သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားချက် အများအပြား စစ်ဆေး


ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားချက် အများအပြား စစ်ဆေး

ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတွင်း မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီတွေရဲ့ အပြန်အလှန် စွပ်စွဲချက်တွေနဲ့ တိုင်ကြားချက်တွေကို နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ကော်မရှင်ရုံးမှာ ဒီကနေ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိုင်ကြားမှုတွေကို ကြားနာစစ်ဆေးတာတွေ၊ လျှောက်လွှာ ပြင်ဆင်ချက်တွေအပြင် သက်သေစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ ဒီကနေ့ ပြည်ထောင်စု ကော်မရှင်ရုံးက အခြေအနေတွေကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နေပြည်တော်က ပြည်ထောင်စု ကော်မရှင်ရုံးမှာ ဒီကနေ့ အပြန်အလှန် တရားစွဲဆိုချက် ၂၉ ခုကို ခုံရုံး ၁၆ ခုနဲ့ စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ နေရာအများစုနဲ့ အနိုင်ရခဲ့တယ်ဆိုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တချို့နေရာတွေမှာ သူတို့ကို အနိုင်ရသွားတဲ့ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကို ပြန်တရားစွဲထားတာတွေ ရှိပါတယ်။ တခါ တချို့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက မဲမသမာမှုတွေ လုပ်ခဲ့တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို တိုင်ကြားထားတဲ့ အမှုတွေကို ဒီကနေ့ ပြည်ထောင်စု ကော်မရှင်ရုံးမှာ စစ်ဆေးတာ ဖြစ်ပါတယ်။

အဲဒီမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က မန္တလေး တိုင်းဒေသကြီး လွှတ်တော်နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့တဲ့ ဒေါ်တင်တင်မာကို သူ့ရဲ့ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးမြ၀င်းက တရားစွဲဆိုထားတဲ့ အမှုကို ဒီကနေ့ စစ်ပါတယ်။ ဒေါ်တင်တင်မာဟာ ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလအတွင်း ငွေကြေးပေးပြီး ထောက်ခံမှုရဖို့ စည်းရုံးခဲ့တယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ စွပ်စွဲချက်ကို ဒီကနေ့ ရုံးခေါ်သက်သေ စစ်ခဲ့တယ်လို့ ဒီတိုင်ကြားမှုအတွက် ဒေါ်တင်တင်မာဘက်ကနေ လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“ဒေါ်တင်တင်မာရဲ့ အမှုမှာ ရုံးခေါ်သက်သေကို စစ်ပြီးတဲ့အဆင့်ကို ရောက်ပါပြီ။ ရုံးခေါ်သက်သေပြီးရင် လျှောက်ထားခံရသူ ဒေါ်တင်တင်မာဘက်က သက်သေတွေ စစ်ဖို့အတွက် ချိန်းထားပါပြီ။ ဒေါ်တင်တင်မာကိုလည်း စစ်ပြီးပါပြီ။ လျှောက်ထားခံရသူတွေ၊ သက်သေတွေ စစ်တဲ့အဆင့်ကို ရောက်နေပါပြီခင်ဗျ။”

ဒေါ်တင်တင်မာရဲ့ အမှုကို လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြန်ချိန်းထားတယ်လို့ ပြောပါတယ်။ တခါ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဘောက်ချာက သူ့ရဲ့ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီက ဦးအုန်းမြင့်ဟာ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေနဲ့ အနိုင်ရခဲ့တဲ့အပေါ် ကန့်ကွက်လွှာကိုလည်း ဒီကနေ့ ကော်မရှင်ရုံးမှာ စစ်ဆေးပါတယ်။

“ဒေါ်ဘောက်ချာဘက်က မဲရုံမှူးတွေရယ်၊ မဲရုံ ကိုယ်စားလှယ်တွေရယ်၊ အထောက်အထားတွေ ရေးပေးထားတဲ့ လက်မှတ်တွေရယ်၊ ရထားတဲ့ စာရွက်စာတမ်းတွေနဲ့ သက်သေတွေ အရတော့ တရားမဲ့ ပြုကျင့်မှုဆိုတဲ့ ဥပဒေ ဘောင်ထဲမှာတော့ ငြိစွန်းတာ တွေ့ရတယ်ခင်ဗျ။ အဲဒီအထောက်အထားတွေ ခိုင်လုံလို့လည်း ရေးပြီးတော့ လျှောက်ထားတာ ဖြစ်ပါတယ်။ အဲဒီအမှုကတော့ ဒီနေ့မှာ စာရွက်စာတမ်းတွေ တင်ပြီးတော့ ရုံးကောက်ချက်ထုတ်ပြီး နောက် ၁၀ ရက်နေ့ကို ဒေါ်ဘောက်ချာကို စစ်ဖို့အတွက် ချိန်းလိုက်ပါတယ်။”

NDF ပါတီက ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကိုလည်း ကြံ့ခိုင်ရေးပါတီက ဦးမြတ်သူက တိုင်ကြားထားတဲ့ အမှုကိုလည်း ရှေ့နေ ဦးမြင့်သွင်ကပဲ လိုက်ပါ အကျိုးဆောင်ပေးခဲ့တာပါ။ အဲဒီမှာ တိုင်ကြားသူဘက်ရဲ့ သူတို့ရဲ့ လျှောက်လဲချက် ပြင်ဆင်ခွင့် ပြည်ထောင်စု ကော်မရှင်မှာ တောင်းဆိုတာကို ဒေါက်တာ မြတ်ဉာဏစိုးတို့ဘက်က ဒီကနေ့ ပြန်လည် ကန့်ကွက်ခဲ့တယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“ဒီပြင်ဆင်လွှာနဲ့ ပတ်သက်တဲ့ဟာကို ကန့်ကွက်တဲ့ ထုချေလွှာ ပြန်တင်ရမှာပါ။ အခုက ရွေးကောက်ပွဲ ကော်မရှင်ရုံး ဖြစ်တဲ့အတွက် စွပ်စွဲမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၆၆(က) ကနေ (ဌ) အထိ ရှိတဲ့ တရားမဲ့ပြုကျင့်မှု ဆိုတဲ့ အပိုဒ်တွေနဲ့ ငြိစွန်းမှသာ ကန့်ကွက်ခွင့် ရှိပါတယ်။ အဲဒီ တရားမဲ့ပြုကျင့်မှု ဆိုတဲ့ အပိုဒ်တွေနဲ့ မငြိစွန်းရင် ကန့်ကွက်လွှာကို ဥပဒေနဲ့အညီ ပြန်ပြီးတော့ ထုချေပြီး ပယ်ဖို့အတွက် လျှောက်ထားလို့ ရပါတယ်။”

အလားတူ တစညပါတီ အပါအ၀င် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူတို့တိုင်ကြားထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကိုလည်း ဒီကနေ့ ပြည်ထောင်စု ကော်မရှင်ရုံးမှာ တွေ့ရတယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားပါတီတွေက နိုင်ထားတဲ့ ကျားဖြူ ရှမ်းပါတီကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက စွဲထားတဲ့ အမှုတွေ ရှိတယ်။ နောက် ရခိုင်ပါတီကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက စွဲထားတဲ့ အမှုတွေ ရှိတယ်။ ပဲခူးတိုင်းဘက်မှာဆိုရင် တစညကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက စွဲထားတဲ့ အမှုတွေ ရှိပါတယ်။ ဒီနေ့ ဒေါ်ချိုချိုကျော်ငြိမ်းတို့လည်း ပြည်ထောင်စု ကော်မရှင်ရုံးမှာ တွေ့ပါတယ်။ ဒေါ်ချိုချိုကျော်ငြိမ်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကန့်ကွက်လွှာတင်ပြီး စွဲထားတာ ရှိပါတယ်။ သူတို့လည်း ဒီနေ့ ပြည်ထောင်စု ကော်မရှင်ရုံးမှာ ရုံးချိန်း လာကြပါတယ်။”

နိုင်ငံရေးပါတီတွေ အပြန်အလှန် တိုင်ကြားချက် တချို့အတွက် လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလာမယ့် ၃၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော်ကိုတော့ တိုင်ကြားခံထားရသူ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ရှိပြီး တကယ်လို့ တိုင်ကြားခံရသူတွေဟာ စစ်ဆေးချက်တွေအရ ရှုံးနိမ့်ခဲ့တယ် ဆိုရင်တော့ အရည်အချင်း ပြည့်မီခြင်း မရှိဘူးဆိုပြီး ကိုယ်စားလှယ် အဖြစ်ကနေ ထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG