သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EMG အမှုဆောင်အရာရှိချုပ်နဲ့ အယ်ဒီတာချုပ် အဖမ်းခံ


တာမွေရဲစခန်းကို ရောက်ရှိလာတဲ့ Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်။
တာမွေရဲစခန်းကို ရောက်ရှိလာတဲ့ Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အပါအဝင် ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ ဆင့်ခေါ်ခံထားရတဲ့ Eleven Media Group တာဝန်ရှိသူတွေဟာ ဒီကနေ့မှာပဲ တာမွေမြို့နယ်ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ကြပါတယ်။ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မှာနဲ့ပတ်သက်လို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထွေးက အခုလိုပြောပါတယ်။

"အမှုမှာ စွပ်စွဲခံထားရတဲ့အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ ဖြစ်ပါတယ်။ သူတို့ကို ကျနော်တို့ စစ်မယ်။ သူတို့ ပုံစံတွေ ဘာတွေယူမယ်။ ပြီးရင် တရားရုံးကို ရမာန်သွားယူမယ်။ ပြီးရင် ကျနော်တို့ အမှုတွဲ ဆက်တည်ဆောက်မယ်။"

Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ ၂ ဦးကိုတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းရဲ့ ရန်ကုန်တိုင်းအစိုးရက ဒီသီတင်းပတ်ထဲမှာပဲ တရားစွဲဆိုခဲ့ပြီးနောက် အမှုရင်ဆိုင်ဖို့ ရဲစခန်းက ဆင့်ခေါ်ထားတာပါ။

နိုဝင်ဘာ ၆ ရက်နေ့က Daily Eleven သတင်းစာရဲ့“ရွေးကောက်ပွဲ တနှစ်ကြာသော်” ဆိုတဲ့ အယ်ဒီတာ့အာဘော်မှာ ဝန်ကြီးချုပ် တဦးဟာ ဒေါ်လာ သိန်းချီတန်တဲ့နာရီကို လုပ်ငန်းရှင်တဦးထံက ရယူထားတယ် ဆိုပြီး ရေးသားခဲ့တဲ့ အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တရားလိုလုပ်ပြီး တာမွေရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ ၂ ဦးကိုတော့ တာမွေမြို့နယ် ရဲစခန်းက တရားရုံးကို ပို့ဆောင်ခဲ့ပြီး၊ ချုပ်နှောင်ဖို့ ရမာန်ရယူခဲ့တာပါ။ တရားစွဲဆိုခံထားရတဲ့ Eleven Media Group တာဝန်ရှိသူတွေကတော့ သူတို့ဖော်ပြချက်နဲ့ ပတ်သက်လို့ ခုခံကာကွယ်သွားမယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG