သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tesla အမှုဆောင်အရာရှိချုပ်အီလွန်မာ့စ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ


Telsa အမှုဆောင်အရာရှိချုပ် Elon Musk ကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ၊ မေ ၃၀၊ ၂၀၂၃
Telsa အမှုဆောင်အရာရှိချုပ် Elon Musk ကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ၊ မေ ၃၀၊ ၂၀၂၃

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန် (Qin Gang) ဟာ Tesla လျှပ်စစ်ကားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မာ့စ်နဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့ရာမှာ တရုတ်-အမေရိကန် ဆက်ဆံရေးက အပြန်အလှန် လေးစားမှုရှိဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးရာမှာ အဲဒီလို ထည့်သွင်းပြောခဲ့တာပါ၊

“အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ နှစ်ဖက်လုံး သူမသာ ကိုယ်မနာ ဖြစ်စေမယ့် အနိုင်-အနိုင် အခြေအနေ အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး လမ်းကြောင်းမှန်အပေါ် ရောက်ဖို့ လိုတယ်” လို့ ချင်းဂန်က ပြောခဲ့ကြောင်း အေပီ သတင်းမှာ ဖော်ပြထားပါတယ်။ ဆက်ဆံရေးကို မြှင့်တင်နိုင်ရေး အသေးစိတ်တွေကိုတော့ သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

အာဏာရကွန်မြူနစ်ပါတီဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးနေချိန် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပြန်လည် စိတ်ဝင်စားမှု ရဖို့ ကြိုးပမ်းနေတုန်းမှာပဲ အီလွန်မာ့စ်က တရုတ်နိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ Tesla ကားတွေ အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံ တခုဖြစ်ပါတယ်။

Tesla အပါအဝင် ရင်းနှီးမြှုပ်နှံသူတွေအတွက် စီးပွားရေးပတ်ဝန်းကျင်ကို မြှင့်တင်ဖို့ ကတိပြုထားကြောင်း ချင်းဂန်ကပြောဆိုခဲ့ပြီး အီလွန်မာ့စ် ကလည်း တရုတ်နိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့ဖို့ ဆန္ဒရှိပြီး အမေရိကန်နဲ့ တရုတ် စီးပွားရေးကို ခွဲခြား ပြောဆိုလုပ်ဆောင်တာတွေကို ဆန့်ကျင်ကြောင်း ပြောခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နဲ တရုတ်ဟာ “ကမ္ဘာ့စီးပွားရေးအကြီးဆုံး အမွှာညီနောင်တွေ” လို့ အီလွန်မာ့စ်က ညွှန်းဆိုခဲ့တယ်လို့ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်ကတော့ တရုတ်နိုင်ငံအနေနဲ့ စီးပွားရေး ဆိုင်ရာတွေမှာ "ပွင့်လင်းမြင်သာ” ရှိဖို့ အာမခံပြီး "စျေးကွက် စီးပွားရေး စနစ်ကို ဦးတည်ကာ ဥပဒေအခြေခံနဲ့ နိုင်ငံတကာ စီးပွားရေးပတ်ဝန်းကျင် ကို ဖန်တီးပေးမယ်” လို့ ဆိုပါတယ်။ "တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာအတွက် အခွင့်အလမ်းတခု” လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားရောင်းချမှုရဲ့ ထက်ဝက်ကို ပိုင်ဆိုင်ထားပြီး Tesla ရဲ့ အမေရိကန်ပြည်ထောင်စု အပြင်ဘက်က ပထမဆုံး စက်ရုံတည်ဆောက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG