ဒီကနေ့မနက်ပိုင်းက ပြည်မြိ့မှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆိုသူတွေကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က အတင်းဝင်ရောက် ရိုက်နှက်ပြီးတော့ တချို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီ လူတွေကို နေ့လည်ပိုင်းမှာမှ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ ပါတယ်။ မန္တလေးမြို့မှာတော့ မီးပေးတဲ့အချိန် ပုံမှန်လို ပြန်ဖြစ်လာနေပြီလို့ မြို့ခံတဦးကပြောပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်မှာ တော့ ပုံမှန်မီးမရသေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတချို့ စစ်ဆေး မေးမြန်းခံရမှာကို စိုးရိမ်ပြီး တိမ်းရှောင် နေကြပါတယ်။ ဒီအခြေအနေတွေအားလုံးကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။
ပြည်မြို့မှာ ဒီကနေ့မနက်ပိုင်းက သုံးရက်မြောက်ဆန္ဒပြခဲ့တာကို အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ကြိုတင် ပြင်ဆင် စီစဉ်ပြီး တော့ကို အတင်း ဝင်ရောက်ရိုက်နှက်ပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး တဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ပြည်ထောင်ထဲမှာ ချုပ်ထားခဲ့ပါတယ်။ ဆန္ဒပြသူတွေက ထောင်ရှေ့ကို လိုက်သွားကြပြီး စုဝေး စောင့်ဆိုင်း နေခဲ့ကြတာ လူ ၂,၀၀၀ လောက်ထိ ရှိခဲ့တယ်လို့ အဲဒီမှာ ရှိနေသူတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ နေ့လည် ၂ နာရီကျော် မှာတော့ အဲဒီလူ ၆ ယောက်ကို အာမခံနဲ့ပြန်လွှတ်ပေးခဲ့တာပါ။ ပြန်လွတ်လာသူ တဦးဖြစ်တဲ့ ကိုကျော်ဆွေက -
"လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကနေပြီးတော့ ကျနော်တို့ကို အာမခံလိုက်တယ်ပေါ့။ ခံဝန်လုပ်ပေးတော့ ကျနော်တို့ကို ပြန်လွှတ်ပေးလိုက်တယ်။ ဆန္ဒပြမှုကို သူတို့က ခွင့်မပြုပဲနဲ့ ပြတယ်၊ အဲဒီအတွက် ဒီဥစ္စာကို သူတို့က အပြစ်ရှိတယ်၊ ပုဒ်မ (၁၈) အရ အရေးယူပါ့မယ်ဆိုပြီးတော့ ကျနော်တို့ကို အမှုဖွင့်တာပေါ့။ အမှုမပေးသေးတဲ့ သဘောပါပဲ။ တရားရုံးက တရားစွဲမယ် ထင်ပါတယ်။ ကျနော်တို့က အဲဒါကို မသိသေးပါဘူး။ တရားစွဲလည်း ကျနော်တို့က အများအတွက် လုပ်တဲ့အတွက် တရားစွဲတာ ကျနော်တို့ ခံမှာပါပဲ။"
အတင်း ဝင်ပြီး ရိုက်နှက်တာကို အပြင်းထန်ဆုံး ခံခဲ့ရသူကတော့ ကိုဝင်းနိုင် ဆိုသူပါ။ သူ အရိုက် ခံရပုံနဲ့ နောက်ပိုင်း ဖြစ်ရပ်တွေကို သူက အခုလို အသေးစိတ် ပြန်ပြောပြပါတယ်။
"ကျနော့် ကျောကုန်းကို ၂ ချက်၊ ခါးကို ၁ ချက်၊ နောက်ပြီး ဘေးတစောင်းကို ၁ ချက်၊ နောက် ခေါင်းကို ၁ ချက်ရိုက်တဲ့အချိန်မှာ ကျနော် လက်ကို ကာလိုက်တယ်။ အဲ . . ဗိုက်ကို စောင့်ကန်တော့ရင်ဗျာ၊ ကျနော့်ကို ကတ္တရာနဲ့ ခေါင်းနဲ့ ကျမှာစိုးလို့ ရဲတွေက အင်္ကျီကိုပိတ်ပြီးတော့ အားရပါးရ ပိတ်စွဲထဲ့လိုက်တာ ကျနော်
ကြယ်သီး ပြုတ်သွားတယ်။ အင်္ကျီကလည်း ပြဲသွားတယ်။ ကျနော့်ကိုဗျာ အဲဒီလို သူတို့က ဝိုင်းချုပ်တယ်၊ ပြီးလည်ပြီးရော ခြေထောက်က လူ ၄ ယောက်စွဲတယ်၊ လက်က ၄ ယောက်စွဲပြီးတော့ရင် ကျနော့်ကို အချုပ်ကားပေါ်ကိုဗျာ၊ ခွေးကိုတင်နည်း ပစ်တင်လိုက်တာ ဗုံးဆိုပဲ။ အဲဒီမှာ ကျနော်က ခေါင်းနဲ့ အချုပ်ကားနံရံနဲ့ ကျတယ်။ ဒါပေမယ့် ကျနော့်လွယ်အိတ်ခံနေတော့ ခေါင်းက နဲနဲပဲ ထူပူသွားယုံပဲ ရှိတာ။ အဲဒါပြီးတော့ ကျနော်တို့ကို မြို့ထဲပတ်ပြီးတော့ အချုပ်ကားကြီးနဲ့ ခေါ်သွားတယ်ဗျ။ ကျနော်တို့ ၆ ယောက်ပေါ့။ ထောင်ထဲ တန်းထဲ့တယ်ဗျ၊ ထောင်ထဲကို။ ထောင်ထဲကျတော့ ကျနော်တို့က ထောင်ပိုင်ကြီးရုံးခန်းအောက်မှာ နေရတယ်။"
ပြည်မြို့ဘက်မှာ အဲဒီလို အကြမ်းဖက် နှိမ်နင်းတာတွေရှိခဲ့တာကြောင့် ရန်ကုန်မြို့က ပြီးခဲ့တဲ့ရက်ပိုင်း ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့သူ တွေကြားမှာ စိုးရိမ်မှုတွေဖြစ်လာပြီး တချို့ဆိုရင် အာဏာပိုင်တွေ ခေါ်ယူစစ်ဆေးမှာကို မလိုလားတဲ့အတွက် တိမ်းရှောင် နေကြပါတယ်။ အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်မျိုးတွေ တခြားနေရာတွေမှာပါ ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူ ကိုညီထွေးလေးက ဗွီအိုအေကို ပြောပါတယ်။
"အခု ပြည်မှာဖြစ်သွားတဲ့ကိစ္စဆိုရင် ဒါဟာ ခနတဖြုတ် ထိန်းတယ်ဆိုတာ ဒါဟာ အခုလောလောဆယ်မှာ ရှိသင့် ရှိထိုက်တဲ့ဟာလို့ ပြောနိုင်ပေမယ့် ဒီလူတွေကို ထပ်မံပြီး တစုံတရာ ဒုက္ခ မပေးစေချင်ဘူး၊ ဒါဟာ လူထုတွေ လိုအပ်ချက်ကို တောင်းဆိုနေကြတာ။ ပြီးတော့ ကိုယ်ထိလက်ရောက် သူတို့ အရင်တုန်းကအတိုင်း နှိမ်နင်းခဲ့တာကို ကျနော်တို့ မကြိုက်ဘူးဗျ။ ဒီလိုဟာတွေက ပြည်မှာ စဖြစ်ပြီး ဒိပြင်နေရာတွေမှာလည်း ဖြစ်လာနိုင်တယ်လေ။ အဲဒါကြောင့်မို့ ကျနော်တို့ စိုးရိမ်မှုတော့ ရှိပါတယ်ဗျ။"
နှစ်ရက်ဆက်တိုက် ဆန္ဒပြပွဲဖြစ်ခဲ့ပြီးတဲ့နောက် တတိယမြောက်ရက်မှာ လူ ၁၅ ယောက်ထက်မနည်းကို ရဲအထူး သတင်းတပ်ဖွ့ဲက ခေါ်ယူ မေးမြန်းတာတွေ ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာတော့ ဆန္ဒပြပွဲကြီးတွေ ထပ်မဖြစ်တော့ဘဲ ဒီကနေ့မနက်ပိုင်းမှာ အသေးလေးတခု ပဲရှိခဲ့ပါတယ်။ အဲဒီအခြေအနေကို သိထားတဲ့ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူ ဒေါ်အမာနီက -
"မနက်ပိုင်းတုန်းကတော့ ဆီဒိုနားရှေ့မှာ အီလက်ထရစ် (Electric) တစီးနဲ့လာပြီးတော့ မီးသီးတွေ ပါးစပ်ထဲကို ကိုက်တယ်တဲ့။ ဝါယာကြိုးတွေ ပါးစပ်ထဲမှာ ကိုက်ပြီးတော့ ဆန္ဒပြသွားတာ ရှိတယ်။ မနက်ကတော့ သူတို့ကိုတော့ ရဲစခန်းထဲကိုတော့ ရဲစခန်းထဲကို ပြန်ခေါ်သွားတယ်လို့ ပြောတယ်။"
မန္တလေးနဲ့ရန်ကုန်မြို့တွေမှာ လျှပ်စစ်မီး အပြည့်အ၀ ပြန်ပေးနိုင်အောင် ပြည်ပကနေ မီးစက်တွေမှာထားသလို ပျက်စီးနေတဲ့ ဓာတ်အားတိုင်တွေကိုလည်း အလျင်အမြန် ပြင်ဆင်နေတယ်လို့ သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူတွေက ပြောထားပါတယ်။ အခု တော့ မန္တလေးမြို့မှာ ဆန္ဒပြပွဲတွေ မတိုင်ခင်ကထက်စာရင် အချိန်မှန်လေး ပျက်၊ အချိန်မှန်လေး လာနေတယ်လို့ ဒေါ်အမာနီက ပြောပါတယ်။
ဒါပေမဲ့လည်း ရန်ကုန်မြို့မှာကတော့ ခုချိန်ထိ ပုံမှန် ပြန်မဖြစ်သေးဘဲ ပျက်ချိန် များနေတုန်း၊ လာမယ်ဆိုတဲ့အချိန်မှာ မလာဘဲ ရှိနေတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။
လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ တရားဥပဒေနဲ့ မကိုက်ညီဘူး ဆိုတဲ့သဘောမျိုး မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ လျှပ်စစ်မီး အပြည့်အ၀ ပြန်လည်ရရှိရေး တာဝန်ရှိသူတွေဘက်က အပြင်းအထန် ကြိုးစားနေသလို လူထုဘက်က စိတ်ရှည်သည်းခံပြီး လျှပ်စစ်မီးကို ခြိုးခြံ ချွေတာပြီးတော့ သုံးစွဲခြင်းအားဖြင့် ပူးပေါင်း လုပ်ဆောင်ပေးဖို့ကိုလည်း ပန်ကြား ထားပါတယ်။