သုံးရလွယ်ကူစေသည့် Link များ

လက်ရှိအသုံးပြုနေတဲ့ အီးမေးလ်နည်းပညာကို စတင်တီထွင်သူလို့ အများစုက လက်ခံထားတဲ့ အမေရိကန်လူမျိုး အသက် ၇၄ နှစ်အရွယ် Ray Tomlinson ဟာ မတ်လ ၅ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူ ဘာရောဂါနဲ့ ကွယ်လွန်တယ်ဆိုတာကို လတ်တလော မသိရသေးပါဘူး။

Ray ဟာ နည်းပညာအသစ်တွေကို တီထွင်ကြံဆနိုင်သူဖြစ်ကြောင်း၊ ကွန်ပြူတာ Network တွေရဲ့ အစောပိုင်းကာလတွေမှာ အသုံးပြုတဲ့ အီးမေးလ်စံနစ်ကို တီထွင်ခဲ့သူဖြစ်ကြောင်း၊ သူ့ရဲ့ တီထွင်မှုတွေက ကမ္ဘာတလွား လူတွေ ဆက်သွယ်မှုပုံစံကို ပြောင်းလဲသွားစေကြောင်း သူရဲ့အလုပ်ရှင် Raytheon ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ပါတယ်။

Ray Tomlinson ဟာ မတူညီတဲ့ ကွန်ပြူတာ စံနစ်အချင်းချင်းကြား အီလက်ထရွန်းနည်းနဲ့ တိုက်ရိုက် ဆက်သွယ်လို့ရနိုင်တဲ့ နည်းပညာကို ၁၉၇၁ ခုနှစ်မှာ စတင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းအတွင်း တွင်တွင်ကျုယ်ကျယ် အသုံးပြုလာတဲ့ သင်္ကေတဖြစ်တဲ့ အီးမေးလ်လိပ်စာထဲက @ (အေအ၀ိုင်း) သင်္ကေတကို စတင် တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်က သူ အဲဒီလို အရေးပါတဲ့ကိစ္စရပ်တွေကို တီထွင်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမှသာ လူသုံးများတဲ့သင်္ကေတ ဖြစ်လာခဲ့တာပါ။

Google အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီက Gmail အဖွဲ့ကလည်း အဲဒီ အီးမေးလ်ထဲက @ သင်္ကေတကို တီထွင်ပြီး လူတွေအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးခဲ့တဲ့အတွက် Ray Tomlinson ကို ကျေးဇူးတင်ကြောင်း တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG