သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven Media CEO ရန်ကုန်မြို့လယ် တိုက်ခိုက်ခံရ


(ဓာတ်ပုံ - eleven media)
(ဓာတ်ပုံ - eleven media)

Eleven မီဒီယာရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်ကို အကြမ်းဖက် တိုက်ခိုက်သူတွေ စီးနင်းလာတယ်ဆိုတဲ့ တက္ကစီယာဉ်နဲ့ ယာဉ်မောင်းဆိုသူကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့ညက ဖမ်းဆီးထားနိုင်ခဲ့ပြီး အမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ Eleven မီဒီယာက သတင်းထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲနီးကပ်လာချိန်မှာ အခုလို မီဒီယာသတင်းသမားတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့အခြေအနေကို ပြည်တွင်းသတင်းသမားတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အင်္ဂါနေ့ ညနေ ၆ နာရီဝန်းကျင်လောက်က ရန်ကုန်မြို့ ဦးချစ်မောင်လမ်းနဲ့ မင်းလမ်းထောင့်မှာ ဒေါက်တာသန်းထွဋ်အောင် ကိုယ်တိုင်မောင်းလာတဲ့ ကိုယ်ပိုင်ယာဉ်ကို လူ ၅ ဦးပါဝင်တဲ့ အဖွဲ့က သေစေနိုင်တဲ့ ကုန်းသီးတွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက် လုပ်ကြံခဲ့တာပါ။ ဒီပစ်ခတ်မှုကြောင့် ကားမှန်ကိုထိခိုက်ခဲ့ပြီး ဒေါက်တာသန်းထွဋ်အောင်ကို ထိခိုက်ဒဏ်ရာရခဲ့တာ မရှိဘူးလို့ Eleven မီဒီယာရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ - eleven media)
(ဓာတ်ပုံ - eleven media)

သူ့ကိုအကြမ်းဖက်လုပ်ကြံဖို့ ကြိုးစားသူတွေ စီးနင်းလာတယ်ဆိုတဲ့ တက္ကစီယာဉ် 5D/3938 နဲ့ ယာဉ်မောင်းဆိုသူကို အခင်းဖြစ်ပွားပြီးချင်း ညပိုင်းမှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အခုလို သတင်းမီဒီယာသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အမှုကို အမြန်ဆုံး အရေးယူပေးဖို့ လိုအပ်တယ်လို့ သတင်းမီဒီယာသမား ကိုစိန်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“Eleven Media ရဲ့ CEO ဖြစ်တဲ့ ဒေါက်တာ သန်းထွဋ်အောင်ကို တမင်ရည်ရွယ်ပြီးတော့ တိုက်ခိုက်တဲ့ဟာပေါ့နော် ဒါက ဘယ်သူတွေလုပ်တာရယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာရယ်လို့တော့ မသိနိုင်သေးဘူး။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ကို ဟုတ်လား ရန်ကုန်မြို့လယ်မှာ အဲလိုမျိုး တိုက်ခိုက်မှုဖြစ်တယ် ဆိုတဲ့ဟာကတော့ မကောင်းတာတော့ အသေအချာပဲလေ။ စုံစမ်းစစ်ဆေးမှုတွေ သေသေချာချာ လုပ်ပြီးတော့မှပဲ ဘာကြောင့် ဘယ်လိုဆိုတဲ့ဟာကို သိရမယ်။ အဲဒီကိစ္စတွေမှာလည်း တကယ်ကိုပဲ စုံစမ်းစစ်ဆေးမှုတွေ မြန်မြန်ဆန်ဆန်နဲ့ သွက်သွက်လက်လက် လွတ်လွတ်လပ်လပ် လုပ်ကြဖို့ လိုပါတယ်။”

ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်တွင်းသတင်းမီဒီယာသမားတွေအနေနဲ့ အခြေအနေတွေကို စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့လည်း သူက အခုလို ပြောပါတယ်။

“သတင်းသမားတွေအနေနဲ့ လုံခြုံမှုလို့ ပြောတဲ့နေရာမှာ နိုင်ငံရေးအရ ပွတ်တိုက်မှုတွေ များလာတဲ့အခါ လုံခြုံရေးမှာ ဘက်တွေဘက်တွေ ပါလာတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့က ဒေသတွင်းမှာ ဒါမျိုးတွေ အဖြစ်များတဲ့ ဖိလစ်ပိုင်လိုများ ဖြစ်လာနိုင်သလားပေါ့။ ကျနော်တော့ အဲလောက်အထိတော့ မြန်မာနိုင်ငံက သွားမယ်အနေအထားတော့ မတွေ့ရသေးဘူးပေါ့နော်။ မြန်မာပြည်က အဲလောက်အထိ ရုန်းရင်းဆန်ခတ် သတင်းသမားတွေနဲ့ ပတ်သက်ပြီးတော့ ရုန်းရင်းဆန်ခတ် အနေအထား လောလောဆယ်မှာတော့ မရှိသေးဘူး။”

ဒီလုပ်ကြံမှုဟာ လူအများအပြားနဲ့ စနစ်တကျ အကွက်ချပြီး လုပ်ကြံခဲ့တာဖြစ်တယ်လို့ ဒေါက်တာသန်းထွဋ်အောင်က ပြောဆိုကြောင်း Eleven မီဒီယာ အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့လည်း ဗဟန်းရဲစခန်းမှာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၆/၄၂၇ နဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။

XS
SM
MD
LG