သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်မြန်မာသံရုံး သင်္ကြန်ပွဲ


ဝါရှင်တန် မြန်မာသံရုံးမှာ သင်္ကြန်ပွဲကျင်းပနေစဉ်။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
ဝါရှင်တန် မြန်မာသံရုံးမှာ သင်္ကြန်ပွဲကျင်းပနေစဉ်။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ မြန်မာတွေအချင်းချင်း ရင်းနှီးမှုပိုရှိလာစေဖို့နဲ့ တဦးအပေါ်တဦး နားလည်မှုတွေ ရှိလာစေဖို့ ရည်ရွယ်ချက်နဲ့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို လုပ်ခဲ့တာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ဧပြီလ ၂၀ ရက် စနေနေ့က အတာသင်္ကြန်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းအားလုံးကိုရော၊ အမေရိကန်ပြည်ထောင်စုက ဧည့်သည်တွေရော၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သံရုံးတွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံအမတ်ကြီး ဦးသန်းဆွေက အခုလို ပြောပြပါတယ်။

“အဓိက ကတော့ ကိုယ့်နိုင်ငံနဲ့အဝေးကြီးမှာရောက်နေကြတဲ့ မိသားစုတွေ ဆုံတွေ့ကြဖို့ရယ်၊ အဓိကအားဖြင့်တော့ ရင်းရင်းနှီးနှီး ဆုံတွေ့လို့ရှိရင် ကိုယ့်တိုင်းပြည်အတွက် ဘာ ကောင်းအောင် ပြန်လုပ်ပေးနိုင်ကြမလဲဆိုတာ ဆွေးနွေးမိမယ်၊ တိုင်ပင်မိမယ်။ ပြောဆိုမိမယ်ဆိုရင်တော့ အကျိုးတခုခုတော့ တိုင်းပြည်အတွက် အကျိုးဖြစ်မယ်လို့ ရည်ရွယ်တာပါပဲ။ အားလုံးကတော့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို သံယောဇဉ်ရှိကြတာပဲလေ။ ဆိုတော့ အဲဒီလူတွေ ပြန်ဆုံတဲ့အခါမှာ ပြောရင်းဆိုရင်းနဲ့ တယောက်တမျိုးစီပဲ လုပ်နိုင်ရင်လုပ်နိုင်၊ အကြံဉာဏ်ပဲရရ အကျိုးရှိမယ်မျှော်လင့်ပြီး လုပ်တာပါ။”

ဒီနှစ်မှာဆိုရင် ဒီနိုင်ငံမှာနိုင်ငံရေးအရခိုလုံနေတဲ့ အတိုက်အခံ အင်အားစုတွေကိုလည်း ဖိတ်တယ်လို့ သိရပါတယ်။ ဖိတ်ရတဲ့ရည်ရွယ်ချက်ကိုရော ပြောပြပေးပါလားရှင့်။

“အဓိက ကတော့ ကိုယ့်လူမျိုးက ဘာပဲဖြစ်ဖြစ်ပေါ့။ တခုပဲရှိတာက ကျနော်တို့က ရန်သူတွေမှ မဟုတ်ကြပဲ။ ပြန်ပြီးလို့ တွေ့လို့ရှိရင် နားလည်မှု ပိုရမယ်။ သူ့ဟာသူ ဘယ်လို သဘောထားပဲရှိရှိ လူချင်းတွေ့လို့ရှိရင် အကုန်လုံးက သဘောထားအမှန်တွေ ဖြစ်လာမှာပဲ။ ကောင်းတဲ့ဘက်ကို ဦးတည်မယ်လို့ပဲ မျှော်လင့်တော့ ဘယ်သူမဆို မြန်မာအသိုင်းအဝိုင်းက လာနိုင်ပါတယ်ဆိုပြီး ကျနော် ဖိတ်ခဲ့တာပါ။”

ဒါ့အပြင် မကြာသေးခင်ကလည်း သံအမတ်ကြီးအပါအဝင် သံရုံးတာဝန်ရှိသူတွေဟာ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စမြို့နဲ့ လော့စ်အိန်ဂျဲလိစ့်မြို့ တွေကိုလည်း သွားရောက်ခဲ့ပြီး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲအတွင်း လက်ရှိ မြန်မာ့နိုင်ငံအရေး အခြေအနေတွေကို အပြန်အလှန် ဆွေးနွေး ပြောဆိုခဲ့ကြတယ်လို့ သံအမတ်ကြီး ဦးသန်းဆွေက အခုလို ရှင်းပြပါတယ်။

“အဓိက ကတော့ တာဝန်နှစ်ခုပေါ့နော်။ တခုကတော့ နှစ် နိုင်ငံဆက်ဆံရေး အဆင်ပြေချောမွေ့အောင်မြင်ဖို့၊ နောက်တခုကတော့ ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ကျနော်တို့ အဓိက တာဝန်ပဲ။ အဲဒီတော့ သူတို့ဆီကနေ ဘာ အခက်အခဲရှိနေလဲ။ ကျနော်တို့ ဘာ ကူညီဆောင်ရွက်ပေးရမလဲ။ နောက်တခုက ကျနော်တို့နိုင်ငံ ပြုပြင် ပြောင်းလဲတဲ့အချိန်မှာ သူတို့ကရော ဘာများဝိုင်းပြီး ကူညီပေးနိုင်မလဲ။ အကြံဉာဏ်ပေးနိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတာပါ။ အားလုံးလည်း မိသားစုနဲ့တွေ့ရသလိုပါပဲ။ အဆင်ပြေပါတယ်။”

ဝါရှင်တန်ဒီစီ မြန်မာသံရုံးရဲ့ သံအမတ်ကြီး ဦးသန်းဆွေ ပြောကြားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG