သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲဟာ ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက်မရှိ စာတမ်းတင်သွင်း


နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲဟာ မြန်မာအစိုးရက ဘင်္ဂါလီ ခေါ်တဲ့ မူဆလင် ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက် တစုံတရာမရှိတဲ့အကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ကနေပြီးတော့ ဗြိတိန်ပါလီမန်မှာ စာတမ်းတိုတခု တင်ပြလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ရှားဖောင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့ ရွေးကောက်ပွဲအတွင်းမှာ မူဆလင် ရိုဟင်ဂျာတွေကို မဲပေးခွင့် မပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး “No Hope for Rohingya From Burma Election” မြန်မာ့ရွေးကောက်ပွဲဟာ ရိုဟင်ဂျာတွေအတွက် ဘာမျှော်လင့်ချက်မှ မရှိဘူး - ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ဗြိတိန်အခြေစိုက် - BROUK လို့ခေါ်တဲ့ မြန်မာရိုဟင်ဂျာအဖွဲ့က ဗြိတိသျှပါလီမန်မှာ စာတမ်းတိုတခု တင်သွင်းခဲ့တာပါ။

အဆိုပါ စာတမ်းထဲမှာ မကြာမီ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွင်း မူဆလင်ရိုဟင်ဂျာတွေကို မဲပေးခွင့်မပြုတာတွေနဲ့ မူဆလင်ရိုဟင်ဂျာ နိုင်ငံရေးအဖွဲ့တွေက တင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ပယ်ချခဲ့တဲ့ကိစ္စတွေကို အဓိကထား ဖော်ပြထားပါတယ်။ ဒီစာတမ်းတင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ရဲ့ ဥက္ကဌ ဦးထွန်းခင်က အခုလို ပြောပါတယ်။

“ဒီရွေးကောက်ပွဲကနေ ကျနော်တို့က ဘာတခုမှ မျှော်လင့်ချက်မရှိဘူးဆိုတာ ပိုပြီး သိသာနေတာက ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ အခု ဒီ သမ္မတဦးသိန်းစိန်အစိုးရဘက်ကလည်း ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာကို တစိုက်မတ်မတ် သူတို့က ငြင်းဆန်နေတာက ဒါက တကယ်ကို စိုးရိမ်စရာဖြစ်တယ်။ အခုသွားနေတဲ့ပုံစံက ဒီ ရွေးကောက်ပွဲကော်မရှင်ကို ငွေရေးကြေးရေး ထောက်ပံ့ပေးတယ်၊ မြန်မာအစိုးရကို သူတို့အနေနဲ့ ထောက်ပံ့ပေးတာတွေ ပြန်လည်စစ်ဆေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ ဗြိတိသျှအစိုးရအနေနဲ့ တော်တော်လေး ရှေ့ဆက်ပြီးတော့ သူတို့အနေနဲ့ စဉ်းစားမယ့်ပုံ ဖြစ်နေတယ်ဆိုတာ နည်းနည်းတော့ တွေ့ရတယ်ခင်ဗျ။”

ဒါ့အပြင် မကြာသေးခင်ကပဲ Yale Law School နဲ့ Fortify Rights ကနေပြီးတော့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်ရိုဟင်ဂျာတွေကို မြန်မာအစိုးရကနေပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတယ် ဆိုတဲ့ အထောက်အထားတွေ ထောက်ပြထားတာကိုလည်း စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကနေ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်ရိုဟင်ဂျာတွေရဲ့ အခြေအနေအမှန်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အတွက် UK အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ထောက်ခံမှုတွေ ပေးသွားဖို့ အချိန်တန်ပြီလို့လည်း ဦးထွန်းခင်က ပြောပါတယ်။

“ရိုဟင်ဂျာကို မုန်းတီးရေးမှာ တစိုက်မတ်မတ် ပါဝင်ပြီးတော့ ဒီလို ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုမှာ ထိပ်တန်းကနေ ပါဝင်ခဲ့တယ်ဆိုတာ ကျနော်တို့ ဥပမာ အများကြီး အထောက်အထားတွေ ရှိထားပြီးသား၊ သမ္မတဦးသိန်းစိန်ကိုယ်တိုင်ကလည်း ဒီလိုပြောထားတာ ရိုဟင်ဂျာလူမျိုးတွေကို ပြည်ပက ခိုးဝင်ဘင်္ဂါလီတွေ ဖြစ်တယ်ဆိုတဲ့ဟာ သူတို့ပြောနေတဲ့ အကြိမ်ပေါင်းများစွာရှိနေပြီ။ အဲဒီအတွက်ကြောင့် ဒါက သူတို့စီမံကိန်းနဲ့ လုပ်နေတဲ့အတွက် ဒီလူတွေက ကျူးလွန်တယ်ဆိုတာ သိသာထင်ရှားနေတယ်။ အဲဒီအတွက်ကြောင့် ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှာ သူတို့ကို တရားစွဲပြီးတော့ ခေါ်လာနိုင်ဖို့ ပြစ်ဒဏ်ပေးဖို့အထိ လိုအပ်တယ်ဆိုတာ တချို့ဟာတွေကို ကျနော်တို့ ပြောပြထားပါတယ်။”

ဒီလာမယ့် အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲအနိုင်ရခဲ့မယ်ဆိုရင် သမ္မတ ဦးသိန်းစိန်အနေနဲ့ တာဝန်ဆက်ပြီးထမ်းဆောင်ခွင့်ရမှာဖြစ်တဲ့အတွက် မွတ်စလင် ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ထွက်ခွာသွားအောင် လက်ရှိကျင့်သုံးနေတဲ့ ပေါ်လစီတွေ ဆက်လက်လုပ်ဆောင်သွားမှာ မကတဲ့အပြင် ပိုပြီးတော့တောင် အရှိန်တိုးမြှင့်လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း စာတမ်းမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီအထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသာ အနိုင်ရခဲ့မယ်ဆိုရင် မူဆလင်ရိုဟင်ဂျာ ဆန့်ကျင်ရေး မူဝါဒတွေဟာ၊ ကြံ့ခိုင်ရေးပါတီမူဝါဒနဲ့ တူညီမှုရှိမှာမဟုတ်ဘဲ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်နေတဲ့ လက်ရှိအခြေအနေကနေ တိုးတက်မှုတွေရှိလာမယ့် မျှော်လင့်ချက် အနည်းငယ် ရှိနိုင်ပေမဲ့ NLD ပါတီဘက်ကလည်း မူဆလင်ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးတွေ တိုးတက်ကောင်းမွန်အောင် လုပ်မယ့် ပေါ်လစီတွေက အဓိကကျ ချမှတ်ထားတာ မရှိတဲ့အတွက် NLD ပါတီက အစိုးရ ဖြစ်လာရင်လည်း မူဆလင်ရိုဟင်ဂျာတွေအပေါ်ရှိနေတဲ့ ဖိနှိပ်မှုတွေဟာ ပြောင်းလဲမှုရှိလာလိမ့်မယ်လို့ သူတို့အနေနဲ့ မမျှော်လင့်ကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ မူဆလင်ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှု ခံရနေရဖွယ်ရှိတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ ဗြိတိန်နိုင်ငံအနေနဲ့ ထောက်ခံမှုပေးသင့်တယ်လို့လည်း Burma Campaign UK အဖွဲ့ကလည်း တောင်းဆိုချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG