သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မဲပေးမှု ပါတီနဲ့အရပ်ဖက်အဖွဲ့များ စောင့်ကြည့်


မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်ဆန္ဒမဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေရဲ့ မဲရေတွက်မှု မှန်ကန်တိကျမှု ရှိမရှိ၊ မဲမသမာမှုမဖြစ်စေရေး ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ ကြိုတင်မဲရေတွက်မှု လုပ်ငန်းအဆင့်ဆင့်ကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဘက်က အလေးအနက်ထား စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ပြောဆိုလိုက်ပါတယ်။ ကြိုတင်ဆန္ဒမဲ လက်မှတ်တွေကို သတ်မှတ်အချိန်ကျော်မှ ရောက်လာတာတွေကို လက်ခံရေတွက်မှာမဟုတ်ပဲ ပယ်မဲအဖြစ် သတ်မှတ်မှာ ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ကြေညာထားပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့ရောက်တဲ့အခါမှာ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ မတိုင်ခင် နိုင်ငံပြည်ပရောက် မဲဆန္ဒရှင်တွေပေးထားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်တွေ၊ မြန်မာနိုင်ငံတွင်းမှာ မိမိမဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေ ပေးထားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံတွေလက်ထဲကို ပေးပို့ကြရမှာဖြစ်ပါတယ်။

ဒီလိုမျိုး ပြည်တွင်း၊ ပြည်ပက မဲဆန္ဒရှင်တွေရဲ့ အပင်ပမ်းခံ အားတက်သရောပေးထားကြတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်တွေ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ မဲရေတွက်ကြတဲ့အခါ မဲရေတွက်မှု မှန်ကန်မှုရှိစေရေး မဲမသမာမှုမရှိစေရး သက်ဆိုင်ရာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေ၊ ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဘက်က အလေးအနက်ထား စောင့်ကြည့်သွားကြမှာဖြစ်တယ်လို့ အတိုက်အခံပါတီ NLD က မဲစာရင်းစိစစ်ရေးတာဝန်ခံ ဦးထွန်းထွန်းဟိန်ကပြောပါတယ်။

“အပြင်ဘက်မှာရောက်နေတဲ့သူတွေကနေပေးတဲ့ ကြိုတင်မဲတွေကို ကော်မရှင်အဖွဲ့ခွဲရုံးတွေကို ပို့ရပါတယ်။ ပို့ရတော့ အဲဒါက ဘာလဲဆိုတော့ ညနေ (၄) နာရီအထိပဲ လက်ခံမှာပေါ့။ ညနေ လေးနာရီကနေ ဟိုဘက်မှာလက်ခံတယ်လို့ ပြောလို့ရှိလို့ရှိရင် ၂၀၁၀ ခုနှစ်ကလို မနိုင်မချင်း ကြိုတင်မဲဖြစ်သွားမှာပေါ့။ လေးနာရီမှာ နောက်ဆုံးထားပို့ရမယ်လို့ ပြောရင် လေးနာရီမှာ ရောက်အောင်ပို့ရမှာပဲ။ …ပြောရလို့ရှိရင် အန်ကယ်တို့က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက မြို့နယ် ကော်မရှင်ရုံးမှာ ရှိမှာပေါ့။ သူတို့မဲရေနေတာကို အန်ကယ်လ်တို့ ကြည့်မှာပေါ့။ သူတို့က ပယ်မဲဆိုရင် အန်ကယ်တို့က ပယ်မဲ ဟုတ်သလား၊ မဟုတ်ဘူးလား ပြန်ကြည့်မှာပေါ့။ ကြိုတင်မဲနဲ့ပတ်သက်ပြီးလို့ရှိရင် သူတို့က ချိတ်ပိတ်ပြီးတော့ အကုန်လာရမှာပဲလေ။ ချိတ်စည်းပြီးတော့ လာရမှာပဲပေါ့။ ချိတ်ပိတ်ထားတာ၊ ချိတ်စည်းထားတာမရှိဘူးဆိုလို့ရှိရင် ဒီဥစ္စာကို အန်ကယ်တို့က သံသယရှိတဲ့မဲတွေလို့ ဒီလို သတ်မှတ်ရမှာပေါ့။ မဲပုံးသယ်တဲ့နေရာမှာတော့ ပြဿနာတွေ ရှိနိုင်တာပေါ့။ နိုင်ငံခြားမှာလည်း ဒီလိုပဲပေါ့။ မဲသယ်ကြတဲ့အခါ မဲခိုးတယ်တို့၊ ဘာတို့ညာတို့- ဒါတွေ…..။ ဒါပေမယ့် အန်ကယ်တို့က အခုန ပြောသလိုပေါ့ တတ်နိုင်သမျှ ဖြစ်နိုင်သမျှကိုတော့ အန်ကယ်တို့က စောင့်ကြည့်ရမှာပေါ့။ ဒါကြောင့်မို့လို့ ဥပဒေပြဌာန်းတာကို အဲဒီဥပဒေပေါ်မှာပဲ အန်ကယ်တို့က အလေးအနက်ထားနေရတာပေါ့။”

မြို့နယ်ကော်မရှင်အဖွဲ့ခွဲကနေ ကြိုတင်ဆန္ဒမဲလက်မှတ်တွေပါဝင်တဲ့ စာအိတ်တွေကို လက်ခံရယူပြီး ချိတ်ပိတ်ထားတဲ့မဲပုံးထဲမှာ ထည့်ပြီး လုံခြုံစွာ ထိန်းသိမ်းထားရမှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပတဲ့နေ့ ညနေ (၄) နာရီထိုးတာနဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်ပါတဲ့ စာအိတ်တွေ ထည့်ထားတဲ့ ချိတ်ပိတ်ထားတဲ့မဲပုံးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် ကိုယ်စားလှယ်လောင်း ကိုယ်စားလှယ်၊ အသိသက်သေနဲ့ စောင့်ကြည့်လေ့လာသူတွေရဲ့ရှေ့မှောက်မှာ ချက်ခြင်း ရေတွက်ကြရမှာ ဖြစ်ပါတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ကြိုတင်ဆန္ဒမဲတွေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲကျင်းပမယ့်နေ့ ညနေ (၄) နာရီအထိပဲ လက်ခံမှာဖြစ်ပြီး အချိန်ကုန်ဆုံးပြီးမှ ရောက်လာတဲ့ ကြိုတင်ဆန္ဒမဲတွေကို လက်ခံရေတွက်ပေးမှာမဟုတ်ဘဲ ပယ်မဲအဖြစ်သတ်မှတ်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဘက်ကကြိုတင်ဆန္ဒမဲ ရေတွက်ဖို့ ပြင်ဆင်ထားတာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က စေတနာ့ဝန်ထမ်းအဖွဲ့က ဦးရွှေဘကလည်း အခုလိုရှင်းပြပါတယ်။

“(၈) ရက်နေ့ ညနေ (၄) နာရီရောက်မယ့် ကြိုတင်မဲဆိုတဲ့ဟာက မြို့နယ်ကိုဝင်မယ့် ကြိုတင်မဲခင်ဗျ။ ဥပမာ ကြိုတင်မဲမှာ နှစ်ပိုင်းရှိတယ်၊ ရပ်ကွက်မှာပေးရတဲ့ကြိုတင်မဲနဲ့ မြို့နယ်မှာပေးရတဲ့မဲဆိုတာ ရှိတယ်။ ရပ်ကွက်ထဲမှာပေးရတဲ့မဲက ရပ်ကွက်အတွင်းမှာ နေကြတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ အကြုံးဝင်တဲ့လူတွေက မဲပေးတာ။ မြို့နယ်ကြိုတင်မဲဆိုတာက မြို့နယ်ရဲ့ပြင်ပမှာ သဘောက ဥပမာ ဆိုပါတော့ - တက္ကသိုလ်သွားတက်နေတဲ့လူတွေ၊ အလုပ်သွားလုပ်နေတဲ့လူတွေ၊ တပ်မတော်မိသားစုတွေ- အဲဒီလိုလူတွေက ပုံစံ (၁၅) နဲ့ လျှောက်ခဲ့ပြီးတော့ မဲပေးပြီးရင် ပို့လိုက်တဲ့လက်မှတ်တွေ။ အဲဒီမဲလက်မှတ်တွေက နိုဝင်ဘာလ (၈) ရက်နေ့ညနေ (၄) နာရီအထိ သူတို့က လက်ခံပေးတယ်။ အဲဒီ (၄) နာရီထက်ကျော်ရင်တော့ လက်မခံဘူး၊ ပယ်မဲအဖြစ် သတ်မှတ်တယ်ဆိုတာ ၂၀၁၀ ကလည်း ဒီတိုင်းရှိခဲ့သလို ၂၀၁၂ မှာလည်း ဒီအတိုင်းရှိတယ်။ ဒီဥပဒေက ပြင်ဆင်ချက်မဟုတ်၊ အသစ်တိုးတာလည်းမဟုတ်၊ အရင်ကတည်းကရှိခဲ့တဲ့ ဥပဒေပဲဖြစ်ပါတယ်။ ရပ်ကွက်ထဲက ကြိုတင်မဲက (၇) ရက်နေ့ ညနေ (၄) နာရီမှာ ပိတ်သော်လည်း မြို့နယ်ကြိုတင်မဲက (၈) ရက်နေ့ ညနေ (၄) နာရီမှာ ပိတ်ပါတယ်။ အဲဒါက နည်းဥပဒေမှာ ပြဌာန်းထားသလို အရင်ကတည်းကလည်း ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။”

လက်ရှိမှာတော့ ပြည်ပရောက်မဲဆန္ဒရှင်တွေဘက်က မဲပေးဖို့လျှောက်ထားသူ သုံးသောင်းလေးထောင်ကျော်ထဲကသုံးသောင်းတစ်ရာကျော် ကြိုတင်ဆန္ဒမဲတွေ ပေးခဲ့ကြပြီဖြစ်ပါတယ်။ ပြည်တွင်းမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေက ကြိုတင်မဲဆန္ဒရှင်ပေးဖို့ လျှောက်ထားသူပေါင်းက ဆယ်သိန်းကျော်ရှိပြီး ကြိုတင်မဲဆန္ဒရှင်တွေဘက်က အောက်တိုဘာလ ၂၉ရက်နေ့ကစလို့ ကြိုတင်ဆန္ဒမဲတွေကို စတင်ပေးနေကြပြီဖြစ်ပါတယ်။

XS
SM
MD
LG