သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven သတင်းထောက်တွေအမှု ညှိနှိုင်းဖြေရှင်းဖို့ ပြန်ကြားရေး ဒုဝန်ကြီးတိုက်တွန်း


Eleven Media သတင်းသမားများ ရုံးထုတ်လာစဉ်
Eleven Media သတင်းသမားများ ရုံးထုတ်လာစဉ်

ဒီကနေ့ တရားရုံးကနေ Eleven သတင်းမီဒီယာ သတင်းထောက်တွေကို အာမခံပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ဒီပြဿနာကို အေးအေးဆေးဆေးနဲ့ ပြေလည်အောင် ဖြေရှင်းကြစေလိုကြောင်း ပြန်ကြားရေးဒုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ပြဿနာတွေပြေလည်အောင်ဖြေရှင်းနိုင်ရေး နိုင်ငံတော်သမ္မတညွှန်ကြားသလို သတင်းမီဒီယာကောင်စီဘက်က ကြားဝင်ဖြေရှင်းပေးဖို့ဆိုရင် တရားရုံးက အာမခံပေးလိုက်ရုံနဲ့ မလုံလောက်ပဲ အမှုကို ရုပ်သိမ်းပေးဖို့ လိုတယ်လို့လည်း သတင်းသမားတွေက သုံးသပ်ပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူအများက အကြည်ညိုပျက်အောင် ရေးသားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲု့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားလိုလုပ်ပြီး အမှုဖွင့်ထားလို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Eleven Media က အယ်ဒီတာချုပ် ၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက် ပေါင်းသုံးဦးဟာ ဒီကနေ့မှာတော့ ရန်ကုန်တိုင်း တာမွေမြို့နယ်တရားရုံးက တဦးကို သိန်းတရာစီနဲ့ အာမခံနဲ့ ပြန်လွတ်မြောက်လာကြပါတယ်။ အခုလို တရားရုံးကနေ Eleven သတင်းသမားသုံးဦးကို အာမခံပေးလိုက်တဲ့အပေါ် ဝမ်းသာကြိုဆိုကြောင်းနဲ့ ပြဿနာကို ပြေလည်အောင် အေးအေးဆေးဆေး ဖြေရှင်းကြစေလိုတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“မီဒီယာသမား မီဒီယာလောကနဲ့ အစိုးရ ကြားမှာ အဲဒီလို ပွတ်တိုက်မှုတွေနည်းပါးသွားလေ၊ အဆင်ပြေသွားလေ ကျနော်ကတော့ ဝမ်းသာလေပါပဲ။ ဒါကောင်းတဲ့ လက္ခဏာပါ။ ကျနော်ကကြိုဆိုပါတယ်။ ဆက်ပြီးတော့ ဒီပြဿနာကို ကိစ္စပြီးအောင်အထိ အေးအေးဆေးဆေးနဲ့ပြေလည်အောင် ဖြေရှင်းသွားနိုင်ပါလို့ ပဲ ကျနော်မျှော်လင့် ဆုတောင်းပါတယ်။”

အထူးသဖြင့် တရားစွဲဆိုဖမ်းဆီးအရေးယူမှုတွေနဲ့ မကြာခဏ ထိပ်တိုက်တွေ့နေတဲ့ သတင်းမီဒီယာတွေ နဲ့ အစိုးရတို့ကြား ပွတ်တိုက်မှုတွေ နည်းပါးပြီးတော့ မဏ္ဍိုင်ကြီးတွေကြား ဆက်ဆံရေး ပိုပြီးတော့မှ အဆင်ပြေ ချောမွေ့လာစေလိုပါတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

“ကျနော်ဒီကိစ္စကို လက်ရှိဖြစ်ပေါ်တိုးတက်လာတာကို ကျနော်ဝမ်းသာပါတယ်။ အဲဒါကိုရှေ့ဆက်ပြီးတော့ပေါ့လေ ပိုပြီးတော့ အေးအေးဆေးဆေးနဲ့ ပြဿနာအားလုံးပြေလည်အောင်အထိ ဖြေရှင်းသွားနိုင်ပါစေလို့ ကျနော်မျှော်လင့်ပါတယ်။ အဲဒီလိုဆိုတော့ မီဒီယာနဲ့ အစိုးရကြားမှာလည်း အပြန်အလှန် ယုံကြည်မှုတွေရရှိလာမှာပေါ့နော်။ ဆက်လက်ပြီးတော့ ကျနော်တို့လက်တွဲ လုပ်စရာတွေလည်း အများကြီးရှိပါတယ်။ ရေရှည်မှာတော့လုပ်စရာတွေအများကြီးပါပဲခင်ဗျ၊ မီဒီယာရဲ့ အခက်အခဲတွေကိုလည်း ကျနော်တို့နားလည်ပါတယ်။ အရင်ကလည်းရှိပါတယ် မဏ္ဍိုင်လေးခုဆွေးနွေးဖို့လေ။ Four Pillars Talk ဆိုပြီးတော့ပဲ စာနယ်ဇင်းကောင်စီကပဲ ဦးဆောင်ပြီးတော့ ပြုလုပ်ပေးပါတယ်။ ကျနော်တို့ အာဏာပိုင်အဖွဲ့အ စည်းသုံးရပ်ရယ် နောက်မီဒီယာရယ် ဆွေးနွေးကြတာပေါ့ခင်ဗျာ။ ဆက်ပြီးတော့လည်းအများကြီးလုပ်ဖို့အစီစဉ်ရှိ ပါတယ်။ ကျနော်တို့ဝန်ကြီးဌာန အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်။”

ဒါပေမဲ့လို့ အခုလို Eleven သတင်းထောက်သုံးဦးကို တရားရုံးက အာမခံပေးလိုက်ရုံနဲ့တော့ ပြဿနာတွေဟာ ပြေလည်သွားမှာမဟုတ်ဘူးလို့လည်း သတင်းသမားတွေက ဝေဖန်ပြောဆိုနေကြပါတယ်။ နိုင်ငံတော်သမ္မတက ညွှန်ကြားထားသလို သတင်းမီဒီယာကောင်စီဘက်က ကြားဝင်ညှိနှိုင်းဖြေရှင်းပေးဖို့ဆိုရင်တော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘက်က တရားစွဲဆိုထားတဲ့ အမှုကို လုံးဝရုပ်သိမ်းပေးဖို့လိုတယ်လို့ သတင်းစာဆရာဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

“သူ့ process က သမ္မတရုံးကကြေငြာချက်ထဲမှာ မီဒီယာကောင်စီမှာ ကြားဝင်ပြီးတော့မှ ဖြေရှင်းခိုင်းဖို့ဆိုတာပါ တယ်။ သူတို့က မီဒီယာကောင်စီကိုတိုင်ဖို့ဆိုလျှင် အဲဒီတရားရုံးမှာ အမှုရှိမနေမှ ရမယ်။ အခု အာမခံပေးလိုက်တယ် ဆိုပေမဲ့ ရုံးမှာ အမှုကရှိနေပြီးသာဖြစ်တယ်။ ရှိနေပြီးသားဆိုတော့ ဒီမီဒီယာကောင်စီရဲ့ လုပ်ထုံးလုပ်နည်းအရ သူဝင်ပါပေးလို့မရဘူး သေချာတာကတော့ တချိန်ချိန်မှာ ဒီရုံးချိန်းမဟုတ်လည်း နောက်ရုံးချိန်းတခုခုမှာ သူတို့တွေက အမှုကို ရုတ်သိမ်းပေးရမှာပဲ။”

Eleven Media သတင်းထောက်သုံးဦး ဖမ်းဆီးအရေးယူ ထားတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရ နဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ တို့ တွေ့ဆုံကြချိန် သတင်းမီဒီယာကောင်စီဘက်က အမှုအရင် ရုပ်သိမ်းဖို့ ပြောဆို ထားပေမယ့်လို့ ရန်ကုန်တိုင်းအစိုးရဘက်ကတော့ တရားဝင် တုန့်ပြန်မှုမရှိသေးပါဘူး။ တကယ်လို့ အမှုကို ရန်ကုန်တိုင်းအစိုးရဘက်က တရားဝင်မရုပ်သိမ်းပေးဘူးဆိုရင်တော့ သတင်းမီဒီယာအဖွဲ့အစည်းတွေဘက်က ကြားဝင်ဖြေရှင်းပေးဖို့ မလွယ်ကူနိုင်ဘူးလို့လည်း ဦးစည်သူအောင်မြင့်က ရှု့မြင်ပါတယ်။

“အာမခံပေးသင့်တာ ပေးတယ်ဆိုတာက တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းပဲလေ။ ဒါပေမဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ လုပ်ပုံလုပ်နည်းက လွဲမှားနေတာကိုး။ လွဲမှားနေလို့လည်း သူ့ကို သမ္မတရုံးကနေပြီးတော့ ပြန်ပြီးတော့ လမ်းညွန်တာ ညွန်ကြားတဲ့ ဥစ္စာတွေလုပ်ရတဲ့ သဘောသွားဖြစ်နေတာလေ။”

Eleven Media မှာရေးသားထားတဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည် ပေါက် ပြည်သူ့ရှယ်ယာ” ဆိုတဲ့ သတင်းဆောင်းပါးရေးသားသူ ဆောင်းပါးရှင် ကိုဖြိုးဝေ(ခ) ကိုဖြိုးဝေဝင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းတို့ကို ရန်ကုန်တိုင်းအစိုးရဘက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီကနေ့ သတင်းသမားတွေကို အာမခံပေးလိုက်တဲ့ ရုံးချိန်းမှာတော့ တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းအစိုးရဘက်က တာဝန်ရှိသူတွေ မလာရောက်ခဲ့ကြသလို လာမယ့်နိုဝင်ဘာ ၉ရက်မှာတော့ တာမွေတရားရုံးမှာ ဒီအမှုကို ထပ်မံကြားနာဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG