သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်ကြောင့် မဲလက်မှတ်ပျက်စီးပါက အသစ်ထုတ်ပေးမည်မဟုတ်


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲ - မဲဆန္ဒရှင် အဖွားအိုတစ်ဦး။ (နိုဝင်ဘာ ၆၊ ၂၀၁၅)
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲ - မဲဆန္ဒရှင် အဖွားအိုတစ်ဦး။ (နိုဝင်ဘာ ၆၊ ၂၀၁၅)

မနက်ဖြန်မှာကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တဦးအနေနဲ့ အကြောင်းကြောင်းကြောင့် ဆန္ဒမဲပေးတာမှာ ကိုယ်ဆန္ဒပြုပြီး ကိုယ့်ကြောင့် ပျက်စီးတာ၊ မှားပေးမိတာ၊ သတ်မှတ်ပယ်မဲပုံစံတခုခုကို လုပ်ဆောင်မိတာရှိခဲ့ရင် ကော်မရှင်အနေနဲ့ မှားယွင်းသွားတဲ့ မဲလက်မှတ်ကိုပြန်လည် လဲလှယ်ပေးဖို့မရှိဘူးလို့ ကော်မရှင်ကပြောလိုက်ပါတယ်။ ကော်မရှင်အနေနဲ့ ဆန္ဒမပြုခင် မဲလက်မှတ်မှာ ပျက်စီးနေတာ၊ အမှတ်အသားတခုခု ပေးထားတယ်လို့ ယူဆနိုင်တဲ့ အမှတ်အသား၊ အစွန်းအထင်းတခုခုရှိမှသာ ပြန်လည်လဲလှယ်ပေးမယ်လို့ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခက ပေးပို့ထားပါတယ်။

မဲလက်မှတ်တွေမှာ မဲဆန္ဒရှင်အနေနဲ့ ကိုယ်ဆန္ဒပြုအပြီး ကိုယ့်ကြောင့်ပျက်စီးတာ၊ မှားပေးမိတာ၊ သတ်မှတ်ပယ်မဲပုံစံတခုခုကို လုပ်ဆောင်မိတာများရှိခဲ့ရင် ကော်မရှင် အနေနဲ့ မှားယွင်းသွားတဲ့ မဲလက်မှတ်ကိုပြန်လည် လဲလှယ်ပေးဖို့မရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်စာ ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နေပြည်တော်ရှိ မဲရုံကို စစ်ဆေးစဉ်။ (နိုဝင်ဘာ ၆၊ ၂၀၁၅)
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နေပြည်တော်ရှိ မဲရုံကို စစ်ဆေးစဉ်။ (နိုဝင်ဘာ ၆၊ ၂၀၁၅)

“အခု ကျနော်တို့မဲစာရင်းမှာ စွန်းတယ်၊ ထင်းတယ်ဆိုရင်ပေါ့နော်-ဆိုလို့ရှိရင် မဲလက်မှတ် စပြီးတော့ထုတ်ပေးတဲ့အချိန်မှာကတည်းက သူက ပြန်ပြီးတော့ လဲလှယ်ဖို့ တောင်းခံရမယ်။ တံဆပ်ရိုက်ပြီးရင်တော့ ကျနော်တို့ ပြန်ပြီးတော့ ထုတ်မပေးတော့ဘူးဗျ။ အဲဒါကတော့ မဲဆန္ဒရှင်က သူတို့ဟာသူတို့ ဂရုစိုက်လုပ်ဖို့ပဲ။ ကျနော်တို့ ပြန်မလဲပေးတော့ဘူးဗျ။ အကွက်မှားထုလည်း သူ့တာဝန်ပဲ။ တော်ရုံတန်ရုံလောက်ကတော့ ကျနော်တို့က ပယ်မဲဆိုတာ သူ့သတ်မှတ်ချက်နဲ့ကိုက်ညီမှ ပယ်မဲဖြစ်မှာလေ။ ပယ်မဲ သတ်မှတ်ချက်နဲ့ကိုက်ညီမှပဲ ပယ်မဲဖြစ်မှာပေါ့။ မကိုက်ညီရင် သူ့ဟာသူ ခိုင်လုံမဲပဲဖြစ်နေမှာပါ။ တံဆိပ်ရိုက်ပြီးမှ မဲလက်မှတ်ပြဲတယ်တို့ ဘာတို့ဆိုရင်တော့ ကျနော်တို့ အဲဒါတွေ မလဲပေးတော့ပါဘူး။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရေးမှူး ဦးသိန်းဦးက မဲလက်မှတ်တွေနဲ့ပတ်သက်ပြီး ဗွီအိုအေကို အခုလိုဖြေကြားခဲ့တာပါ။

ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အနေနဲ့ ဒီရွေးကောက်ပွဲမှာအသုံးပြုဖို့ ဆန္ဒမဲ လက်မှတ်အစောင်ရေပေါင်း သန်း ၁၃ဝ နီးပါး ပုံနှိပ်ထားတယ်လို့ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းက ထုတ်ပြန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဗဟိုလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကတော့ အခုလိုဝေဖန်ပါတယ်။

“အဲဒီညွှန်ကြားချက်ဆိုတာ မရိုးသားဘူးလို့ ယူဆတယ်။ ဘာကြောင့် မရိုးသားဘူးလို့ ယူဆလဲဆိုရင် မဲပေးမယ့်ရက် ၂ ရက်လောက် ကပ်ပြီးတော့မှ အဲဒီညွှန်ကြားချက်ထုတ်တာ။ ….အဲဒီတံဆိပ်တုံးတွေက မင်ပြန့်တယ်၊ နောက်ပြီးလို့ရှိရင် ခေါက်ရင် ပေနိုင်တယ်ဆိုတာ သိနေတယ်။ သိလို့ရှိရင် တယောက်ယောက်က မဲရိုက်ရင်းနဲ့ခေါက်လိုက်လို့ မင်ပြန့်သွားရင် ဒါ ပြန်လဲရမယ်။ လဲခွင့်မရှိဘူးဆိုရင်တော့ ဒါက မရိုးသားဘူးလေ။ ပယ်မဲဖြစ်ဖို့များအောင်လို့ ကြိုးစားပြီးတော့ထုတ်တဲ့ ညွှန်ကြားချက်များလားလို့ ကျနော် သံသယရှိတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင် ၃၄ သန်းကျော် ရှိတယ်လို့ ကနဦးထုတ်ပြန်ထားပေမယ့် လက်ရှိမှာ ထပ်တိုးစာရင်းတွေအရ မဲဆန္ဒရှင်ဦးရေ ဘယ်လောက်ရှိသလဲကို ကော်မရှင်အနေနဲ့ တိကျစွာထုတ်ပြန်ထားနိုင်ခြင်းမရှိသေးပါဘူး။

ဗဟန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တသီးပုဂ္ဂလဝင်ပြိုင်မယ့်ဒေါက်တာညိုညိုသင်းက ကော်မရှင်ထုတ်ပြန်မှုကို ခုလိုပြောဆိုလိုက်ပါတယ်။

“အမကတော့ လက်တွေ့မကျဘူးထင်တာပဲ။ ဘာလို့လဲဆိုတော့ ဒီနေ့ပဲ အဲဒီပြဿနာတခု အမတွေ့ခဲ့တယ်။ အဖိုးကြီးတွေ အဖွားကြီးတွေက လက်တုန် တယ်လေ။ သူတို့ထုတာ အဆင်မပြေဖြစ်တယ်။ နောက်တစ်ရွက်ပြန်လဲချင်တယ်။ အထူးသဖြင့် အကူနဲ့သွားတဲ့လူတွေဆိုလို့ရှိရင်- အဲလိုမျိုးဖြစ်တယ်။ သူတို့က အမှားအယွင်းတခုခုဖြစ်တယ်ဆိုလို့ရှိရင် သူတို့မှာ လဲပိုင်ခွင့်ရှိရမယ်။ ဘာကြောင့်လဲဆိုတော့ မဲဆန္ဒလက်မှတ်တွေ အများကြီးပိုပြီးလုပ်ထားတာ။ ဆန္ဒမဲလက်မှတ်တွေ အပိုရှိပြီးတော့ အခုလို ပြန်လဲခွင့်မပေးဘူးဆိုလို့ရှိရင် လူထုအတွက် အခွင့်အရေး ဆုံးရှုံးတာပေါ့ကွယ်။ ပြန်လဲခွင့် ပြုစေချင်တယ်။ လူတွေက အကြောင်းတခုမဟုတ်တခု အနည်းဆုံးနှစ်ကြိမ်တော့ ပြန်လဲခွင့်ရှိရမယ်။ အဲဒါဆို အမတို့ရလဒ်တွေ အများကြီး ….ကုန်မှာပေါ့။ သူတို့တွေက မဲမှားပေးတာတွေ ဖြစ်လာရင်လေ။ မဲပေးတဲ့အခါမှာ ချွတ်ယွင်းချက်တွေကတော့ ရှိမှာပဲလေ။”

နိုင်ငံရေးလေ့လာသုံးသပ်သူသတင်းစာဆရာ ဦးစည်သူအောင်မြင့်ကလည်း ခုလိုပြောပါတယ်။

“ဥပဒေ၊ နည်းဥပဒေမှာပါတဲ့အတိုင်းဆိုရင်တော့ မလုပ်သင့်ဘူး။ မဲဆန္ဒရှင်ရဲ့သဘောထားကို အလေးထားရမယ်။ မဲဆန္ဒရှင်ရဲ့လုပ်မှု ကိုင်မှုတွေကို ကော်မရှင်ကနေပြီးတော့မှ ဖြည့်ဆီးပေးရမယ်ဆိုတဲ့သဘောနဲ့ဆိုရင်တော့ ဖီလာဆန့်ကျင်ဖြစ်နေတာပေါ့။ ဘာလို့လဲဆိုတော့ အမှားအယွင်းဆိုတာ ဖြစ်နိုင်တာပဲလေ။ အဲဒီဖြစ်နိုင်တဲ့ဟာကို သူတို့က ဘာမှ မထုတ်ပေးတော့ဘူး၊ မှားလည်း မှားတဲ့အတိုင်းပဲဆိုရင်တော့ ဒါကတော့ အလားအလာတော့ မကောင်းပါဘူး၊ အဲဒါကတော့-”

မြန်မာတစ်နိုင်ငံလုံး မဲရုံပေါင်း (၄,၀၀၀) ကျော်ရှိပြီး အပိုဆောင်းမဲလက်မှတ် နှစ်သန်း ကျော်ရှိတယ်လို့ ကော်မရှင်က ပြောထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာရော ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာပါ အခုလို တံဆိပ်တုံးနဲ့ မဲဆန္ဒပေးရတာမျိုး မကြုံတွေ့ခဲ့ဖူးတာကြောင့် မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေနယ်တွေမှာ တံဆိပ်တုံးနဲ့ စိမ်းတဲ့အခြေအနေတွေ ဒီနေ့အချိန်ထိ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲပညာပေး လုပ်နေတဲ့ အဖွဲ့တွေကတော့ တံဆိပ်တုံးထုတတ်ဖို့ကို အဓိကထား လုပ်ဆောင်နေကြပါတယ်။ ဒီလိုလုပ်ဆောင်ပေးခဲ့ပေမယ့်လည်း သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေမှာ တံဆိပ်တုံးထုဖို့ အခက်ခဲတွေရှိနေသေးတာကြောင့် ကော်မရှင်အခုထုတ်ပြန်ချက်ကို နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ဝေဖန်နေတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG