အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မှာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ကြိုဆိုလိုက်ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ နေပြည်တော်မှာ ပြည်တွင်း သတင်းထောက်တွေကို ခေါ်ယူပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ်မယ့်ရက်ကို အတိအကျ မပြောသေးပေမဲ့ လုပ်တဲ့အခါ ၃ လ ကြိုတင် အသိပေးမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က အစီရင်ခံထားပါတယ်။
ဒီနေ့ သောကြာနေ့မှာ ပြည်တွင်းသတင်းထောက်တွေကို နေပြည်တော်ကိုဖိတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က အဓိကပြောတာကတော့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေဘက်က ကြိုတင်ပြင်ဆင်ထားဖို့ မီဒီယာတွေကတဆင့် ပြောတဲ့သဘော ဖြစ်ပါတယ်။ လစ်လပ်မဲ ဆန္ဒနယ်တွေ ဘယ်နှစ်နေရာရှိတယ်၊ ရွေးကောက်ပွဲဝင်နိုင်မယ့် ပါတီတွေ ဘယ်နှစ်ပါတီ ရှိနေပြီ၊ NLD အပါအဝင် နောက်ထပ် မှတ်ပုံတင်ဖို့လုပ်နေတဲ့ ပါတီတွေရှိနေတယ် ဆိုတာ အသေးစိတ်ကို ရှင်းပြခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲ တက်ခဲ့တဲ့ ပြည်တွင်းသတင်းထောက်တွေက ပြန်ပြောပြကြပါတယ်။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်မယ်ဆိုတဲ့ အပေါ်မှာလည်း ကြိုဆိုပါတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောခဲ့တာကို အမည်မဖော်လိုတဲ့ သတင်းထောက်က အခုလို ပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က နိုင်ငံကောင်းအောင်လုပ်မယ့်သူလို့ လုံးဝယုံကြည်ပါတယ်ပေါ့။ ကော်မရှင်အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ်။ ကော်မရှင်အနေနဲ့ သူတို့ ဘာမှ ကန့်ကွက်စရာမရှိဘူးလို့ ပြောတယ်။ နောက် တကယ်လို့ လျှောက်ထားလာမယ်ဆိုရင်တော့ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းအရတော့ ကိုယ်စားလှယ်လောင်းတွေကို နောက်ကြောင်းလိုက်တာ လုပ်မယ်။ လုပ်ထုံးလုပ်နည်းဖြစ်တဲ့ အတွက်ကြောင့်မိုလို့ နောက်ကြောင်းလိုက်တာကတော့ သူတို့ လုပ်ရမှာပေါ့။ ဒါပေမဲ့ သူတို့ ပုဂ္ဂိုလ်ရေးအနေနဲ့ကတော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ ယုံကြည်ပြီးသား၊ ပြီးတော့ ကြိုလည်း ကြိုဆိုပါတယ်လို့ ပြောတယ်။”
၂၀၁၀ ရွေးကောက်ပွဲတုန်းက အငြင်းပွားစရာ ကြိုတင်မဲကိစ္စတွေကြောင့် အရင်က ရွေးကောက်ပွဲ ကော်မရှင်အပေါ် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ခံခဲ့ရပါတယ်။ အခု သတင်းစာ ရှင်းလင်းပွဲမှာလည်း သတင်းထောက်တွေက ဒီကိစ္စကို အဓိကမေးခဲ့ကြပါတယ်။ ဒီအပေါ်မှာ ရွေးကောက်ပွဲကော်မရှင်မှာ အားနည်းချက်တွေ ရှိခဲ့တာကိုလည်း အခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဝန်ခံသွားခဲ့ပါတယ်။
“ကော်မရှင်ကလည်း အသစ်ဖြစ်တော့ သူတို့အနေနဲ့ ကြိုတင်မဲကို ဘယ်လိုလုပ်မလဲ ဆိုတော့ သူတို့ကတော့ ပြောသွားတာက general ဖြေသွားတာပါပဲ။ သူတို့ကတော့ ဥပဒေအတိုင်း လုပ်ပါမယ်။ ပြီးခဲ့တဲ့ဟာကိုလည်း သူတို့ ပြန်ပြောတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အားနည်းချက် သုံးလေးခု ရှိတယ်တဲ့။ ဘာလဲဆိုတော့ လူထုကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာမှသိပ်မသိတာမျိုး၊ ကျယ်ကျယ်ပြန့်ပြန့်လည်း ပညာပေးတာမျိုးတွေမလုပ်တာ ပါတီတွေက အဲဒီအားနည်းချက်ရှိတယ်။ နောက်ပြီးတော့ ကော်မရှင်ကလည်း ပထမဆုံး နှစ် ၂၀ ကျော် ကြာပြီးမှ ပထမဆုံးလုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် ကော်မရှင် အနေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ပညာမပေးနိုင်တာတွေ၊ နောက်ပြီး အတွေ့အကြုံနည်းတဲ့ အတွက်ကြောင့် တချို့ဟာတွေမှာလည်း အားနည်းချက်တွေ ရှိတာကို လက်ခံပါတယ်ပေါ့။ ဒါပေမဲ့ သူတို့က ပြန်ခြုံပြီးတော့ ပြန်ပြောတာကတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာပဲပြောပြော အောင်မြင်တဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်တယ်လို့ သူတို့မှတ်ပါတယ်လို့ ဆိုပြီး နောက်လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ကျရင်တော့ သူတို့က ဥပဒေနဲ့အညီ သေချာလုပ်ပါ့မယ် လို့တော့ ကတိစကားမျိုးတော့ ပြောသွားတယ်။”
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်သူ့ သြဇာလွှမ်းမိုးမှုမှ မရှိတဲ့ လွတ်လပ်တဲ့ ကော်မရှင် ဖြစ်တယ် ဆိုတာကို ဒီသတင်းစာရှင်းလင်းပွဲမှာ ကော်မရှင် ဥက္ကဋ္ဌက ထပ်ကာ ထပ်ကာ ပြောသွားခဲ့ပါတယ်။ နောင်လုပ်မယ့်ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ လေ့လာစောင့်ကြည်သူတွေကို လက်ခံ မခံဆိုတာကိုတော့ ကော်မရှင်တစ်ခုတည်းက ဆုံးဖြတ်လို့ မရဘူးလို့ ဆိုပါတယ်။
“၂၀၁၀ ခုနှစ်ကတော့ အဲဒီလို ဖိတ်တော့မဖိတ်ခဲ့ဘူး။ ဒါပေမဲ့ သံရုံးတွေကိုတော့ သူတို့ ခွင့်ပြုခဲ့တာမျိုး ရှိတယ်ဆိုတော့ ဒီ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေ ခွင့်ပြုမပြုဆိုတာ မေးတော့ အဲဒီအချိန်ကျရင် အခြေအနေ အချိန်အခါကိုကြည့်ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ ဆိုလည်း ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ့် အခြေအနေ အချိန်အခါကို ကြည့်ပြီးတော့ ဆုံးဖြတ်မယ့်ဟာမျိုး၊ နောက်ပြီးတော့ သူတို့ချည်းပဲ ဆုံးဖြတ်လို့မရဘူးဆိုတဲ့ဟာမျိုး ပြောပါတယ်။ တိတိကျကျ အဖြေပေးမသွားဘူး။”
ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဘယ်နေ့ကျင်းပမယ်ဆိုတာကို ရက်တိတိကျကျ မပြောပေမဲ့ မှတ်ပုံတင်ခွင့်ရပြီးသား ပါတီတွေအနေနဲ့ စည်းရုံးမဲဆွယ်မှုတွေ လုပ်လို့ရနေပါပြီလို့ ပြောသွားခဲ့ပါတယ်။ အမျိုးသားလွှတ်တော်မှာ လစ်လပ်နေရာ ၆ နေရာ၊ ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀ နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်မှာ ၂ နေရာ၊ စုစုပေါင်း ၄၈ နေရာ လစ်လပ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲကျရင် နိုင်ငံရေးပါတီတွေအနေနဲ့ နေရာလပ်မကျန်အောင် ဝင်ပြီး အရွေးခံကြအောင်လည်း ကော်မရှင်က တိုက်တွန်းသွားပါတယ်။
လက်ရှိမှာ တရားဝင် မှတ်ပုံတင်ထားပြီးသားပါတီက ၄၁ ပါတီရှိပါတယ်။ NLD ပါတီကတော့ ရှေ့သီတင်းပတ်ထဲမှာ ပါတီမှတ်ပုံတင်မယ်လို့ သိရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲစရိတ် ကျပ်သန်း ၇၀၀ သုံးစွဲဖို့ရှိတယ် ဆိုတာကိုလည်း ဒီကနေ့ ပြည်တွင်းသတင်းထောက်တွေနဲ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးသွားပါတယ်။