သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မီဒီယာ ခြိမ်းခြောက်တိုက်ခိုက်ခံနေရပြီလား


Eleven Media Group journalist arrested
Eleven Media Group journalist arrested

ရန်ကုန်တိုင်းအစိုးရက Eleven Media သတင်းသမား ၃ ဦးကို အမှုဖွင့် အရေးယူလိုက်တာဟာ လာမယ့်ကာလမှာ သတင်းထောက်တွေက အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ဆန်းစစ်မှု မလုပ်ရဲအောင် ခြိမ်းခြောက်လိုက်သလို ဖြစ်သွားစေတယ်လို့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီက ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက Eleven Media သတင်းသမား ၃ ဦးကို အမှုဖွင့် အရေးယူလိုက်တာဟာ လာမယ့်ကာလမှာ သတင်းထောက်တွေက အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ဆန်းစစ်မှု မလုပ်ရဲအောင် ခြိမ်းခြောက်လိုက်သလို ဖြစ်သွားစေတယ်လို့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီက ပြောကြားသလို၊ ဒါဟာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက်လည်း စိုးရိမ်စရာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရန်ကုန်တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်းလွှတ်တော်အတွင်း ဆွေးနွေးချက်တွေပေါ် အခြေခံပြီး သတင်းဆောင်းပါ ရေးသားဖေါ်ပြခဲ့တဲ့ Eleven Media က ဆောင်းပါးရှင်၊ တာဝန်ခံ အယ်ဒီတာနဲ့ အယ်ဒီတာချုပ် ၃ ဦးတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူလိုက်တာဟာ လာမယ့်ကာလမှာ သတင်းထောက်တွေက အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ဆန်းစစ်မှု မလုပ်ရဲအောင် ခြိမ်းခြောက်လိုက်သလို ဖြစ်သွားစေတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော်က ထောက်ပြပါတယ်။

“သတင်းသမားတွေဘက်ကတော့ သတ္တိရှိတဲ့သူတွေကတော့ ဆက်ပြီး ရေးသားနေဦးမှာပဲ၊ ဒါပေမဲ့ စိုးရိမ်တဲ့သူ သို့မဟုတ် သတင်းထောက်က မစိုးရိမ်တောင်မှ ထည့်သွင်းဖေါ်ပြမယ့် တာဝန်ရှိ အယ်ဒီတာတွေက မထည့်ရဲ မဖေါ်ပြရဲရင် အဲလိုဟာမျိုးတွေက စာမျက်နှာပေါ် ရောက်ဖို့ ခက်ခဲသွားလိမ့်မယ်။ အရင်ကထက်ကို လျော့သွားမှာ အမှန်ပဲ။ ဒီကိစ္စမျိုးကိုမေးဖို့ လက်တွန့်သွားမယ်ဆိုရင် သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက်တင်မကဘူး အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဝေဖန်ထောက်ပြတဲ့ Check and balance စနစ်ကိုပါ သွားအားနည်းစေတဲ့အတွက် အစိုးရပိုင်းမှာ အကယ်၍များ ခြစားမှုတို့ လာဘ်စားမှုတို့ အဲလိုမျိုးတွေရှိနေခဲ့ရင်တောင် ထောက်ပြမယ့် ဝေဖန်ထောက်ပြမယ့် မီဒီယာလိုဟာမျိုး နည်းသွားရင် ခြစားမှုတွေ ပိုကြီးထွားလာနိုင်တယ်၊ များပြားလာနိုင်တဲ့ အနေအထားမျိုး ရှိလာနိုင်တယ်။ ဒါက တနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။”

Eleven Media သတင်းသမားတွေကို အခြားနည်းလမ်း အခြားဥပဒေတွေနဲ့ အရေးယူနိုင်လျက်နဲ့ အခုလို ပုဒ်မ ၅၀၅(ခ)ကို သုံးပြီး အရေးယူ တာဟာ သင့်မြတ်လျှော်ကန်မှု မရှိဘူးလို့ ကောင်စီဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“အသရေပျက်စေတယ်လို့ ယူဆရင်တောင်မှ အဲဒီဟာက သတင်းမီဒီယာဥပဒေရှိတယ်။ နောက်တခုက ပုဒ်မ ၅၀၀ ဆိုတဲ့ဟာရှိတယ် ပေါ့နော်။ ဆိုတော့ အဲဒီပုဒ်မတွေ မသုံးပဲနဲ့ ၅၀၅(ခ)ကို သုံးတဲ့ရည်ရွယ်ချက်ကလည်း အပြစ်မြောက်အောင် နောက်တခုက တန်းပြီးတော့ အချုပ်ထဲရောက်အောင် ဆိုတဲ့ရည်ရွယ်ချက်မျိုး တွေ့နေရတယ်။ အဲဒါကလည်း မဆီလျော်တဲ့ပုဒ်မနဲ့ အာဏာကို .. အစိုးရဖြစ်တဲ့အတွက် ဒီတရားစီရင်ရေး ယန္တယားကို တလွဲသုံးတဲ့သဘောမျိုးလို့ ကျနော်တို့ယူဆတယ်။ ”

NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းအစိုးရက သတင်းသမားတွေကို အခုလို ဖမ်းဆီးအရေးယူတာဟာ ဒါ ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ အရင်ကလည်း Eleven Media Group တည်ထောင်သူ အမှုဆောင်အရာရှိ ဒေါက်တာသန်းထွဋ်အောင်ကိုရော ၊ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကိုပါ ဖမ်းဆီးအရေးယူခဲ့တာမျိုး ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရက သတင်းသမားတွေပေါ် အခုလို ဖမ်းဆီး အရေးယူလာတာတွေဟာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် စိုးရိမ်စရာ ဖြစ်စေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက မြင်ပါတယ်။

“လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းသမားတွေအပေါ်မှာ အရေးယူဖို့ ဆောင်ရွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထိန်းကြောင်း ဆောင်ရွက်နိုင်မှု မရှိဘူးဆိုရင် လာမယ့်ကာလတွေမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဟာ အားနည်းသထက် နည်းသွားနိုင်တယ်။ နောက်ပြီးတော့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ဖိနှိပ်ခံဘဝကို ရောက်သထက် ရောက်သွားမယ်ဆိုရင် စတုတ္ထမဏ္ဍိုင်ရဲ့ ထိမ်းကြောင်းမှုဟာလည်း အားလျော့သထက် လျော့သွားနိုင်တယ်။ အဲဒီလို အားလျော့သွားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဟာလည်း ထပ်ပြီးတော့ အားလျော့သွားနိုင်တဲ့ အနေအထားရှိတဲ့ အတွက်ကြောင့်မို့လို့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဒီသတင်းမီဒီယာ သမားတွေပေါ် ဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲရဲ့ စိုးရိမ်ခြေမှတ်တခုလို့ ပြောရင်တောင်ရတယ်လို့ ကျနော်မြင်ပါတယ်။”

Eleven Media မှာရေးသားထားတဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည် ပေါက် ပြည်သူ့ရှယ်ယာ” ဆိုတဲ့ သတင်းဆောင်းပါးဟာ ရန်ကုန်တိုင်းအစိုးရအပေါ် အများပြည်သူ အကြည်ညိုပျက်စေပြီး ပြည်သူတွေက အစိုးရပေါ် ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခဲ့တာကြောင့် ဆောင်းပါရှင် ကိုဖြိုးဝေ(ခ) ကိုဖြိုးဝေဝင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ အရေးယူရတာဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန် ပါတယ်။

မြန်မာ့မီဒီယာ ခြိမ်းခြောက်တိုက်ခိုက်ခံနေရပြီလား
please wait

No media source currently available

0:00 0:04:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG