သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီခန့်ရွေး/ကော်နဲ့ နိုင်ငံရေးပါတီတွေ PR စနစ်ဆွေးနွေးမည်


နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး။ (နိုဝင်ဘာ ၉ ၊ ၂၀၁၅)
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး။ (နိုဝင်ဘာ ၉ ၊ ၂၀၁၅)

{{{Zawgyi/Unicode}}}

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ PR စနစ်နဲ့ပတ်သက်ပြီး နိုဝင်ဘာ ၅ ရက် လာမယ့် သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ဒီဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ ပါတီတွေရဲ့သဘောထားက ဘယ်လိုရှိနေပါသလဲ။ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာ သိမ်းလိုက်တဲ့ စစ်ကောင်စီကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က လာမယ့်ရွေးကောက်ပွဲမှာ PR အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးဖို့ နိုင်ငံရေးပါတီတွေနဲ့ နိုဝင်ဘာလ ၅ ရက်၊ လာမယ့် သောကြာနေ့ကစပြီး တွေ့ဆုံဆွေးနွေးသွားဖို့ ရှိပါတယ်။

ရန်ကုန်မှာ ၃ ရက်တိုင် တွေ့ဆုံကြမယ့် အဲဒီဆွေးနွေးပွဲကို ကပ်ရောဂါအခြေအနေကြောင့် လာဖို့ ခက်ခဲနေလို့ တက်ရောက်မှာမဟုတ်ဘူးလို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောပါတယ်။

"ဖိတ်တာတော့ ဖိတ်ပါတယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေ အားလုံးကိုလည်း တပါတီကို ၂ ဦးစီ ဖိတ်ပါတယ်။ ပြီးရင် အခြားသော CSO တွေကိုလည်း ဖိတ်တယ်လို့ ကြားရပါတယ်။ ကျနော်တို့ ကျတော့ ကျန်းမာရေး ကိုဗစ်ကာလအခြေအနေနဲ့ အခက်အခဲလေးတွေရှိတာကြောင့် ကျနော်တို့က မတက်ရောက်နိုင်ဘူးဆိုတဲ့အကြောင်းလေးတော့ အကြောင်းပြန်ထားပါတယ်။"

ဒီအစည်းအဝေးအတွက် ရွေးကောက်ပွဲကော်မရှင်က တက်ရောက်ဖို့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ဖိတ်ထားတယ်ဆိုပေမယ့် ဘယ်သူတွေပါမယ်ဆိုတာကိုတော့ အတိအကျမသိသေးပါဘူး။ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဘိုဝင်းကတော့ အခုတခေါက် ဆွေးနွေးပွဲကို တက်ရောက်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"ရန်ကုန်မှာဆိုတာ့ ဒီကနေတော့ အဲဒီကို မသွားနိုင်ဘူး ဖြစ်နေတာပေါ့။ သူတို့ဆွေးနွေး ဆုံးဖြတ် တာတွေရဲ့ အသံနားထောင်ပြီးတော့မှပဲ ဒီဘက်က ဘာလုပ်သင့်လဲပေါ့။ လုပ်သင့်တယ်ဆိုတာကတော့ အဲဒီဟာနဲ့ လိုက်လျောညီထွေတဲ့ဟာ လုပ်ပေးရမှာပေါ့။"

အရင်က ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲနိုင်သူ အကုန်ယူစနစ်ကနေ PR အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲဖို့အတွက် ဆွေးနွေးမှာနဲ့ ပတ်သက်လို့ တိုင်းရင်းသားလူနည်းစုရဲ့ အခွင့်အရေးကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ပေးစေလိုတယ်လို့ ဦးရွှေမင်းက ဆက်ပြောပါတယ်။

"အခု ဒီတခေါက်တွေ့ဆုံဖို့ကတော့ သူတို့ PR ကိစ္စကို ဆွေးနွေးကြမယ်လို့ ပြောပါတယ်။ ဆွေးနွေးတာကတော့ ဒါဆွေးနွေးရမှာပေါ့။ ကျနော်တို့နိုင်ငံရဲ့အကောင်းဆုံး ဖြစ်တည်နိုင်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ရင်တော့ ဒါအကောင်းဆုံးပေါ့။ အထူးသဖြင့်ကတော့ ကျနော်တို့ တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး မကွယ်ပျောက်နိုင်ဖို့အတွက် ဒါအထူးဦးစားပေးအနေနဲ့ စဉ်းစားပေးပြီးတော့ ဆွေးနွေးဆောင်ရွက်ကြမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံအတွက်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ့်ပေါ့ဗျာ။ ဒါမှမဟုတ်ဘဲ တိုင်းရင်းသားလူနည်းစုတွေ အခွင့်အရေးတွေ မရဘူးဆိုရင် ကျနော်တို့ ဒီနိုင်ငံရဲ့ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းမှာ လူနည်းစုတွေ အသံတွေထွက်ပေါ်လာဖို့က အခက်အခဲရှိနေမယ်။"

စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၂၆ ရက်နေ့က ပယ်ဖျက်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ချက်ထဲမှာတော့ မဲမသမာမှုတွေ တွေ့ရှိခဲ့သလို လုပ်ပိုင်ခွင့် အလွဲသုံးစားပြုပြီး ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်ဆောင်ရွက်ခဲ့တာတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တာလို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းနဲ့အညီ နိုင်ငံ့တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းမယ်လို့ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


============

{{{Unicode}}}











#MyanmarElection #MyanmarUEC #MyanmarMilitaryCoup #MyanmarPoliticalParties #VOABurmese

XS
SM
MD
LG