ကမ္ဘာတဝန်း လူသန်းပေါင်း ထောင်ချီပြီး လျှပ်စစ်မီး မရနိုင်ပဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေး ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍတွေက ပူးပေါင်း ရှာဖွေဖို့ ကြိုးပမ်းနေကြတာပါ။ စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းတွေကို အကြီးအကျယ် တိုးချဲ့နေပေမဲ့ လျှပ်စစ်မီး မလုံလောက်တဲ့ဒဏ် ခံနေရဆဲ မြန်မာနိုင်ငံရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ? စတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းက လူသန်းပေါင်း ၂,၅၀၀ လောက်ဟာ လျှပ်စစ်မီး လုံးဝမရတာမျိုး၊ ဒါမှမဟုတ်ရင်လည်း မဆိုသလောက်သာ ရနေကြတယ်လို့ ကုလသမဂ္ဂ စွမ်းအင် အေဂျင်စီက ပြောပါတယ်။ ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရတွေ ပူးပေါင်းဖြေရှင်းရေး အတွက်လည်း နည်းလမ်းတွေ ရှာဖွေနေကြတာပါ။ ကုလသမဂ္ဂ စွမ်းအင်အေဂျင်စီကနေ ကမ္ဘာတလွှား လျှပ်စစ်ဓာတ်အား နည်းပညာဖွံ့ဖြိုး တိုးတက်စေရေး လေ့လာထားတဲ့ အစီရင်ခံစာ တစောင်ကို ဇွန်လဆန်း ထုတ်ပြန်ရာမှာတော့ လျှပ်စစ်မီးလို သန့်ရှင်းတဲ့ စွမ်းအင်ကို အခြေခံတဲ့ စီးပွားရေး အစီအမံတွေကသာ ရေရှည်ဖွံ့ဖြိုးမှုတွေအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို အခြေခံပြီး နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာလည်း တရက်ကြာ အချေအတင် ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါ။
ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူမှုရေးရာဌာနက ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ တာရစ် ဘနူရီ (Tariq Banuri) ကတော့ လတ်တလော လျှပ်စစ်မီး မရနိုင်ပဲ ဖြစ်နေရတဲ့ အခြေအနေတွေကြောင့် အထူးသဖြင့် ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ တိုင်းပြည်တွေရဲ့ တိုးတက်ရေးမှာ အတားအဆီးတွေ ဖြစ်နေရတယ်လို့ ပြောပါတယ်။
“လူပေါင်းသန်းပေါင်း ၁,၆၀၀ ဟာ လျှပ်စစ်မီး တိုက်ရိုက်ရနိုင်တဲ့ အခြေအနေမှာ မရှိဘူး ဆိုတာကို ခင်ဗျားတို့လည်း ကြားပြီးကြမှာပါ။ ဒီလိုပဲ နောက်ထပ် လူပေါင်းသန်းပေါင်း ၃ ထောင် လောက်ဟာဆိုရင်လည်း စွမ်းအင် ရနိုင်တဲ့ အခွင့်အလန်းတွေမှာ အကန့်အသတ်တွေ ကြီးကြီးမားမား ရှိနေတယ် ဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။ ဒါက လူတွေရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်နေစေပါတယ်။”
ရှေ့လာမယ့် သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်အထိ လူသန်းပေါင်း ၁,၄၀၀ လောက်ဟာ ဆက်လက်ပြီး လျှပ်စစ်မီး အလုံအလောက် မရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရဆဲပဲလို့လည်း အစီရင်ခံစာက ဖော်ပြထားတာပါ။ (PPP) လို့အမည်ပေးထားတဲ့ လျှပ်စစ်မီး ရရှိရေး အစိုးရနဲ့ ပုဂ္ဂလိက ပူပေါင်းဆောင်ရွက်မှု အဖွဲ့က ကမ္ဘာတဝန်း သန့်ရှင်းတဲ့ စွမ်းအင် ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားတာတွေကို အကောင်အထည် ဖော်နိုင်မယ့် အစီအစဉ်တွေကိုလည်း အစီရင်ခံစာ ပြုစုသူတွေက အကြံပေးထားပါတယ်။ ဒါပေမဲ့လည်း ဒေသအလိုက်၊ တိုင်းပြည်အလိုက် လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ကတော့ စိမ်ခေါ်မှုတွေ ရှိနေဆဲပဲလို့လည်း ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ တာရစ် ဘနူရီ က အသိအမှတ်ပြု ပြောဆိုသွားခဲ့တာပါ။
“လူမှုအသိုင်းအဝန်းကြားမှာ ကျော်လွှားရမယ့် မတူညီတဲ့ အခက်အခဲတွေ ရှိကြပါတယ်။ စီးပွားရေး အခက်အခဲကတော့ အင်မတန် အခြေခံကျပါတယ်။ ငွေကြေး မတတ်နိုင်တာကို ဘယ်လိုပဲအရောင်ဆိုးဆိုး၊ မတတ်နိုင်တာကတော့ မတတ်နိုင်တာပါပဲ။ ဒီလိုပဲ နည်းပညာ အပိုင်းမှာလည်း အခက်အခဲတွေ ရှိနေတာပါ။”
ဒီလို စိန်ခေါ်မှုတွေထဲမှာ ရည်မှန်းချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒရှိဖို့က ပိုပြီး အခရာ ကျမယ်လို့လည်း ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် တဦးဖြစ်တဲ့ အရှာရိုစ် မီဂီရို (Asha-Rose Migiro) က အထွေထွေညီလာခံရဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းထဲမှာ အလေးထား ပြောသွားတာ ဖြစ်ပါတယ်။
“ရေရှည်ခံမယ့် ဖွံ့ဖြိုးမှုတွေ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်ချက် အနေနဲ့ အရေးအကြီးဆုံး ဖြစ်နိုင်တာ တခုကတော့ နိုင်ငံရေးဆန္ဒရှိဖို့ပဲ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာလည်း နေ့စဉ် လူမှုဘဝတွေမှာသာမက ကုန်ထုတ်လုပ်မှုလို စီးပွားရေး လုပ်ငန်းတွေမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေက အကြီးအကျယ် ရှိနေတာဖြစ်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနကတော့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နဲ့ ရေအားထုတ်လုပ်မှုတွေကနေ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် အတွင်း နေ့စဉ် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁,၇၀၀ ကျော်ကို ထုတ်လုပ်နေရာက ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းမှာတော့ ၂,၂၅၆ မီဂါဝပ် အထိ ထုတ်လုပ်နိုင်ပြီလို့ ကြေညာခဲ့တာပါ။ နောက်ထပ် ရေအားလျှပ်စစ် ထုတ်လုပ်မှု စီမံကိန်းတွေကိုလည်း တရုတ်နိုင်ငံက အများစု ရင်းနှီးမြုပ်နှံပြီး မြန်မာနိုင်ငံအနှံ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လတ်တလော ထုတ်လုပ်နိုင်ပြီဆိုတဲ့ မီဂါဝပ် ၂,၀၀၀ ကျော် ဆိုတာဟာ၊ လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ နေ့စဉ် မီဂါဝပ် ၃၀,၀၀၀ လောက် သုံးစွဲနေတာနဲ့ ယှဉ်ရင်တော့ သိသိသာသာ နိမ့်ကျနေဆဲလို့ ဆိုရမှာပါ။ တချိန်က မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်းတွေမှာ တာဝန်ယူခဲ့ဖူးသူ တဦးဖြစ်တဲ့ စီးပွားရေး ပညာရှင် ဦးစိန်ဋ္ဌေး ကတော့ ဒီလို လျှပ်စစ်မီး လုံလောက်မှု မရှိပဲ ဖြစ်နေရတဲ့ အခြေအနေတွေဟာ တာဝန်ရှိသူ အစိုးရတွေရဲ့ အားနည်းချက်တွေမှာ အခြေခံနေတယ်လို့ မြင်ပါတယ်။
“မြန်မာပြည်မှာ လက်ရှိ လျှပ်စစ်ဓာတ်အား ပြဿနာက အဆိုးရွားဆုံး ပြဿနာ ဖြစ်နေတာပဲ။ အဆိုးရွားဆုံး ပြဿနာဆိုတာ ကျနော်တို့တိုင်းပြည်က စွမ်းအားစုတွေ၊ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်တဲ့ စွမ်းအားစုတွေ မရှိလို့ဖြစ်တဲ့ ပြဿနာ မဟုတ်ဘူး။ ရှိလျက်သားနဲ့မှ ဒါတွေကို အောင်မြင်အောင် မလုပ်တဲ့ ပြဿနာ။ ဥပမာဆိုပါစို့၊ ရေအားလျှပ်စစ် ထုတ်ဖို့ဆိုပြီး ဟက်ကြီးတို့၊ ဒီဘက်မှာဆို ပေါင်းလောင်းဆည်လုပ်တယ်၊ နောက် ဇော်ဂျီ စသဖြင့်ပေါ့။ လုပ်တာမှ အကြီးအကျယ်ပါ။ ဒါပေမဲ့ ထွက်ပြီးသားကို ဘာလုပ်လဲဆိုတော့ ဥပမာ၊ ယိုးဒယား နယ်စပ်နဲ့နီးတာကို ယိုးဒယားကို ရောင်းစားတယ်။ ရေတိုရေရှည် စီမံကိန်းတွေ လုပ်နေတယ်။ ဒီဘက်က အတွင်းပိုင်းမှာ ရှိနေတဲ့ ပေါင်းလောင်းတို့ ဇော်ဂျီတို့ကျပြန်တော့ ပြည်သူပေးသလားဆိုတော့ မပေးဘူး။ ဘာလုပ်လဲဆိုတော့ နေပြည်တော်ကြီး ဆောက်ပစ်တယ်။ ဒါဟာဆိုလို့ရှိရင် အချည်းအနှီး ဖြစ်နေတာတွေပဲ။
“လက်ရှိလူထုမှာလည်း လျှပ်စစ်ဓာတ်အား ပြဿနာ ရင်ဆိုင်နေရတယ်။ ထုတ်လုပ်မှု အပါအဝင် တိုင်းပြည် တိုးတက် ဖွံ့ဖြိုးမှုအတွက် အကောင်အထည် မဖော်နိုင်တာတွေက ဒါတွေပဲ။ ပြောချင်တာက ဘာလဲဆိုရင် တိုင်းပြည်ထဲမှာ ရှိနေတဲ့ အင်အားစုတွေကို တိုင်းပြည်အတွက် အသုံးမချပဲနဲ့ သူတို့ နိုင်ငံခြားငွေ ရဖို့လောက်ဆိုတဲ့ အတွေးတိမ်တိမ်လေးနဲ့ လုပ်နေတဲ့ ပြဿနာဟာ တိုင်းပြည်အတွက် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာပဲ။ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာ၊ ပြည်သူလူထုနဲ့ တိုင်းပြည် အပေါ်မှာ ဒါဟာဖြင့် ငါတို့လုပ်ကိုလုပ်ရမယ် ဆိုတာမျိုး နိုင်ငံရေးအားဖြင့် စိတ်ဆန္ဒမရှိတဲ့ ပြဿနာဟာ မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ အဓိကအချက်ပဲ။”
ကျွမ်းကျင်သူတွေကတော့ မြန်မာနိုင်ငံမှာ နေ့စဉ် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၄၆,၃၀၀ လောက်အထိ ထုတ်လုပ်နိုင်တဲ့ ရေအရင်းအမြစ်တွေ ရှိတယ်လို့ တွက်ဆထားတာပါ။ ထင်ရှားတဲ့ စီးပွားရေး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ the Economist ရဲ့ စီးပွားရေး အကဲခတ် အဖွဲ့တခုဖြစ်တဲ့ EIU ရဲ့ ဧပြီလအတွက် စစ်တမ်းထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းတွေရဲ့ လျှပ်စစ်ဓာတ်အား ဝယ်ယူသုံးစွဲမှုဟာ သိသိသာသာ တိုးလာတယ်လို့ ပြောပါတယ်။ အရင်တနှစ်က အချိန်နဲ့ယှဉ်ရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ ၂၇% အောက်တိုဘာလထဲမှာ ၁၂% နဲ့ နိုဝင်ဘာလထဲမှာ ၅၃.၆% အထိ တက်လာတယ်လို့ ဖော်ပြလိုက်တာပါ။ ဒါဟာဆိုရင် ပြည်တွင်း စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုတွေမှာ တိုးတက်မှု ပြသတဲ့ အရိပ်လက္ခဏာ တချို့ဖြစ်မယ်လို့လည်း the Economist မဂ္ဂဇင်းက သုံးသပ်ထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။