂ ရက်တာ ကျင်းပခဲ့ပါတယ်။ဒီပွဲမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တွေ့ရှိခဲ့ကြတဲ့ အားနည်းချက် အားသာချက်တွေကို ပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြပြီးတော့ အဓိကအားဖြင့် မဲစာရင်း ပြုစုရေးမှာ နည်းပညာပိုင်း အားနည်းမှုတွေ ရှိခဲ့သလို ရွေးပြောင်း အလုပ်သမားတွေရဲ့မဲပေးခွင့် ဆုံးရှုံးမှုအခြေအနေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် တပ်မတော်သားတွေရဲ့ မဲစာရင်းတွေကို ပွင့်လင်းမြင်သာစွာ ချပြခဲ့ခြင်း မရှိခဲ့သလို ပြည်တွင်း ပြည်ပ ကြိုတင်မဲပေးမှုတွေရဲ့ အားနည်းမှု တို့ကိုလည်း ထောက်ပြဆွေးနွေး ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ ကြိုတင်မဲလုပ်ငန်းစဉ်တွေမှာ အားနည်းမှုတွေ ရှိပေမယ့်လို့ ကြိုတင်မဲပေးနိုင်သူ ဦးရေဟာ တစ်သိန်းခွဲကျော်သာ ရှိတာကြောင့်ရွေးကောက်ပွဲ ရလဒ်ကို တစ်စုံတစ်ရာ ပြောင်းလဲခဲ့ခြင်းမရှိဘူးလို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

“ရွေးကောက်ပွဲမှာ မဲပေးသူ ၃၄ သန်းပါ။ ကြိုတင်မဲက ၁ သိန်းကျော်ကျော် ပဲရှိပါတယ်။ ဒီဟာကြီးက negligible data ပါ။ ကျနော်ပြောပြပါတယ်။ သူတို့လည်းအဖွဲ့တွေကို ပြောပြပါတယ်။ တပ်မတော်သား ကြိုတင်မဲတွေကိုကြည့်ပါ။ အဲဒီမြို့နယ်မှာရှိတဲ့ မဲပေးသူရဲ့ တပ်မတော်သားကြိုတင်မဲပေးတာ ကျနော် data သူတို့ကိုပြပါတယ်။ ၃ ရာခိုင်နှုန်း တောင်မရှိပါဘူး။ ၃ ရာခိုင်နှုန်းမရှိတဲ့ အတွက်ကြောင့် ဒါကတော့ negligible နော် မဲအနှိုင်အရှုံးကို ဆုံးဖြတ်နိုင်တဲ့မဲမဟုတ်ပါဘူး။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဟာ မဲဆန္ဒနယ်တွင်းက ကြိုတင်တွေကို လေ့လာနိုင်ပေမယ့်လို့ မဲဆန္ဒပြင်ပရောက် ကြိုတင်မဲတွေကိုတော့ မလေ့လာနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပြည်ပ ကြိုတင်မဲပေးမှုမှာလည်း နည်းစနစ်ကျကျ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသလို စစ်တပ်တွင်းက ကြိုတင်မဲပေးမှု မှာလည်း လေ့လာခွင့်မရတဲ့အပေါ် ပြည်တွင်း ပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ထောက်ပြပြောဆိုကြပါတယ်။ ဒါကြောင့် နောက်လာမယ့် ရွေးကောက်ပွဲတွေကျရင် ကြိုတင်မဲပေးမှု လုပ်ငန်း စဉ်တွေ ကို ပွင့်လင်းမြင်သာမှု ရှိရှိ ဆောင်ရွက် သင့်တယ်လို့ ရွေးကောက် ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Pace က ဒါရိုက်တာ ကို စိုင်းရဲကျော်စွာမြင့် က ပြောပါတယ်။

“ဒီကြိုတင်မဲနဲ့ ပတ်သက်လို့ လျို့ဝှက်မဲဆန္ဒပေးခြင်းပေါ့။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ အားနည်းတာတွေ့ရတယ်။ အဲဒါတချက်ပါ့လေ ဆိုတော့ ဒီမဲဆန္ဒနယ် ပြင်ပ ကြိုတင်မဲပေးတဲ့ ကိစ္စကတော့ ကျနော်တို့ လေ့လာစောင့် ကြည့်ခွင့်မရဘူး။ အဲဒါကလည်း ကျနော်တို့ ဌာနဆိုင်ရာတွေအလိုက် သူ့ဟာသူ ကျင်းပကြတာကို ဆိုတော့ ဒီ လာမယ့်ရွေးကောက်ပွဲတွေအတွက်ကို ကြိုတင်မဲနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဥပဒေမှုဘောင်တွေက အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ၆ ကြိမ်မြောက်ရွေးကောက်ပွဲ သာဖြစ်တာကြောင့် အတွေ့အကြုံနည်းပါးပြီး ဥပဒေ နည်းဥပဒေပိုင်းဆိုင်ရာတွေ မှာလည်း သိရှိမှု အားနည်းတယ်လို့ဦးတင်အေးက ပြောပါတယ်။ ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသတွေအပါအ၀င် သာမန်ပြည်သူတွေထံကို ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ အားနည်းမှုတွေ ရှိခဲ့ပေမယ့်လို့ ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာစွာ ကျင်းပနိုင် ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းအောင်မြင့်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ကျနော့်အနေနဲ့ပြောရရင်တော့ ကျနော်တို့က အခြေခံပြည်သူတွေရဲ့ ရွေးကောက်ပွဲသိရှိမှုက အားနည်းတယ်လို့ မြင်တယ်ဗျ။ ပြီးတော့ အားသာချက်က ဘာရှိသလဲဆိုတော့ ပြည်သူတွေကို ဒီတခေါက်မှာ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လုပ်သွားနိုင်တာကိုက တကယ့်အားရစရာကောင်းပါတယ် လို့ ကျနော်မြင်ပါတယ်။”

ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အချက်တွေကို သင်ခန်းစာ ယူပြီး နောက်လာမယ့် ရွေးကောက်ပွဲမှာ အချိန်ယူပြင်ဆင် သင့်တယ်လို့ ဒီပွဲတွေကို တတ်ရောက်လာသူတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရ တစ်ရပ်အနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ ဒီရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက် အားသာချက်တွေကို အစိုးရသစ်လက်ထက်အတွက် အစီရင်ခံစာတစ်ရပ် ရေးသားပြုစုသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG