သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အငြင်းပွားမှု ဖြေရှင်းရေး အားနည်းချက်တွေရှိ


Carter Center
Carter Center

နိုဝင်ဘာ ရွေးကောက်ပွဲ အလွန်ကာလ ရွေးကောက်ပွဲ အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းခြင်းနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ကန့်ကွက်လွှာ တင်သွင်းရာမှာ အဟန့်အတားတွေ ရှိနေတယ်လို့ မြန်မာ့ရွေး ကောက်ပွဲ စောင့်ကြည့်အကဲခတ်ခဲ့တဲ့ ကာတာစင်တာက ပြောဆိုလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အလွန် ကာလ အခြေအနေတွေအပြင် ရွေးကောက်ပွဲဆိုင်ရာ အပြင်းပွားမှု ဖြေရှင်းခြင်း လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကြေညာချက်တစောင်ကို ကာတာစင်တာက ဖေဖော်ဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ သတင်း အပြည့်အစုံ ကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလမှာ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်းနဲ့ ပတ်သက်လို့ အခက်အခဲ တချို့ရှိတာမို့ လာမယ့် အစိုးရသစ်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည် ပြင်ဆင်ဖို့ မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့တဲ့ ကာတာစင်တာက အကြံပြု ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းဖို့ ကုန်ကျစရိတ် ၅သိန်း အပြင် ရွေးကောက်ပွဲ အငြင်းပွားမှုဆိုင်ရာ ခုံရုံး ကြားနာဖို့အတွက် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကြောင့် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် အများစု ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းနိုင်ခြင်းမရှိဘူးလို့ ကာတာစင်တာရဲ့ မြန်မာပြည်ဌာနေတာဝန်ခံ Fre-derick Rawski က ပြောပါတယ်။

" နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တော်တော် များများ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းနိုင်ဖို့ အတွက် အဟန့်အတားတွေ တော့ အများကြီးရှိပါတယ်။ အဓိကကတော့ ကုန်ကျစရိတ်များလွန်းတာကြောင့်ပါ။ နောက် အဟန့်အတား တစ်ခုကတော့ ခုံရုံးကြားနားမှုကို နေပြည်တော်မှာ ပြုလုပ်တာဖြစ်တဲ့ အတွက် ဝေလံတဲ့ဒေသမှာ နေထိုင်တဲ့သူတွေ အတွက် အခက်အခဲရှိပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ကို သွားရောက်ပြီး ခုံရုံးကြားနားမှုတွေ လုပ်ဖို့ရှိနေပါတယ်။ အဲ့ဒီအတွက်လည်း ကြိုဆိုပါတယ်။ အဲ့ဒါထက် လာ မယ့် အစိုးရသစ် အနေနဲ့ နောက်လာမယ့် ရွေးကောက်ပွဲတွေနဲ့ ကြားဖြတ်ရွေး ကောက်ပွဲတွေမှာ သိသာ ထင် ရှားတဲ့ သက်ရောက် မှုမျိုးရှိလာနိုင်တာမို့ ရွေးကောက်နဲ့ ပတ်သက်တဲ့ ဥပဒေကြောင်းနဲ့ လုပ်ငန်းစဉ်တချို့ကို အမြန်ဆုံး ပြုပြင် လုပ် ဆောင်ဖို့ အကြံပြုလိုပါတယ်။ "

ကာတာစင်တာအနေနဲ့ ရွေးကောက်ပွဲအလွန်ကာလ အခြေအနေတွေကို စောင့်ကြည့်လေ့လာရာမှာ မဲရလဒ်ပုံစံ တွေကို ထုတ်ပြန်တာနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေရှိသလို မဲရလဒ်ထုတ်ပြန်တဲ့ အချို့နေရာတွေကို စောင့် ကြည့်လေ့လာရေးအဖွဲ့တွေအနေနဲ့ လွတ်လွတ်လပ်လပ် လေ့လာခွင့်မရဘူးလို့ ကာတာစင်တာက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ အငြင်းပွားမှု ဖြေရှင်းရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ အမှုတွဲတွေကို နှောင့် နှေး ကြန့်ကြာမှုမရှိစေဘဲ အမြန်ဖြေရှင်းဖို့လိုတယ်လို့ Mr. Rawski က အခုလိုပြောပါတယ်။

" ဒီလုပ်ငန်းစဉ်က မပြီးဆုံးသေးပါဘူး။ မကြာမီမှာ ကော်မရှင်အနေနဲ့လည်း ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို အပြီးသတ်ဖြေရှင်းနိုင်ရင်တော့ ကောင်းပါတယ်။ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းခြင်း လုပ်ငန်းစဉ်မှာ လွှတ်တော်သစ် မစတင်ခင်ကာလမှာ ရွေးကောက်ပွဲအလွန် အငြင်းပွားမှုဆိုင်ရာ ကန့်ကွက်လွှာ တွေကို အပြီးသတ်ကြားနာစရာလည်းမလိုပါဘူး။ ဒါကြောင့် လွှတ်တော်သစ် စတင်ပြီးသွားတာတောင်မှ အငြင်းပွား မှုတွေကို ကြားနားစစ်ဆေးနေရဆဲ အခြေအနေဖြစ်နေမှာပါ။ ကော်မရှင်အနေနဲ့တော့ ရွေးကောက် ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို အကောင်းဆုံးဖြေရှင်းသွားမယ်လို့ အခိုင်အမာပြောထားပေမယ့် ဒီလုပ်ငန်းစဉ်က မပြီးဆုံးသေးပါဘူး။ "

နိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းတဲ့ ကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိပြီး အခုချိန်ထိ ကော်မရှင်အနေနဲ့ ကန့်ကွက်လွှာ ၂မှုပဲ အပြီးသတ် ဆုံးဖြတ်ချက်ချရသေးတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို ခုံရုံးဖွဲ့ကြားနာရာမှာ နေပြည်တော်ကို အကြိမ်ကြိမ် သွားရောက်ပြီး ကြားနာ ရတာမို့ အခက်အခဲရှိသလို ခုံရုံးဖွဲ့ကြားနာမှုတွေ ကြန့်ကြာတာနဲ့ ပတ်သက်လို့တော့ ပြဿနာမရှိဘူးလို့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကော်မရှင်ကို ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားတဲ့ NLD ပါတီက ဦးခိုင်ညီ ညီကျော်က ပြောပါတယ်။

“ကျနော်တို့က ဒီကန့်ကွက်လွှာတင်သွင်းတာဟုတ်တယ်။ အဲဒီ ကုန်ကျစရိတ်က များတာထက်ကို အဓိကတော့ ကျနော်တို့က နေပြည်တော်မှာ စစ်လိုက်တာက ပိုဆိုးတာပေါ့နော်။ နေပြည်တော် UEC မှာ စစ်လိုက်တာက ကျနော်တို့ဆို ပြည်နယ်ဆိုရင် ပြည်နယ်လွှတ်တော် အနေနဲ့ရှမ်းပြည်နယ် ကနေသွားရတယ်။ ရုံးချိန်းဆို တခေါက်လည်းမဟုတ်ဘူး။ ၄၊၅၊၆ ခေါက်လောက် နောက်တဦးတယောက်ထဲလည်းမဟုတ်ဘူး ။ အမူကို လိုက်သက်သေထွက်ပေးမယ့် ပုဂ္ဂိုလ်တွေရောဆိုတော့ ကျနော်တို့မှာ အဓိကတော့ အဲဒီ အခက်အခဲရှိတာပေါ့။ ကိုယ့်ပြည်နယ်မှာပဲ စစ်တယ်ဆိုရင် ဒါတွေက နည်းနည်းသက်သာတာပေါ့ လောလောဆယ်ကတော့လေ။ ငွေရေးကြေးရေး ရူ့ထောင့်ကနေကြည့်မယ်ဆိုရင်တော့။”

အမေရိကန်ပြည်ထောင်စု အခြေစိုက် ကာတာစင်တာဟာ ၁၉၈၉ ခုနှစ်ကစပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံက ရွေး ကောက်ပွဲ ၁၀၀ ကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့ဖြစ်ပြီး မကြာသေးခင်က မြန်မာ့ရွေးကောက်ပွဲ အကြိုနဲ့ ရွေး ကောက်ပွဲ အလွန်ကာလတွေကိုလည်း စောင့်ကြည့်လေ့လာခဲ့သလို နိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ် သက်တဲ့ ပဏာမ အစီရင်ခံစာကိုတော့ ၂၀၁၅ နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG