သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့် ဝနဲ့ မိုင်းလား နယ်မြေ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိ


ဝ-မိုင်းလားဒေသ
ဝ-မိုင်းလားဒေသ

ကိုးကန့်၊ ဝဒေသနဲ့ မိုင်းလားဒေသတွေမှာ ခုချိန်ထိ မဲစာရင်းကောက် ယူနိုင်ခြင်း မရှိတဲ့ အတွက် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိသေးဘူးလို့ ရှမ်းပြည်နယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်။ လုံခြုံ ရေး အရ အခုလိုမဲစာရင်းကောက် ယူနိုင်ခြင်းမရှိတာ လို့လဲ ပြောပါတယ်။ ကောက်ယူနိုင်ဖို့ အတွက်လည်း နောက်ဆုံး အချိန်ထိကြိုးစားမယ် လို့လည်း ပြောပါတယ်။ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါ တယ်။

ရှမ်းပြည်နယ်ထဲမှာ ပါဝင်တဲ့ ကိုးကန့်ဒေသ၊ ဝဒေသနဲ့ မိုင်းလားဒေသတွေမှာ လက်ရှိချိန်ထိ လုံခြုံရေး အခက်အခဲ ကြောင့် မဲစာရင်း ကောက်ယူနိုင်ဖို့မဖြစ်နိုင် ဘူးလို့ ရှမ်းပြည်နယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးပွင့်ကပြောပါတယ်။ လက်ရှိမှာ ကိုးကန့်ဒေသတခုလုံး မဲစာရင်းကောက်နိုင်ဖို့ မသေချာသလို ဝဒေသမှာလည်း နယ်မြေ၄ခုကိုလုံးဝကောက် ယူနိုင်ခြင်း မရှိသေးပါဘူး။ ဒီအတွက် ဒီနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့မဖြစ်နိုင်သေးဘူးလို့ သူကအ ခုလိုပြောပါတယ်။

"လောက်ကိုင်ဒေသကတော့ မရနိုင်ဘူးပေါ့ဗျာ။ လောက်ကိုင်နဲ့ ကုန်းကြမ်း နှစ်မြို့နယ်လေ။ သူက အခုစစ်အုပ်ချုပ်ရေးဖြစ်နေတော့ လောလော ဆယ်တော့ မလုပ်သေးဘူးပေါ့လေ။ ဝဒေသကတော့ လေးမြို့နယ် ဝဒေသက ဘာလို့ မလုပ်နိုင်လဲဆိုတော့ ဌာနဆိုင်ရာလည်း မရှိဘူးလေ။ အဲ့မှာ မြို့နယ် ကော်မရှင်တွေ ဘာတွေ ဖွဲ့လို့မရနိုင်တော့ ကျနော်တို့ မလုပ်နိုင်ဘူး။ မကောက်နိုင်ဘူး။ နောက် ကျိုင်းတုံခရိုင်ကဆိုရင် မိုင်းလားဒေသပေါ့ အဲ့ဒီ့မှာလည်း မလုပ်နိုင်ဘူးပေါ့။ မိုင်းလားဒေသဆိုတော့ မိုင်းလားမြို့နယ်ပေါ့ဗျာ။ အဲ့တာတော့ မလုပ်နိုင်ဘူး။ ကျန်တဲ့ဒေသကတော့ အားလုံး လုပ်လို့ရပါတယ်။ "

လက်တလောမှာ ကိုးကန့်ဒေသမှာ ရွေကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲစာရင်းကောက်ယူရန် ကော်မရှင် တာဝန်ရှိ သူတွေကိုစေလွတ်ထားသော်လည်း စာရင်းကောက်ယူနိုင်ဖို့ကတော့ လက်ရှိချိန်ထိခက်ခဲနေသေးတယ်လို့ ရှမ်းပြည်နယ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးပွင့်ကပြောပါတယ်။

ဝဒေသမှာ ပန်ဆန်း(Pang Yang)၊ နားဖန်(Nah Pam)၊ ပန်းဝါ(Pang Wai)၊ မိုင်းမော(Mong Maw) စတဲ့ နယ်မြေ ၄ခု မှာကောက်ယူခွင့်မရကြောင်း၊ ဟိုပန်(Kho Pang)နဲ့ မက်မန်း (Mong Yang) စတဲ့ နယ်မြေ ၂ခုကိုသာ မဲစာရင်း ကောက်ယူ သွား မှာဖြစ်ကြောင်း ဝဒေသ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဌ စိုင်းရွှေထွန်းကပြောပါတယ်။

"ကောက်ယူလို့မရတဲ့ မြို့နယ်က ပန်ဆန်း၊ ပန်းဝါ၊ မိုင်းမော ၊ နားဖန်နဲ့ အဲ့ဒီ့လေးမြို့နယ်"

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် ကတော့ မကြာခင်အတွင်းမှာ ပြည် နယ်တခုလုံး အေးချမ်း လာမှာဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အစွမ်းကုန် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီအပြင် သမ္မတကြီးဘက်မှလည်း ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ လုပ်ဆောင်သွားရန်ရှိ နေပြီး လတ်တလောမှာလည်း ကိုးကန့် MNDAA တပ်ဖွဲ့က တဘက်သတ် အပစ်ခတ်ရပ်စဲရေး ကြေညာ ထားတဲ့အတွက် ရွေးကောက်ပွဲလုပ်ဆောင်နိုင်မယ်လို့သူကသုံးသပ်လိုက်ပါတယ်။

" ကျနော်တို့တော့ ဖြစ်အောင်တော့ ကိုးကန့်ဒေသ အတွက် ရွေးကောက် ပွဲဖြစ်အောင် ကျနော်တို့က ကြိုးစားသွားမှာ။ ကျနော်တို့က ကြိုးစားပြီး လုပ်သွားမှာ။ စစ်အုပ်ချုပ်ရေးကလည်း သြဂုတ် ၁၇ရက်နေ့မှ ပြည့်မယ်ဆိုတော့ အဲ့တော့ ကျနော်တို့ တလကျော်ကျန်သေးတာပေါ့။ နောက်ဆုံး မဖြစ်နိုင်ဘူးဆိုတာတောင်မှ လောက်ကိုင်မြို့နယ် ကိုတော့ ကျနော်တို့ဖြစ်အောင် ကြိုးစားမယ်။"

ရှမ်းပြည်နယ်တခုလုံးတွင် မြို့နယ်ပေါင်း ၅၀ကျော်မှာ ၄၈မြို့နယ်သာ မဲစာရင်းကောက် ယူကာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာဖြစ်ပါတယ်။ဝဒေသ ၄မြို့နယ်၊ ကိုးကန့် ၂မြို့နယ်နဲ့ မိုင်းလား ၁မြို့နယ် ပေါင်း ၇မြို့နယ်တို့မှာ မဲစာရင်းကောက် ယူနိုင်ခြင်းမရှိသေးပါဘူး။ ကျန်ရှိနေတဲ့ မြို့နယ်တွေမှာ တော့ မဲစာရင်းကောက်ယူမှုတွေလုပ်ဆောင်နေ တယ်လို့ ရှမ်းပြည်နယ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးပွင့်ကပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲမှာလည်း အခုလို ဝဒေသနေရာ ၄နေရာမှာရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ကျင်းပနိုင်ခဲ့တဲ့ နေရာ ၂နေရာကနေ ပြည်သူ့လွှတ်တော် အမတ် ၂နေရာ၊ အမျိုးသားလွှတ်တော်အမတ် ၁နေရာ၊ ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်အမတ် ၃နေရာ ကိုရွေး ကောက် တင်မြောက်နိုင်ခဲ့ပါတယ်။ မိုင်းလားဒေသကတော့ ဒေသ တခုလုံးရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သလို ရွေး ကောက်ခံမယ့် သူလည်းထွက်ပေါ်လာခဲ့ခြင်းမရှိဘူးလို့ ရှမ်းပြည်နယ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးပွင့်ကပြောပါတယ်။

ကိုးကန့်ဒေသမှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာပြည်နယ်လွှတ်တော်အတွက် နေရာ ၄ နေရာ ၊ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် နေရာ (၂) နေရာ ၊ အမျိုးသား လွှတ်တော်အတွက် (၁) နေရာတို့ကို ရွေးချယ်တင်မြောက်ခွင့်ရရှိခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဦးစီးအဖွဲ့ကိုပါ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

XS
SM
MD
LG