သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်မီး အလှည့်ကျ ဖြန့်ဝေမှု အကြောင်းပြချက် ပေးသင့်


ရန်ကုန်မြို့လယ်၌ အမျိုးသမီး တစ်ဦး လှေကားမှ ဆင်းသွားပုံ
ရန်ကုန်မြို့လယ်၌ အမျိုးသမီး တစ်ဦး လှေကားမှ ဆင်းသွားပုံ

လျှပ်စစ်မီးကို အလှည့်ကျ ဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ တိကျတဲ့အကြောင်းပြချက် တစုံတရာ ပေးသင့်တယ်လို့ ထင်ရှားတဲ့ အနုပညာရှင်တချို့က ပြောလိုက်ပါတယ်။ လျှပ်စစ်မီးဟာ လူထုရဲ့ အဓိကလိုအပ်ချက် တရပ်ဖြစ်တဲ့အတွက် ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးခြင်းအားဖြင့် တာဝန်ရှိသူတွေ အနေနဲ့ လူထုရဲ့ ထောက်ခံမှုကို ရယူသင့် တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ မြို့ကြီးအတော်များများမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ မကျင်းပခင်ရက်အထိ လျှပ်စစ်မီး ပုံမှန် လာနေရာကနေ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်မှာ လျှော့ချပြီးတော့ အလှည့်ကျ ဖြန့်ေ၀ နေတာပါ။ လျှပ်စစ်မီးပေးတဲ့အချိန်ကို လျှော့ချပြီး အလှည့်ကျဖြန့်ဝေမယ်ဆိုတာကို နိုင်ငံပိုင် သတင်း မီဒီယာတွေ ကနေ ကြိုတင် ကြေညာခဲ့ပေမဲ့ ဘာကြောင့်ဆိုတာကို တော့ အတိအကျ မပြောခဲ့ပါဘူး။

ဒါကြောင့်လည်းပဲ ဧပြီလ ၅ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ ထင်ရှားတဲ့ အနုပညာရှင်တချို့ တွေ့ဆုံကြပြီး ဒီကိစ္စကို ပြောဆို ဆွေးနွေးကြတာဖြစ်ပါတယ်။ လျှပ်စစ်မီး လျှော့ချဖြန့်ေ၀ ရတဲ့အကြောင်းရင်း ကို မသိရဘူးလို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ တေးရေး အဆိုတော် ကိုဆောင်းဦးလှိုင်က ဆွေးနွေးပွဲမတိုင်ခင် ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ ပြောခဲ့ပါတယ်။

“ဒါဘာကြောင့် ဖြတ်တာလဲ ပေ့ါဗျာ။ ကျနော်တို့က တော့ ဘာမှ မကြားဘူးဗျ။ တရားဝင်တော့လေ။ ဘာကြောင့် ပျက်တာလဲပေါ့လေ။ ဒါကို ကျနော်တို့က ပျက်တယ်ဆိုရင် လူထုက တအား ဒုက္ခရောက် ပါတယ်ဆိုတဲ့ ကိစ္စ ကို အဓိက ထားဆွေးနွေး မှာပါ။ သူက ဘာကြောင့် ပျက်တာမှန်း ကို ကျနော်တို့ ကလည်း မသိဘူးခင်ဗျ။ ခြေခြေမြစ်မြစ် ပေါ့လေ။ တာဝန်ရှိတယ်ပေ့ါ။ နိုင်ငံတကာ အဆင့်မှာ ဆိုရင်တော့ ညွှန်ချုပ်တို့ ဝန်ကြီးတို့ ဘာတို့ က တောင်းပန်ရတယ်။ မရရင် သူတို့ မလုပ်နိုင်ရင် နှုတ်ထွက် ပေးရတာပေ့ါဗျာ။ မြန်မာပြည်မှာ တော့ ဘယ်သူ တာဝန်ယူမှာလဲ ပေ့ါနော်။ ဒါလေး တွေ ပြောဆို ဆွေးနွေးသွားမှာပါ။”

လျှပ်စစ်မီးဆိုတာ လူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပြီး အခုလို ၂၁ ရာစုကာလမှာ ကမ္ဘာပေါ်က တခြားနိုင်ငံ တွေ မှာလိုပဲ မြန်မာ နိုင်ငံမှာလည်း အလုံအလောက်သုံးစွဲနိုင်အောင် လုပ်ပေးသင့်တယ် ဆိုတဲ့အချက်အပါအဝင် တခြားအချက်တွေကို ပြောဆို ဆွေးနွေးခဲ့ ကြပါတယ်လို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့သူ အဆိုတော် အနဂ္ဂက ဗွီအိုအေကိုပြောပါတယ်။

“နောက်ထပ် တစ်ခုကတော့ လျှပ်စစ်မီး ပျက်တဲ့ အချိန်နဲ့ ကြားဖြတ် ရွေးကောက်ပွဲ နိုင် တဲ့ အချိန်နဲ့ က ကွက်တိ နီးပါး ဖြစ်နေတာ လေးကိုလည်း ပြောပြတယ်။ နောက်တစ်ခု က ကျတော့ လျှပ်စစ်မီး ကိစ္စပြောတဲ့ ဟာ တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားဖို့ မဟုတ်၊ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားဖို့ မဟုတ်၊ လုပ်ပေးသင့်တဲ့ ဟာလေးကို အစိုးရ နဲ့ ပြည်သူ နဲ့ ကျနော်တို့က ပြည်သူ့ ကိုယ်စား၊ အဲဒီလို မျိုးလေး ပေးဖို့ ကို ပြန်လည် တောင်းလျှောက်တဲ့ သဘောပေါ့။ အဲဒီလို မျိုးပြောတယ်။ နောက် တစ်ခုကလည်း ဒီဟာတွေ အကုန်လုံးက ကျနော်တို့ ဒီ အခွင့်အရေးတွေ အကုန်လုံးကလည်း ရထားပြီးသား ရှိထားပြီးသား အခွင့်အရေးတွေ အခု လတ်တလော ဆုံးရှုံးသွားတဲ့ ပုံစံမျိုး ကိုလည်း ပြောကြတယ် ခင်ဗျ။”

အခုလက်ရှိ လျှပ်စစ်မီးဖြန့်ဝေတဲ့ပုံစံက တသမတ်ထဲမရှိဘဲ တနေရာနဲ့တနေရာ မတူပါဘူး။ ည ၁၁ နာရီ လာရင် မနက် ၁၁ နာရီ မှာ ပြန်ပျက်တဲ့နေရာတွေရှိသလို ပျက်တဲ့အချိန်ကျ စောပျက်ပြီး လာရမယ့် အချိန်ကျ နောက်ကျလာနေတဲ့ နေရာတွေလည်း ရှိနေ တယ်လို့ အဆိုတော် အနဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးထုတ်လုပ်မှုက လုံလောက်တဲ့အပြင် ပိုလျှံနေတာကြောင့် နိုင်ငံခြားကိုတောင် ထုတ်ရောင်း နေရတယ် ဆိုပြီး သိပ်မကြာသေးခင်အချိန်ကပဲ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ပြောခဲ့ ဖူးပါတယ်။ ရောင်းတာဝယ်တာတွေကို အပြစ်တင်တာ မဟုတ်ဘဲ ပြည်သူလူထု လိုအပ်ချက်ကို အစိုးရတရပ် အနေနဲ့ လုပ်ပေးဖို့ကိုသာ ပြောတာပါလို့ အနဂ္ဂက ပြောပါတယ်။ အစိုးရအဖွဲ့ တရပ် နာမည်ကောင်း ရချင်တယ်၊ သမိုင်းမှာ နာမည်လှချင်တယ်ဆိုရင် ဒီလိုကိစ္စမျိုးဟာ အများဆုံး အလုပ်သင့်ဆုံး ဆိုတာကို လည်း ထောက်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။လျှပ်စစ်မီး အလုံအလောက်မရလို့ လူထု ကြုံတွေ့ နေရတဲ့ ဒုက္ခတွေကို ဆွေးနွေးပွဲတက်တဲ့သူ အသီးသီး ဖော်ပြ ပြောဆိုခဲ့ကြပုံတွေ ကိုတော့ အနဂ္ဂက အခုလို ပြန်ပြောပါတယ်။

“လူထု အနေနဲ့ ပေါ့နော်။ ကျနော်တို့ ရန်ရန်ချမ်း ပြောသွားတဲ့ စကားလေး အရ ပြောမယ် ဆိုရင်တော့ ကွန်ပျုတာ တစ်လုံးကို ချက်ချင်း ရပ်လိုက်စေ ချင်တယ် ဆိုရင်ပေ့ါနော်။ Shut down ခလုတ်ကို နှိပ်လိုက်ပါ။ အဲဒီ အခါကျရင် အဲဒီ ကွန်ပျုတာ တစ်လုံး က အလုပ်လုပ်တဲ့ နှုန်းတွေ အကုန်လုံး ချက်ချင်း ရပ်သွားတာ ပေ့ါနော်။ အဲဒီလို မျိုး ဘဲ ပြန်ပြီး ယှဉ်ကြည့်မယ် ဆိုရင် ဥပမာ အနေနဲ့ ရန်ကုန်မြို့ကို ချက်ချင်း ရပ်ချင်တယ် ဆိုရင်၊ ရန်ကုန်မြို့မှ မဟုတ်ဘူး။ အဲဒီလို မြို့ပြ တွေကို ချက်ချင်း ရပ်ချင်တယ် ဆိုရင် လျှပ်စစ်မီးကို ချက်ချင်း ပိတ်လိုက် ပါဆိုရင် အဲဒီ မြို့ပြတွေ က လုံးဝရပ်ဆိုင်းသွားလိမ့်မယ်။ ဆိုတော့ မြို့ပြတွေ ရပ်ဆိုင်းသွားလို့ ရှိရင် အဲဒီမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အကုန်လုံး၊ အကုန်လုံး တောက်လျှောက် ပါလာတယ်။ ပြီးရင် သံသာဝင်း ဖြေထားတဲ့ အထဲမှာ ဆိုရင် အမှောင်ထုကို အားပေးလိုက်တဲ့ အတွက် အမှောင်ထု က ဖြစ်လာမယ့် ရာဇဝတ်မှု တွေ အကုန်လုံးကလည်း အမှောင်ထု က မောင်းနှင်ပေးလိုက်တဲ့ အင်အား တစ်ခု ဖြစ်သွားမယ် လို့ ပြောသွားတယ် ခင်ဗျ။”

လျှပ်စစ်မီး အလုံအလောက်မရတာနဲ့ပတ်သက်ပြီး စုဝေးဆွေးနွေးခဲ့ကြတာမှာ ပါဝင်ခဲ့တဲ့ အဆိုတော် အနဂ္ဂပါ။

မတ်လ ၅ ရက်၊ ကြာသပတေးနေ့က ဆွေးနွေးပွဲမှာ အဆိုတော်တွေဖြစ်ကြတဲ့ ဆောင်းဦးလှိုင်၊ သျှီ၊ ရန်ရန်ချမ်း၊ သံသာဝင်း၊ အနဂ္ဂတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲရက် ပြီးကတည်းက လျှပ်စစ်မီးကို လျှော့ချခဲ့တာဖြစ်ပေမဲ့ ဘယ်အချိန်မှာ အပြည့်အ၀ ပြန်ပေးမယ်ဆိုတာ ကိုတော့ ဘယ်သူမှ အတိအကျ မသိရသေးပါဘူးခင်ဗျား။

XS
SM
MD
LG