သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ

  • တိုင်းရင်းသတင်းလွှာ

ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

အောက်တိုဘာ ၁၇ ရက်ကနေ၊ ၁၉ ရက်နေ့အထိ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ်ဦးသိန်းစိန် ရှမ်းပြည်မြောက်ပိုင်းကို လည်ပတ်စဉ် လားရှိုး ဒေသခံ USDP အမတ်လောင်းတွေက ရှမ်းပြည်မြောက်ပိုင်းမှာ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ ပါတီ ခေါ် ကျားဖြူပါတီကို အနိုင်ရဖို့ မလွယ်ကူကြောင်း တင်ပြရာမှာ ၀န်ကြီးချုပ် ဦးသိန်းစိန် က စိတ်မပူရန်ပြောပြီး လိုအပ်လာရင် တိုင်းရင်းသား ပါတီတွေကို လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက် တယ် ဆိုပြီး ဖယ်ရှားလို့ ရတယ်လို့ ပြောခဲ့ကြောင်း USDP ပါတီဝင် တဦးက ပြောပြပါတယ်။

………………………….

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲက မ. ယ. က တွေက မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်မှ တာဝန်ခံတွေကို မနေ့က တွေ့ဆုံပြီးတော့ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေကို ကြိုတင်မဲထည့်ဖို့ ဆွေးနွေးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီဝင်တစ်ဦးက ပြောပါ တယ်။

တကယ်လို့ မွန်ပြည်သစ်ပါတီက လက်ခံမယ်ဆိုရင် ထားဝယ်ခရိုင်ဘက်မှာ မဲရုံနှစ်ရုံ ဆောက်ပေးမှာဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိလည်း အသက် ၁၈ နှစ် ပြည့်တဲ့သူတိုင်း ကြိုတင်မဲထည့်ခွင့်ရှိတယ်လို့ ကလိန်အောင်မြို့နယ်ခွဲ မ. ယ. က တွေက ပြောပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ကနေစပြီး ကြိုတင်မဲထည့်ခွင့်ရှိတယ်လို့ မြို့နယ် မ. ယ. က တွေက ပြောခဲ့ပါတယ်။

ဒါပေမဲ့ မွန်ပြည်သစ်ပါတီဘက်ကတော့ တစုံတရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ မွန်ပြည်သစ် ပါတီဝင်တစ်ဦးက ပြောပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ ထားဝယ်ခရိုင်ဌာနချုပ်ဝန်းကျင် ဒေသအတွင်း ကျေးရွာပေါင်း ၁၀ ရွာရှိပြီး အသက် ၁၈ နှစ်ပြည့်တဲ့ လူဦးရေ ၁၅၀၀ ကျော်ရှိပါတယ်။

……………………

တိုင်းရင်းသားဒေသ နေရာတချို့မှာ မဲဆန္ဒရှင်နဲ့ မဲရုံ အရေအတွက် မမျှမတဖြစ်နေတယ်လို့ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။

မွန်ပြည်နယ် မုဒုံမြို့နယ်မှာ မဲဆန္ဒရှင် ၂၆၀၀ ရှိတဲ့ ခပီထောကျေးရွာ၊ မဲဆန္ဒရှင် ၂၅၅၅ ဦးရှိတဲ့ ကျိုက်ရွှဲရွာနဲ့ မဲဆန္ဒရှင် ၄၅၀၀ ဦးရှိတဲ့ ကလောသော့ ကျေးရွာ သုံးခုပေါင်းမှာ မဲရုံ သုံးရုံပဲရှိမှာဖြစ်တယ်လို့ မုဒုံမြို့နယ်တဝိုက်က မဲဆွယ်စည်းရုံးရေးဆင်းတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မွန်လူငယ်တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးက ကျေးတောပစ်ဆိတ်၊ ကျေးတောရွာမနဲ့ ရွှေပြည်သာကျေးရွာသုံးရွာ ပေါင်းပြီး မဲပုံးတပုံးသာ ထားပေးမယ် ဆိုတဲ့အတွက် မဲပေးသူအရေအတွက်နဲ့ အချိန်လုံလောက်မှာ မဟုတ်ဘူးလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

အဲဒီ ရွာသုံးရွာမှာ မဲပေးနိုင်သူ စုစုပေါင်း ၂ ထောင်ကျော်ရှိပြီး လူတဦး မဲသုံးပြားစီ ပေးရမှာဖြစ်တဲ့အတွက် မဲဆန္ဒရှင်တဦးဟာ အချိန် ၁၅ စက္ကန့်သာ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

…………………..

ကျွန်မက ချမ်းလွန်ပါ။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီဟာ အနိုင်ရလာရင် ရှမ်းပြည်သားတွေကို ဘာတွေလုပ်ဆောင်ပေးမယ်ဆိုတာကို နန်းမွေခေါဝ် က စုစည်းထားပါတယ်။

………………………………………………..

ကျားဖြူပါတီလို့ လူသိများနေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကို ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူးဟောင်း ဦးစိုင်းအိုက်ပေါင်းက ဦးဆောင်ပြီး နိုင်ငံရေးစိတ်ဝင်စားသူ ရှမ်းတိုင်းရင်းသား ၁၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ပြောပါတယ်။

ရှမ်းပြည်က လူထုတွေကတော့ ရှမ်းပါတီဖြစ်တဲ့ ကျားဖြူပါတီကို မဲထည့်ချင်ကြတယ်လို့ ပြောပါတယ်။ မူဆယ်-မန္တလေး ကားပြေးဆွဲတဲ့ ကျောက်မဲသား တစ်ဦးက အခုလိုပြောပါတယ်။

“ကျနော်တို့ကျောက်မဲမှာ မဲထည့်ဖို့ဆို ရှမ်းပါတီဆိုတာ ကျားဖြူပါတီပဲရှိတယ်။ အဲဒါကြောင့် သူ့ကိုပဲ မဲထည့်ပေးမှာ။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းလေးငါးဆယ်ထဲမှာ အပြောင်းအလဲလိုချင်တယ်။ ကျနော်တို့ဒီမြောက်ပိုင်းမှာတော့ ကျားဖြူကိုပဲ ခေတ်စားတယ်။”

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်ဒေသခံတွေက ကျားဖြူပါတီကိုအားပေးတဲ့အကြောင်းကို မိုင်းပန် ဒေသခံ တစ်ဦးက ရှမ်းဘာသာနဲ့ အခုလိုပြောပါတယ်။

“ရှမ်းပါတီဆိုတော့ ပြည်သူတွေက ကောင်းတယ်လို့တွေးကြပါတယ်။ ပြည်သူတွေလည်း ကျားဖြူပါတီဘက်ပါပြီး အားပေးတာ များတယ်။ ကြံ့ဖွံ့ဘက်ကတော့ ၀င်တဲ့သူသိပ်မရှိပါဘူး။ မိုင်းပန်မှာ ကျားဖြူကအားကောင်းတော့ ပြည်သူတွေလည်း ကျားဖြူပဲ နိုင်မယ်လို့ ပြောနေကြတယ်”

ကျားဖြူပါတီ၊ ဗဟိုကော်မတီဝင် ၁၅ ဦးမှ တစ်ဦးလည်းဖြစ်၊ လွယ်လင်မြို့နယ် ပြည်သူ့လွှတ်တော် အဆင့် ၀င်ရောက်ယှဉ်ပြိုင်မယ့် သူလည်း ဖြစ်တဲ့ စ၀်ဆိုင်မှိုင်း က ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် ရှမ်းပြည်သူတွေကို ဘာလုပ်ပေးမလဲဆိုတာကို ရှမ်းဘာသာနဲ့ အခုလိုပြောပါတယ်။

“လယ်ယာကဏ္ဍ၊ ပညာရေး၊ ကျန်မားရေးနဲ့ အလုပ်သမားကဏ္ဍတို့ပေါ့။ ပညာရေးမှာတော့ မူလတန်းအဆင့်က အခမဲ့ အားလုံးသင်ယူရအောင်လုပ်ပေးမယ်။ လူငယ်တွေရဲ့အနာဂတ် ခိုင်မာအောင် ကျနော်တို့လုပ်ဆောင်ပေးမယ်။ အလုပ်သမားအရေးမှာလည်း အလုပ်ပေးတာပဲဖြစ်ဖြစ် ရာထူးတိုးတာပဲဖြစ်ဖြစ် အရည်အချင်းရှိရင် ထိုက်တန်တဲ့သူကိုပေးမှာပါ”

ကျားဖြူပါတီဟာ ရှမ်းပြည် ၃၉ မြို့နယ်၊ ကချင်ပြည် ၉ မြို့နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာလည်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၇ ဦး စာရင်းတင်သွင်းရာ အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦး အပယ်ခံခဲ့ရပါတယ်။

XS
SM
MD
LG