သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်မကြီး နန်းတက်နှစ် (၆၀) ပြည့်


ဗြိတိန်ဘုရင်မကြီး နန်းတက်နှစ် (၆၀) ပြည့်
ဗြိတိန်ဘုရင်မကြီး နန်းတက်နှစ် (၆၀) ပြည့်

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ် (Elizabeth) ဟာ နန်းသက် အနှစ် (၆၀) ခဲ့ပြီဖြစ်သလို ဒီလို သမိုင်းဝင် အောင်မြင်မှု အထိမ်းအမှတ် စိန်ရတု အခမ်းအနား ပွဲတော်တွေကို ဒီကနေ့ တနင်္လာနေ့မှာ စတင်ဆင်နွှဲခဲ့ပါတယ်။ အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးဟာ အင်္ဂလန်နိုင်ငံ အရှေ့ပိုင်းကိုသွားရောက်တဲ့ မထင်မရှား ခရီးစဉ်တစ်ခုနဲ့ သူ့ရဲ့ စိန်ရတုပွဲကို ဒီကနေ့ စတင်လိုက်တာပါ။ နောက်ပိုင်းကျရင်တော့ သိမ်းစ်မြစ်ထဲမှာ သင်္ဘော ၁ ထောင် ရွက်လွှင့်ပြီး ခမ်းနားကြီးကျယ်တဲ့ ပွဲတော်တစ်ရပ် အပါအဝင် လေးရက်ကြာ အခမ်းအနားကြီးတွေကို ဇွန်လထဲမှာ ဆင်နွှဲရင်း ပွဲတော်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကတော့ ဘုရင်မကြီး အဲလိဇဘက်သ်ဟာ သူ့ရဲ့ ကြင်ယာတော် မင်းသား ဖိလစ် (Philip) နဲ့ ဆီးနှင်းတွေ အများအပြား ကျနေတဲ့ကြားကပဲ ဘုရားကျောင်း အတူတက်ခဲ့ကြပါတယ်။ အသက် ၉၀ ရှိပြီဖြစ်တဲ့ မင်းသားကြီး ဖိလစ် ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နှလုံး ခွဲစိပ် ကုသမှု ခံယူထားသူ ဖြစ်ပါတယ်။

တော်ဝင်မိသားစုဝင်တွေဟာ အင်္ဂလန်အပြင် ဗြိတိသျှ ဓနသဟာရ နိုင်ငံတွေမှာ ပြုလုပ်မယ့် စိန်ရတု အထိမ်းအမှတ် ပွဲတော်တွေကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ဘုရင်မကြီး အဲလိဇဘက်သ်ကို သူတို့ရဲ့ ဘုရင်အဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံ ရှိတာပါ။ ဘုရင်မကြီးနဲ့ မင်းသား ဖိလစ်တို့ကတော့ သူတို့ရဲ့ ခရီးစဉ်တွေကို ဗြိတိန်နိုင်ငံတွင်းမှာပဲ လှည့်လည်သွားလာဖို့ ကန့်သတ်ထားပါတယ်။

ဖခင်ဖြစ်သူ ခြောက်ယောက်မြောက် ဘုရင် ဂျော့ဂျ် နှစ်ပေါင်းများစွာ မကျန်းမမာ ဖြစ်ခဲ့ပြီးတဲ့နောက် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အဲဒီအချိန်က မင်းသမီးငယ် အဲလိဇဘက်သ်ကို ထီးနန်းလွှဲပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG