သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲ ကျင်းပမည့် ကာလ ကော်မရှင် ကြေညာ

  • သိင်္ဂီထိုက်

မြန်မာ့ရွေးကောက်ပွဲမြင်ကွင်း။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကာလ အပိုင်းအခြား သတ်မှတ်ချက် ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့မှာ တရားဝင် ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းတွေကို ပြုစုနေပြီး ပြီးခဲ့တဲ့နှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကို အခြေခံမှာ မဟုတ်ဘူးလို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ မဲဆန္ဒရှင် စာရင်းတွေ စပြီး လုပ်ဆောင်နေပြီဖြစ်တာကြောင့် မဲဆန္ဒရှင်တွေ ကိုယ့်ရဲ့ မဲဆန္ဒပေးပိုင်ခွင့် မဆုံးရှုံးရအောင် ထုတ်ပြန်မယ့် မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်အမည် ပါမပါတို့ကို စစ်ဆေး ပြင်ဆင်ကြဖို့ကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။ မသိင်္ဂီထိုက်က ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုကို ဆက်သွယ်မေးမြန်းခဲ့တာမှာတော့ သူက အခုလို စပြီး ပြောပြပါတယ်။

"အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်း ပဲ ကျနော်တို့ ကြေညာထားတာပါခင်ဗျာ။ ကျနော်တို့ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်းကိုးဆယ်အတွင်းမှာ ကျနော်တို့ ကြေညာပေးပါ့မယ်။ "

မဲဆန္ဒရှင် စာရင်းတွေကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က သီးသန့် ပြုစုမှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တပြည်လုံး အတိုင်းအတာနဲ့ ကောက်ယူထားတဲ့ သန်းခေါင်စာရင်းကို အခြေခံမှာ မဟုတ်ဘူးလို့လည်း ကော်မရှင်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောပါတယ်။

"အဲ့ ကျနော်တို့က သန်းခေါင်စာရင်းနဲ့ပတ်သက်မှုမရှိပါဘူးခင်ဗျာ။ ကျနော်တို့က အခြေခံ စောစောက အမကို ရှင်းပြသလို ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ရှိတဲ့ အိမ်ထောင်စု စာရင်းရှိတယ်။ အဲ့တာရယ် နောက်တခါ သူ့ သက်ဆိုင်ရာ မြို့နယ်မှာ ရှိတဲ့ လဝက က (၆၆/၆) ပုံစံ ၁၀ အပေါ်ရယ် အဲ့ဒီ့ နှစ်ခုကို မူတည်ပြီး ကျနော်တို့ဆောင်ရွက်သွားမှာပါ ခင်ဗျာ။ သီးသန့် ကျနော်တို့ ဆောင်ရွက် တာဖြစ်ပါတယ်ခင်ဗျ။"

ကြေညာချက်မှာ ပါရှိတဲ့ လ၀က အိမ်ထောင်စု စာရင်း ပုံစံ (၆၆/၆) ဆိုတာကတော့ အများပြည်သူ သိရှိထားတဲ့ ပုံစံ ၁၀ အိမ်ထောင်စု စာရင်း စာရွက်ကို ပြောတာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်တွေ အနေနဲ့ ကိုယ့်ရဲ့မဲပေးပိုင်ခွင့် အခွင့်အရေး လက်လွတ်ဆုံးရှုံးမှု မရှိရေး ပူးပေါင်း ပါဝင်ကြဖို့ကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က သတိပေးထားပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့ မဲစာရင်းတွေ ကြေညာတဲ့အခါ ကျနော်တို့က ကြိုပြီးတော့ ကြေညာမှာပါ။ ရွေးကောက်ပွဲ မလုပ်ခင်မှာ အခြေခံ မဲစာရင်းကို ပြုစုပြီး ရပ်ကွက်ရုံးမှာ ကပ်ပေးမယ်။ ကပ်ပေးလို့ရှိရင် ပြည်သူလူထုအနေနဲ့ လာပြီးတော့ တအိမ်ထောင်မှာ တယောက်ကတော့ လာကြည့်ပြီးတော့ ကိုယ့်အိမ်ထောင်မှာ ရှိတဲ့သူတွေ ဒီမဲစာရင်းမှာ ပါ၊ မပါဆိုတာ စစ်ပြီးတော့ ၁၈နှစ်ပြည့်ပြီးတဲ့သူတိုင်း မဲစာရင်း ပါမပါ လာပြီးတော့ စစ်ဆေးသင့်ပါတယ်။တကယ်လို့ မပါဘူးဆိုရင် ကျနော်တို့ ပုံစံ (၃)နဲ့ တောင်းဆိုပါ။ ပုံစံ(၃)နဲ့ တောင်းမယ်ပေါ့နော် အမ။ မပါသင့်တဲ့သူပါရင်လည်း ပယ်ဖျက်ပေးဖို့ပေါ့။ ကျနော်တို့ တောင်းဆိုလို့ရပါတယ်။"

ရွေးကောက်ပွဲ ကော်မရှင်ဘက်ကလည်း မဲဆန္ဒရှင် ပညာပေးရေး လုပ်ငန်းတွေကို မီဒီယာတွေကို အသုံးချ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးခွင့်ကိုတော့ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၃၀ အတွင်းမှာ ပြုလုပ်ဖို့ သတ်မှတ်ထားပြီး မဲဆွယ်စည်းရုံးမယ့်ရက် ရက်ပေါင်း ၆၀ တိုးပေးဖို့ တောင်းဆိုချက်တွေကိုတော့ မဆုံးဖြတ်ရသေးတဲ့ အကြောင်း လည်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG