သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်တက်မယ့် မြန်မာသမ္မတဖြစ်နိုင်ချေအပေါ် သုံးသပ်ချက်


မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတဲ့အပေါ် တိကျရေရာတဲ့အဖြေ ထွက်မလာသေးပေမဲ့လည်း ရွေးကောက်ပွဲအပြီး ဘယ်သူ သမ္မတဖြစ်လာမလဲ ဆိုတာကို ထင်ကြေးပေး ပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ လက်ရှိ အဓိက နိုင်ငံရေး ပါတီကြီးတွေအကြား အားပြိုင်နေမှုအပေါ် အခြေခံပြီး သမ္မတ ဖြစ်လာနိုင်ချေရှိတဲ့ အလားအလာတွေကို သီပေါမြို့နယ် ကိုယ်စားပြု SNDP - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက လွှတ်တော်အမတ် ဦးရဲထွန်းက သုံးသပ်ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေ တနင်္လာနေ့က ထွက်ခဲ့ပြီး နောက်တနေ့ အင်္ဂါနေ့မှာပဲ ဦးသိန်းစိန် အနေနဲ့ အဲဒီလို ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့ သတင်းကို အတည်မပြုကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ သမ္မတ ဒုတိယသက်တမ်း ဆက်လက် ထမ်းဆောင်မယ်၊ မထမ်းဆောင်ဘူးဆိုတဲ့အပေါ် လမ်းဖွင့်ထားဆဲ ဖြစ်တာကြောင့် ဘယ်သူ သမ္မတဖြစ်လာနိုင်မလဲဆိုတဲ့ ပြောဆိုမှုတွေ နိုင်ငံရေး အကဲခတ်တွေအကြား ထွက်ပေါ်နေတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရွေးချယ်တင်မြှောက်တဲ့နေရာမှာ လွှတ်တော်အမတ် ဖြစ်စရာမလိုဘူး ဆိုတဲ့အချက် ပါနေတယ် ဆိုတာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက လွှတ်တော်အမတ် ဦးရဲထွန်းက အခုလို ရှင်းပြပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက သမ္မတကို ရွေးတဲ့အခါမှာ ကျနော်တို့ သမ္မတရွေးချယ်ရေးအဖွဲ့ ၃ ဖွဲ့ကနေပြီးတော့ တဖွဲ့ကိုတယောက်စီ တင်နိုင်တယ်ဆိုပြီးတော့ အဲဒီလိုမျိုး ပြောဆိုထားတယ်။ အဲဒီတော့ ပြည်သူ့လွှတ်တော်ကတဖွဲ့၊ အမျိုးသားလွှတ်တော်က တဖွဲ့နဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သား အစုအဖွဲ့ကတယောက်၊ အဲဒီလို ၃ ယောက် တင်နိုင်တယ်လို့ ဆိုထားပြီးတော့ အဲဒီပုဂ္ဂိုလ်တွေဟာ၊ အဲဒီလို သူတို့ရွေးလိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ လွှတ်တော် ကိုယ်စားလှယ်ထဲက သော်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူထဲက သော်လည်းကောင်း ဖြစ်ရမယ်၊ ဖြစ်နိုင်တယ် ဆိုပြီးတော့ အဲဒီလို ပြောထားပါတယ်။ အဲဒီလိုဆိုတော့ ကျနော်တို့ ရွေးကောက်ခံမဟုတ်တဲ့ ပုဂ္ဂိုလ်ထဲကလည်း အရွေးချယ် ခံနိုင်တယ်ဆိုတဲ့ အချက်ကို ကျနော်တို့ သတိထားမိတယ်။ အဲဒီတော့ ပထမအကြိမ်မှာ တုန်းကတော့ ကျနော်တို့ဒီ သမ္မတလောင်းတွေ တင်တဲ့အခါမှာ ရွေးကောက်ခံရတဲ့ အထဲကပဲ တင်ကြတယ်။ ပြည်ထောင်စု ဝန်ကြီးတွေကိုလည်း ဒီလိုပဲ ရွေးကောက်ခံထားရတဲ့ အထဲကပဲ ရွေးကြတယ်။ ရွေးလိုက်တဲ့အခါကျတော့ ဘာတခုသွားပြီးတော့ လစ်ဟာချက်တခု သွားပေါ်သလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ တော်တော်များများ နေရာလစ်လပ်သွားတယ်။ အဲဒါကြောင့်မို့လို့ ၂၀၁၂ မှာ သမ္မတရွေးကောက်ပွဲ လုပ်လိုက်ရပြီးတဲ့ အခါကျတော့ အဲဒီနေရာ ၄၀ ကျော်မှာ ရွေးကောက်ပြီးတော့ NLD ကနေပြီးတော့ လွှတ်တော်ထဲကို ဝင်လာနိုင်တာပေါ့လေ။”

တိုက်ရိုက် လင့်ခ်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က လက်ရှိပါတီနာယက ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို သမ္မတလောင်းအဖြစ် တင်သွင်းနိုင်ချေ ရှိတယ်လို့လည်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု ၅၉ (စ) ကို မပယ်ဖျက်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာမှာပဲ ဝင်ပြီးတော့ ဆောင်ရွက်မယ်လို့ သူတို့ယာယီအားဖြင့် လျာထားလိုက်ပြီပေါ့နော်။ အဲဒီတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကတော့ ဦးဉာဏ်ဝင်းလို့ လျာထားလိုက်ပြီ။ ဆက်လက်ပြီးတော့ သမ္မတနေရာကို ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လျာထားတယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကလည်း ရွေးကောက်ပွဲ မဝင်ဘဲနဲ့ အပြင်ကနေပြီးတော့ ထိုင်စောင့်နေတာက ပိုကောင်းတာပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့အထဲကနေပြီးတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တယောက် လစ်လပ်သွားပြီးတော့ လွှတ်တော်မှာ အင်အားတခု လျော့နည်းသွားမှာကို ကာကွယ်နိုင်တာပေ့ါလေ။”

သမ္မတဦးသိန်းစိန် အနေနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိရင်တော့ သူ့ပါတီရဲ့ မူအရ ပါတီရဲ့ ထောက်ခံမှုရဖို့ အခက်အခဲ ရှိနိုင်တယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

“ဦးရွှေမန်းတို့ရဲ့ ပြည်ခိုင်ဖြိုး ပါတီက သူတို့ပါတီ အနေနဲ့ သမ္မတလောင်း ဖြစ်ဖို့အတွက်ဆိုရင် ရွေးကောက်ခံထဲက ရွေးရမယ်လို့ အဲဒီလို အကြမ်းဖျဉ်း မူချထားတယ်လို့ ကြားရပါတယ်။ အဓိပါယ်ကတော့ သမ္မတအဖြစ်နဲ့ ယှဉ်ပြိုင်အရွေးခံချင်တဲ့သူဟာ စစ်တပ်ကတင်တဲ့လူ မဖြစ်ရဘူး။ သူတို့ထောက်ခံမယ့်လူဟာ ရွေးကောက်ခံ ကိုယ်စားလှယ်ထဲကပဲ ဖြစ်ရမယ်လို့ အဲဒီလိုမျိုး မူချထားတယ်လို့ ကြားရပါတယ်။ ဒီလိုဆိုလိုက်တဲ့ အတွက်ကြောင့်မို့လို့ ဦးသိန်းစိန်က ဝင်အရွေးမခံတော့ဘူး ဆိုလို့ရှိရင် သူတို့ပြည်ခိုင်ဖြိုးပါတီက ထောက်ခံမှာ မဟုတ်ဘူးဆိုတဲ့ အဓိပါယ်ဖြစ်သွားပါတယ်။ ဒါကြောင့်မို့လို့ သူက သမ္မတဖြစ်နိုင်တဲ့လူကို ဘောင်ချုံ့ပစ်လိုက်တာ ဖြစ်ပြီးတော့ ဦးရွှေမန်းကတော့ သူကမုချ ရွေးကောက်ပွဲ ဝင်မယ်လို့ ဆိုတာဖြစ်ပါတယ်။ အဲဒီတော့ သူကရွေးကောက်ပွဲကို မုချဝင်မယ်ဆိုရင် နိုင်မယ်လို့ သေချာပေါက် ပြောနိုင်တဲ့ နည်းကတော့ သူဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ NLD က ဝင်မပြိုင်ဖို့ သူ့အနေနဲ့ ညှိနှိုင်းနိုင်လို့ရှိရင် အဲဒီဒေသမှာ သူကမုချ အရွေးခံရတဲ့ ကိုယ်စားလှယ် ဖြစ်နိုင်ပါတယ်။”

သမ္မတဖြစ်လာမယ့် ဒုတိယသမ္မတလောင်း ၃ ဦး ဘယ်သူဆိုတာ အတိအကျ မသိရသေးပေမဲ့လည်း အဲဒီ သမ္မတလောင်း (၃) ဦးကို ပြည်ထောင်စုလွှတ်တော်က မဲခွဲ ဆုံးဖြတ်ပေးရမှာ ဖြစ်တဲ့အတွက် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ အများစုရတဲ့ပ ါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်က အနိုင်ရမယ် ဆိုတာကတော့ သေချာသလောက် ရှိနေပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒီရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်အရွေးမခံဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့ရဲ့ ပြည်ခိုင်ဖြိုးပါတီ စည်းမျဉ်းအရ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခွင့် မရှိပေမယ့်လည်း သူ့ကို တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းခွင့် ရှိနေပါသေးတယ်။ တဘက်မှာလည်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က အမည်စာရင်း တင်သွင်းနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်အကြား ဘယ်လို ညှိနှိုင်း ဆောင်ရွက်ကြမလဲဆိုတဲ့အပေါ် မြန်မာ့နိုင်ငံရေးအကဲခတ်တွေ အနီးကပ် စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG