သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မတ်လ ၁၈ ရက်နေ့ကစ တရက် လျှပ်စစ်မီး ၃ ကြိမ် ဖြတ်မည် 


Rakhine Electricity
Rakhine Electricity

[[Zawgyi/Unicode]]


ရခိုင်ပြည်နယ်မှာ ဒီနေ့ မတ်လ ၁၈ ရက်နေ့ကစပြီး တနေ့ကိုလျှပ်စစ်မီး ၃ ကြိမ် ဖြတ်တောက်မှာဖြစ်ပြီး တကြိမ်ဖြတ်ရင် အနည်းဆုံးအချိန် ၂ နာရီ ကြာနိုင်တယ်လို့ ရခိုင်ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ လျှပ်စစ်မီး အခုလိုပြတ်တောက်နေတဲ့အတွက် လျှပ်စစ်မီး အသုံးပြုနေရတဲ့ လုပ်ငန်းတွေ ထိခိုက်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ကလျှပ်စစ်ဖြန့်ဖြူးရေးကို ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနက တိုက်ရိုက်ဆောင်ရွက်တော့မယ် လို့ ရခိုင်ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် ဒီနေ့ မတ်လ ၁၈ ရက်၊ သောကြာနေ့ကစပြီး တနေ့ကိုလျှပ်စစ်မီး ၃ ကြိမ် ဖြတ်တောက်မှာဖြစ်ပြီး တကြိမ်ဖြတ်ရင် အနည်းဆုံး ၂ နာရီ ကြာနိုင်တယ်လို့ သူကပြောပါတယ်။ အရင်တုန်းကတော့ ရခိုင်ပြည်နယ်အတွက် လျှပ်စစ်ဖြန့်ဖြူးရေးကို ရန်ကုန်ကနေ တနိုင်ငံလုံးအတိုင်းအတာနဲ့ စီမံခန့်ခွဲတာဖြစ်ပြီး အခုတော့ ရခိုင်ပြည်နယ်နဲ့ဆိုင်တဲ့ လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်းတွေကို ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနက စီမံခန့်ခွဲနေတာဖြစ်ပါတယ်။

“တနေ့ကို သုံးကြိမ်ဖြတ်မယ်ဆိုတာက အရင်ကတော့ ရန်ကုန်ကနေ အဖွင့်အပိတ် လုပ်တာပေါ့။အခုကျတော့ ဒီဘက်က ကိုယ့်ဖွင့်ရုံကပဲ ထိန်းချုပ်မယ်ပေါ့နော်။ ရခိုင်ပြည်နယ်ကပဲ ထိန်းချုပ်ပြီးတော့ အဖွင့်အပိတ် လုပ်မယ်၊ အဲဒီမှာ တနေ့ကို နှစ်နာရီ သုံးခါလောက် ပိတ်ရမှာပေါ့။ ပိတ်ဖို့လိုအပ်တဲ့ အချိန်ကို ပြပြီးတော့ ပိတ်ပေးရမှာ။ ကျန်တဲ့အချိန်ကတော့ လွှတ်ပေးထားမယ်ပေါ့နော်၊ အဲဒါက အစမ်းသဘောနဲ့ ဒီနေ့စတာ။ တကယ်လို့ လိုအပ်လို့ ရန်ကုန်ကနေပြီးတော့ လှမ်းပိတ်ခိုင်းရင်လည်း ၄ ကြိမ်လောက် ဖြစ်ရင်လည်း ဖြစ်သွားမယ်ပေါ့နော်။ အရေးပေါ်ဆိုရင်ပေါ့။ ပုံမှန်ကတော့ ၂ နာရီ သုံးကြိမ်လောက်တော့ ပိတ်သွားမယ် လောလောဆယ်။”

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ လျှပ်စစ်မီးတွေ ပိုပြီး ပြတ်တောက်လာတာနဲ့ပတ်သက်လို့တော့ ခုလိုဆိုပါတယ်။

“ဝန်အားလျော့ရတာကတော့ လောပိတဘက်က ဓာတ်အားပေးစက်ရုံတွေရှိတယ်လေ။ အဲဒီဘက်က ဆက်သွယ်ထားတဲ့ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရတော့ အဲဒီဘက်ကစက်ရုံက ဒီဘက်ကို ဓာတ်အားမပို့နိုင်ဘူး။ အဲဒါကြောင့် ဓာတ်အားစနစ်လျော့သွားတာပေါ့၊ ရေအား လျှပ်စစ်ကလည်း အရင်ကလောက်တော့ မရှိတော့ဘူး။ Levelလျော့လာတာတော့ စွမ်းအားမြင့် သိပ်မထုတ်နိုင်ဘူးပေါ့နော်၊ အရင်ထုတ်နိုင်တဲ့ ပမာဏထက် လျော့လာရတယ်ပေါ့။”

လျှပ်စစ်မီးတွေ အခုလို ဖြတ်တောက်ခံနေရတာကြောင့် ပြည်သူတွေမှာ နိစ္စဓူဝလုပ်ငန်းတွေ လုပ်နိုင်ဖို့ အတော်လေး အခက်ကြုံနေရပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုများလာပါတယ်။ လျှပ်စစ်မီးပုံမှန် မရတာကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသလို တိုင်းပြည်ရဲ့ဝင်ငွေကို တိုက်ရိုက်ထိခိုက်စေတယ်လို့ ရခိုင်နိုင်ငံရေး လေ့လာ သုံးသပ်သူတဦးဖြစ်တဲ့ ကိုထွန်းကြည်က ပြောပါတယ်။

“ဒီဘက် ဒီမိုကရေစီသက်တန်း ဆယ်စုနှစ်တခုမှာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပုံစံတွေ တော်တော်တိုးတက်လာတယ်လို့ပြောလို့ရတယ်။ အခုဆိုရင်လည်း မြို့ပေါ်လူအများစုဟာ လျှပ်စစ်မီးကို အခြေခံပြီးတော့ လုပ်ငန်းတွေ လည်ပတ်ကြတာကို တွေ့ရတယ်။ ...ဆိုတော့ ဒီအချိန်မှာ လျှပ်စစ်မီးသာ ဆက်ပြီးတော့ ပြတ်နေမယ်၊ ဒီလိုပဲ အချိန်ပိုင်းနဲ့ ပေးနေမယ်ဆိုရင်တော့ နိုင်ငံရဲ့ဝင်ငွေကို တိုက်ရိုက်ထိခိုက်မှုတွေ ရှိနိုင်တယ်။ နောက် ပြီးတော့ လူတွေရဲ့ ဆင်းရဲမွဲတေမှုက ပိုပြီးတော့ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းတွေက တိုက်ရိုက်မလည်ပတ်နိုင်တော့ဘူး။ နောက်ပြီးတော့ တပိုင်တနိုင် လျှပ်စစ် ကို အခြေခံပြီးတော့ လုပ်စားနေတဲ့သူတွေအနေနဲ့လည်း ဘယ်လိုမှ အဆင်မပြေဘူး။ မီးလာမယ့်အချိန်ကို ထိုင်စောင့်နေရတာနဲ့ပဲ အချိန်ကုန်နေတော့ အလုပ်သမားကုန်ကျစရိုတ်ရယ်၊ ထွက်လာမယ့်ထုတ်ကုန်တွေရယ်၊ အဲဒီထိခိုက်မှုတွေ အများကြီးရှိလာတဲ့အတွက် လျှပ်စစ်မီးဖြတ်တောက်ခံနေရတာဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ပိုပြီးတော့ ဆိုးဆိုးရွားရွားဖြစ်သွားနိုင်တယ်လို့လည်း ကျနော်မြင်ပါတယ်။”

ဘီလူးချောင်း လောပိတရေအားလျှပ်စစ်စက်ရုံက ပို့လွှတ်ပေးတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတချို့ ဖောက်ခွဲခံရတာ၊ ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်က ရေအောက်ပိုက်လိုင်း ပြုပြင်နေနဲ့ LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ပိတ်လိုက်ရတာတွေကြောင့် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ တချို့ဒေသတွေကို ၂၄ နာရီ ဝန်အားလျှော့ချသွားမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ လျှပ်စစ်မီးပြတ်တဲ့ ဒုက္ခ၊ စက်သုံးဆီ ဈေးနှုန်းတွေ ကြီးမြင့်ဒုက္ခတွေကို နိုင်ငံတဝန်းက ပြည်သူတွေ ခံစားနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]










=================

XS
SM
MD
LG