သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကြားဖြတ်ရွေးကောက်ပွဲ Indiana အခြေချ မြန်မာတွေဘယ်လို မဲပေးကြမလဲ


အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၈ခုနှစ်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကို အခုလာမယ့်နိုဝင်ဘာလ ၆ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီမိုကရက်နဲ့ရီပါဘလစ်ကန်ပါတီ၂ရပ်လုံးက အကြိတ်အနယ်လည်းယှဉ်ပြိုင်ကြဖို့နိုင်ငံတဝှမ်းပြင် ဆင်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်ဟာ မြန်မာနိုင်ငံကပြောင်း ရွှေ့အခြေချသူတွေ သောင်းနဲ့ချီနေ ထိုင်ကြပြီးသူတို့တွေထဲက မဲပေးခွင့်ရသူအများစုဟာ ရီပါဘလစ်ကန်ပါတီကို မဲပေးကြမယ့်သဘောရှိ တယ်လို့ မြန်မာအမေရိကန်လူမှုရေး အသင်းဥက္ကဌက ပြောပါတယ်။ ဘာကြောင့်အခုလို ရီပါဘလစ်ကန်ကိုထောက်ခံနေ ကြသလဲဆိုတာ ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

နိုဝင်ဘာလ၆ရက်နေ့ကျရင်ကျင်းပမယ့်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရက်ရော၊ ရီပါဘလစ်ကန်ပါတီ ဘက်ကပါအကြိတ်အနယ်ယှဉ်ပြိုင်ကြဖို့ အကြီးအကျယ်ပြင်ဆင်နေကြပါတယ်။ သမ္မတ ဒေါ်နလ်ထရမ့်ရဲ့ ပထမအစိုးရ သက်တမ်းတဝက်မှာပြုလုပ် မယ့်ကြားဖြတ်ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ အမတ်နေရာစုစု ပေါင်း ၄၃၅နေရာရှိပြီးသူတို့အားလုံးရဲ့လွှတ်တော်တာဝန်သက်တမ်း၂နှစ်ပြည့်ပြီဖြစ်လို့ အောက်လွှတ်တော် အမတ်နေရာအားလုံးကို ဝင်ပြိုင်ရမှာဖြစ်ပါတယ်။ အထက် လွှတ်တော်မှာတော့ အမတ်နေရာ စုစုပေါင်း တရာရှိတဲ့အထဲက ၃၉ နေရာကို ဝင်ပြိုင်ရပါလိမ့်မယ်။ သမ္မတထရမ့်အစိုးရတက် လာပြီးနောက်ပိုင်း အထက်လွှတ်တော်နဲ့အောက် လွှတ်တော် ၂ရပ်လုံးကို ရီပါဘလစ် ကန်ပါတီကပဲ ထိမ်းချုပ်ထားတာပါ။ သမ္မတထရမ့်ဟာ သူတောက်လျှောက်ကြွေးကြော်နေတဲ့အတိုင်း အမေရိကန်သာပထမဦးစားပေးဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေအတွင်း ဝေဖန်မှုတွေအများအပြားရှိနေပြီး နိုင်ငံရေးအရလည်း ဒီမိုကရက်နဲ့ရီပါဘလစ်ကန်ပါတီအကြား ကွဲပြားမှုတွေ သိသိသာသာကြီးမားလာနေပါတယ်။ ရီပါဘလစ်ကန်ပါတီက တိုင်းပြည်အာဏာအများစုကိုထိမ်းချုပ်ထား နိုင်တဲ့အပေါ် ဒီမိုကရက်တွေဘက်ကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ယူပြီး လွှတ်တော်အာဏာကိုရအောင် အပြင်းအထန်ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အနောက်အလည်ပိုင်း အင်ဒီယားနားပြည်နယ်ကလူအများစုဟာ ရီပါဘလစ်ကန်ပါတီကို ထောက်ခံကြတာပါ။ အဲဒီဒေသမှာ မြန်မာနိုင်ငံကရောက်လာကြသူတွေလည်း သောင်းနဲ့ချီပြီးရှိပါတယ်။ သမ္မတထရမ့် လက်ထက်မှာ ဒုက္ခသည်လက်ခံမှုလျှော့ချတာ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတင်းကျပ်မှုတွေလုပ်ခဲ့တာကြောင့် အမေရိ ကန်မှာအခြေချနေထိုင်ဖို့ကြိုးစားနေတဲ့ မြန်မာအပါအဝင်တခြားဒုက္ခသည်တွေလည်း လာဖို့ခက်နေပါတယ်။ အဲဒါကြောင့် အခုကြားဖြတ်ရွေးကောက်ပွဲမှာ အင်ဒီယားနားပြည်နယ်ရောက်မြန်မာမိသားစုတွေ ဘယ်ဘာတီကိုမဲပေးကြမလဲသိနိုင် အောင် မြန်မာအမေရိကန်လူမှုရေးအသင်း BACIရဲ့ဥက္ကဌ ဒေါက်တာရိုဒင်းဂါကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ။ ။ အခုလာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီကို ဒေါက်တာရိုဒင်းဂါ အနိုင်ရစေချင်လဲခင်ဗျ။

ဒေါက်တာရိုဒင်းဂါ။ ။ ကျနော့်အနေနဲ့ကတော့ ဒီမိုကရက်ကို အနိုင်ရစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးကို ထိထိရောက်ရောက်အကူအညီပေးနိုင်မယ့် ပါတီဖြစ်လို့ ဒီမိုကရက်ကို ပိုပြီးတော့ အနိုင်ရစေချင်ပါတယ်။ Republican ကတော့ သမ္မတ ကိုယ်တိုင်က နိုင်ငံတကာရေးတွေကို လျော့ချပြီးတော့ တခြားတိုင်းပြည်တွေ ဒီမိုကရေစီအရေးကိုထောက်ပံ့ကူညီမှုမရှိပဲ အမေရိကန်ပြည်တွင်းရေးကိုပဲ အာရုံစိုက်တဲ့အတွက် ကျနော်ကတော့ ဒီမိုကရက်ကို ပိုပြီးတော့ အနိုင်ရစေချင်ပါတယ်။

မေး။ ။ အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီမှာရှိတဲ့ မြန်မာမိသားစုတွေအနေနဲ့ နိုင်ငံရေးတက်ကြွမှုတွေ ထူးထူးခြားခြားတွေ့ရပါသလား။

ဒေါက်တာရိုဒင်းဂါ။ ။ ကျနေ်ာတို့ အင်ဒီယားနားပြည်နယ်တခုလုံးမှာ မြန်မာနိုင်ငံသားအနေနဲ့ပြောရရင် ၂ သောင်း ၅ထောင်လောက်ရှိပါတယ်။ ဖော့ဝင်းမှာ ၇ ထောင်လောက်ပေါ့။ ဖော့ဝင်းမှာ ဗမာတွေပိုများတယ်။ ကရင်တို့ တခြားလူမျိုးစုတွေ ။ ကျနော်တို့ ပြည်နယ်မြို့တော်ဖြစ်တဲ့ Indianapolis မှာတော့ ကရင် ၂ ထောင်လောက် ရှိပြီး ကျနော်တို့ ချင်းလူမျိုးကတော့ ၁ သောင်း၉ ထောင်လောက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ချင်းလူမျိုးအများဆုံးနေတဲ့ မြို့တမြို့။ ပြီးခဲ့တဲ့ ၃ -၄ နှစ်ကထက်စာရင် ချင်းလူမျိုးတွေ မြန်မာပြည်သားတော်တော်များများက အမေရိကန် Citizen ဖြစ်တဲ့လူတွေပိုများလာတယ်။ မဲပေးနိုင်သူပိုများလာတယ်၊ အမေရိကန်နိုင်ငံရေးမှာလည်း စိတ်ဝင်စားမှု ပိုများလာတာတွေ့ရပါတယ်။ ကျနော်သုံးသပ်သလောက်တော့ ချင်းလူမျိုးတွေတော်တော်များများ ခရစ်ယာန် Church Member တွေဖြစ်တယ်။ ခရစ်ယာန်မှာ Evangelical တွေဖြစ်ပါတယ်။ Evangelical Church တွေက သမ္မတ Trump ကိုတော်တော်လေး ထောက်ခံကြတယ် အဲဒါရောင်ပြန်ထင်ဟပ်ပြီး ကျနော်တို့ ချင်းတွေတော်တော်များများကလည်း သမ္မတ Trump ကိုတော်တော်လေး ထောက်ခံကြတယ်ဆိုတာ တွေ့ရပါတယ်။

အခု Mid-term Election မှာလည်း Indiana မှာရှိတဲ့ ချင်းတွေတော်တော်များများကလည်း မဲပေးနိုင်တဲ့လူ အမေရိကန် Citizen ဖြစ်တဲ့လူတွေကတော့ သမ္မတ Trumpရဲ့ Republican ဘက်ကို မဲပိုပေးကြမယ်လို့ ကျနော်ထင်တယ်။

မေး။ ။ ဘာသာရေးအပေါ်မှာအခြေခံပြီးတော့ သမ္မတ Trumpကို မဲပေးမယ်ဆိုတဲ့သဘောပေါ့လေ။ ဒါပေမယ့်လည်း တဖက်မှာက မြန်မာပြည်ကထွက်လာပြီးတော့ အမေရိကန်မှာ အခြေချဖို့ ကြိုးစားနေတဲ့ ချင်းလူမျိုးတွေ အမေရိကန်ပြည်ထောင်စုကို ရောက်မလာနိုင်တဲ့ ပြဿနာတွေရှိနေတော့ ဒီအပေါ်မှာ သူတို့ စိတ်မဝင်စားဘူးလား၊ အာရုံမရှိကြားဘူးလား။

ဒေါက်တာရိုဒင်းဂါ။ ။စိတ်ဝင်စားမှုကတော့ရှိပါတယ် ဒီ Immigration ၊ နောက်ပြီး Refugee Resettlement ကို သမ္မတ Trump အများကြီးလျော့ချတာကိုချင်းလူမျိုးခရစ်ယာန်တွေ တော်တော်များများ စိတ်ဝင်စားမှု ရှိပါတယ်။ ဒီဘာသာရေးမှာတော့ ချင်းလူမျိုး ၁၀၀ ရာခိုင်နှုန်းက Evangelical ခရစ်ယာန်တွေဆိုတော့ Evangelical ခရစ်ယာန် value အနေနဲ့ ကြည့်ပြီးတော့ သမ္မတ Trump ကို ၉၀ ရာခိုင်နှုန်း ထောက်ခံအားပေးမယ်လို့ ကျနော်သုံးသပ်ပါတယ်။”

မြန်မာအမေရိကန်လူမှုရေးအသင်း BACIရဲ့ဥက္ကဌ ဒေါက်တာရိုဒင်းဂါကိုကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG