သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven သတင်းထောက်တွေအမှု ရန်ကုန်အစိုးရ ရုပ်သိမ်းမှသာ မီဒီယာကောင်စီ ကြားဝင်စေ့စပ်မည်


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကြည်ညိုပျက်အောင် ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Eleven Media သတင်းထောက်တွေအပေါ် တရားစွဲဆို ထားတာကို ရုပ်သိမ်းဖို့ ရန်ကုန်တိုင်းအစိုးရနဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီတို့ ဒီနေ့ တွေ့ဆုံညှိနှိုင်းကြပါတယ်။ ဒီအမှုမှာ သတင်းမီဒီယာကောင်စီနဲ့ အရင်ဆုံး ညှိနှိုင်းဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားချက် ထုတ်ပြန်ပြီး နောက်တရက်မှာ Eleven Media က တာဝန်ရှိ သူတွေ အပါအဝင် သတင်းမီဒီယာကောင်စီနဲ့ တိုင်းအစိုးတို့ တွေ့ဆုံကြတာပါ။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

Eleven Media သတင်းထောက်တွေအပေါ် တရားစွဲဆို ထားတဲ့ကိစ္စမှာ သတင်းမီဒီယာကောင်စီအနေနဲ့ ကြားဝင်ညှိနှိုင်းဖို့ဆိုရင် လက်ရှိစွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းပြီးမှသာ ညှိနှိုင်းဆောင်ရွက်နိုင်မယ်လို့ သတင်းမီဒီယာ ကောင်စီက ရန်ကုန်တိုင်းအစိုးရကို ပြောကြားထားပါတယ်။ ဒီနေ့တွေ့ဆုံတာနဲ့ ပတ်သက်လို့ သတင်းမီဒီယာ ကောင်စီဝင် ကိုမြင့်ကျော်က-

"ဒီနေ့က ကောင်စီက သူတို့ကို အမှုရုပ်သိမ်းမှ ကိုင်တွယ်ဆောင်ရွက်လို့ရမယ်လို့ ရန်ကုန်တိုင်း အစိုးရဘက်ကို ပြောလိုက်တော့ ရန်ကုန်တိုင်းအစိုးရကလည်း အဲ့ဒီက ညွှန်ကြားရေးမှူးကလည်း ပြန်သွားပြီးတော့ သူ အစိုးရ အဖွဲ့ကို အစီရင်ခံမှာပေါ့။ ဘာဆက်လုပ်မယ်တော့ မသိသေးဘူး။ အဲ့ဒါတော့ သတင်းထောက်တွေ စောင့်နေကြ တယ်။ စောင့်နေကြတယ်ဆိုတာ သတင်း နားစွင့်နေကြတာကိုပြောတာ။ မပြောသေးဘူး။ သူကညွှန်ကြားရေး မှူးဆိုတော့ အစိုးရအဖွဲ့ကို အစီရင်ခံတင်ပြပြီးတော့ အကျိုးအကြောင်း ပြန်မယ်ပေါ့။ သို့မဟုတ် သူတို့ အမှု ရုပ်သိမ်းတာ လုပ်ရင်လုပ်မှာပေါ့။ အဲ့ဒါတခုပေါ့။ သူက ညွှန်ကြားရေးမှူးက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူမဟုတ်တော့ သူပြန်တင်ပြရမှာပေါ့။”

သတင်းသမားတွေကို စွဲဆိုထားတဲ့အမှုကို သတင်း မီဒီယာကောင်စီကို ပထမဆုံး တိုင်ကြားဖို့ အောက်တိုဘာ ၁၇ ရက် ရက်စွဲနဲ့ နိုင်ငံတော် သမ္မတက ရန်ကုန်တိုင်းအစိုးရကို ညွှန်ကြားထားပါတယ်။

ဒီညွန်ကြားချက်ထုတ်ပြန်အပြီး တိုင်းအစိုးရက သတင်းမီဒီယာ ကောင်စီကို မနေ့က လာရောက် တိုင်ကြားခဲ့သလို ဒီကနေ့ လာရောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

အခုလို သတင်းမီဒီယာကောင်စီက ဝင်ရောက်ညှိနှိုင်းတဲ့အတွက် သတင်းထောက်တွေ ပြန်လည် လွတ် မြောက် လာဖို့ မျှော်လင့်တဲ့အကြောင်း သတင်းသမားတွေဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ် တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

"ဒီနေ့ မီဒီယာကောင်စီမှာ ညှိတယ်လေ။ ညှိတဲ့အခါကျတော့- သတင်းမီဒီယာကောင်စီကနေ တောင်းဆိုတယ်ေ လ။ ခင်ဗျားတို့ပြန်ရုပ်ပါ။ ရုပ်ပြီးတော့ ကျနော်တို့ ဆက်လုပ်လို့ရမယ်။ နို့မို့ဆိုရင် ကျနော်တို့မှာ လုပ်ပိုင်ခွင့် မရှိဘူး လို့ပြောတော့ ပြန်တင်ပြပါ့မယ်-တဲ့။ ရန်ကုန်တိုင်းအစိုးရကိုဆိုပြီး ပြန်သွားတာပဲဗျ။ အဲ့ဒါကတော့ သမ္မတရဲ့ ညွှန်ကြားချက်ကို လိုက်နာရမယ်ဆိုရင်တော့ ရုပ်ပေးရမှာပေါ့။ ရုပ်ပေးရမှာပေါ့နော်။ ရုပ်ပေးပြီးတော့မှ သတင်းမီဒီယာကောင်စီမှာ ဆက်ညှိကြပေါ့လေ။ လွတ်လာမှာပေါ့။ လွတ်လာမှာပေါ့။ လွတ်လာမယ်။ လွတ်လာ ပြီးလို့ရှိရင် သတင်းမီဒီယာကောင်စီနဲ့ညှိမယ် ညှိမရဘူး ပြန်တရားစွဲ မယ်ဆိုရင်လည်း သတင်းမီဒီယာ ကောင်စီက အာမခံပေးနိုင်တဲ့ ပုဒ်မလေ။"

ရန်ကုန်တိုင်းအစိုးရအနေနဲ့ သတင်းမီဒီယာကောင်စီကို အရင်ဆုံး မတိုင်ကြားဘဲ သတင်းသမားတွေကို အမှုဖွင့် အရေးယူတာဟာ လုပ်ပုံလုပ်နည်း လွဲမှားနေတယ်လို့ ကောင်စီဝင် ကိုမြင့်ကျော်က ဝေဖန်ပါတယ်။

"ဒီကိစ္စကတော့ တော်တော့ကိုလွဲတဲ့ကိစ္စပေါ့။ ပုဒ်မလည်းလွဲတယ်။ လုပ်ထုံးလုပ်နည်းလည်း လွဲတာပေါ့။ ၂ ခု လုံး လွဲတာပေါ့။ Eleven နဲ့ ဟိုးတနှစ်က ဖြစ်တဲ့ကိစ္စကတော့ ဒါကတော့ ၆၆ ဃ နဲ့စွဲတယ် အဲ့တုန်းက ကောင်စီကို အမှုဖွင့်ပြီး နာရီပိုင်းအကြာမှာ တိုင်တာဆိုတော့ အဲ့ဒါလည်း ဘာမှဆောင်ရွက်လို့ မရခဲ့ဘူး။ အခုကတော့ လုံး၀ မတိုင်ဘဲနဲ့ ဒါကတော့ တော်တော့်ကိုလွဲတယ်လို့ ပြောရမှာပေါ့။"

၂၀၁၆ ခုနှစ်ကလည်း Eleven Media Group ရဲ့ CEO ဖြစ်တဲ့ ဒေါက်တာ သန်းထွဋ်အောင်ကို ရန်ကုန်တိုင်း အစိုးရက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်အရေးယူခဲ့ဘူးပါတယ်။ လက်ရှိ အရပ်သား အစိုးရ လက်ထက်မှာ သတင်းမီဒီယာသမားတွေအပေါ် တရားစွဲဆိုမှုဟာ ၂၈ မှုရှိပြီး သတင်းသမား ၄၄ ဦးဟာ တရားရင်ဆိုင်ခဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်ဆိုပြီး သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေကပြောပါတယ်။

ဒီပမာဏာဟာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ထက်ကထက် သတင်းသမားတွေအပေါ် အရေးယူတာတွေ များနေပြီး သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်သလို၊ ဒီမိုကရေစီကို ယုံကြည်မှုမရှိတဲ့ အာဏာရှင်ဆန်တဲ့ အစိုးရတွေရဲ့ လုပ်ရပ်မျိုးနဲ့ ပိုပြီး နီးစပ်လာနေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေက ဝေဖန်ပြောဆိုနေကြပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG