သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven သတင်းသမားသုံးဦး အမှု ရန်ကုန်တိုင်းအစိုးရ ရုပ်သိမ်း


Eleven Media မှ သတင်းထောက် ကျော်ဇောလင်း (ဗဟို-ဝဲ) နဲ့ ဖြိုးဝေဝင်း (ဗဟို-ယာ)
Eleven Media မှ သတင်းထောက် ကျော်ဇောလင်း (ဗဟို-ဝဲ) နဲ့ ဖြိုးဝေဝင်း (ဗဟို-ယာ)

ELEVEN ဂျာနယ်သတင်းသမားသုံးဦးအပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့ အမှုကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရုပ်သိမ်းလွှာတင်လိုက်ပါတယ်။ သတင်းမီဒီယာ ကောင်စီနဲ့ ဆက်လက် ညှိနှိုင်းသွားမယ်လို့ဆိုထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခကပေးပို့ထားပါတယ်။

ဒီကနေ့ Eleven သတင်းသမားတွေရဲ့ ရုံးချိန်းမှာ ရန်ကုန်တိုင်း အစိုးရဘက်က အခုလို အမှုရုပ်သိမ်း ခဲ့တာ ဖြစ်ပါတယ်။ သတင်းမီဒီယာကောင်စီနဲ့ ညှိုနှိုင်းဖို့အတွက်အခုလို ရုပ်သိမ်းတာဖြစ်တယ်လို့ တရားခွင်မှာ တင်ပြခဲ့တယ်လို့ အလဲဗင်းသတင်းထောက်တွေရဲ့ အကျိုးဆောင် ရှေ့နေ ဦးကြီးမြင့်က ဆိုပါတယ်။

“ဒီနေ့ အလဲဗင်းကိစ္စကတော့ သူတို့ညွှန်ကြားရေးမှူးက နေ့လည် ၁၂ နာရီမှရောက်လာပြီး ရုပ်သိမ်းစာ တခုတင်တယ်။ တင်တဲ့စာမှာဘာပါလဲဆိုတော့ သတင်းမီဒီယာကောင်စီကို တိုင်ထားလို့ ၅၀၅ (ခ) နဲ့ စွဲထားတဲ့အမှုကို ရုပ်သိမ်းခွင့်ပြုပါလို့ တင်လာတာကို တရားသူကြီးက နေ့ချင်းပဲ နေ့လည် ၂ နာရီမှာ ရုပ်သိမ်းခွင့်ပေးလိုက်ပါတယ်။”

ELEVEN ဂျာနယ်သ တင်းသမားသုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နဲ့ အစိုးရ က တရား စွဲထားတာကို ရုပ်သိမ်းဖို့ ဆောင်ရွက်သွားမယ်လို့ မနေ့က ဝန်ကြီးချုပ်က သတင်းမီဒီယာ အချို့နဲ့ တွေ့ချိန်မှာ ပြောထားတာရှိပြီး သတင်းမီဒီယာကောင်စီနဲ့ ဆက်လက်ညှိသွားမယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် Eleven ဘက်ကဒီသတင်းမှား ယွင်းမှုအတွက် ပြန်လည်ဖြေရှင်းဖို့လည်း ပြောဆိုထားကာ ဒီလိုမဖြေရှင်းပေးပါက အမှုပြန်လည်လုပ်ဆောင် သွားမယ်လို့လည်း ဆိုထားပါတယ်။

ဒီလိုပြောဆိုထားတဲ့ အပေါ် ကာယကံရှင် ဆောင်းပါးရှင် ကိုဖြိုးဝေရဲ့ သဘောထားကို မေးမြန်းတာမှာ သူက

“ကျနော်တို့ စကတည်းက တောင်းပန်မယ်ဆိုထောင်ထဲတောင်ဝင်မသွားခဲ့ဘူးလေ။ တောင်းပန်မှာပေါ့၊ ညှိမှာ ပေါ့။”

ELEVEN ဂျာနယ်မှာ အောက်တိုဘာလ ၈ ရက်က ပါခဲ့တဲ့ ‘အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေး သူ ဘယ်သူမှန်းမသိတဲ့ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ’ ဆောင်းပါးဟာ တိုင်းအစိုးရအဖွဲ့ကို ပြည်သူက ယုံကြည်မှုပျက်စေပြီး အကြည်ညိုပျက်စေတယ်ဆိုတဲ့ အချက်နဲ့ Eleven Media Group မှ ဆောင်းပါးရှင် ဖြိုးဝေအပါအဝင် အယ်ဒီတာချုပ် ကိုကျော်ဇော လင်းနဲ့ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းတို့ကို တိုင်းအစိုးရအဖွဲ့ကိုယ်စား အစိုးရအဖွဲ့ရုံး ညွှန်ကြားရေး မှူး ဦးအောင်ကျော်ခိုင်က ပုဒ်မ-၅၀၅ (ခ) နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အမှုတိုင်ကြားခဲ့ပြီးနောက် နိုင်ငံတော်သမ္မတရုံးဘက်က စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းဖို့ ရန်ကုန် တိုင်း အစိုးရကို ညွှန်ကြားခဲ့ရပါတယ်။ ဒီလိုညွှန်ကြားချက်အပြီး ပြီးခဲ့တဲ့ရုံးချိန်းမှာ Eleven သတင်း သမားတွေကို အာမခံပေး ခဲ့ပြီး ဒီကနေ့ရုံးချိန်းမှာ အမှုကိုပိတ်ပေးခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG