သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်ဥပဒေ ဖျက်သိမ်းဖို့ လွှတ်တော်မှာ အဆိုပြု


ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဇူလိုင် ၂၅၊ ၂၀၁၆)
ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဇူလိုင် ၂၅၊ ၂၀၁၆)

အရေးပေါ် စီမံမှု အက်ဥပဒေကို ဖျက်သိမ်းမယ့် ဥပဒေကြမ်းကို လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာနဲ့ အတူ လွှတ်တော်ကို တင်သွင်းပါတယ်။ ကော်မတီဝင် တချို့ကတော့ ဒီဥပဒေ လုံး၀ ဖျက်သိမ်းရေးထက် တချို့ပုဒ်မတွေကိုသာ ပြင်ဆင်ဖို့ အကြံပြုထားပါတယ်။ ဒီဥပဒေဟာ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးကို လိုသလို ချိုးဖောက်ပြီး အချိန်မရွေး ဖမ်းဆီးနိုင်တဲ့ ဥပဒေ ဖြစ်တာကြောင့် လုံး၀ ဖျက်သိမ်းဖို့ လိုအပ်တယ်လို့လည်း ဥပဒေ ပညာရှင်တွေက ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေကို ဖျက်သိမ်းဖို့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာနဲ့ အတူ လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ဒီဥပဒေဟာ နိုင်ငံသား တဦးကို အချိန်မရွေး အကြောင်းပြပြီး ဖမ်းနိုင်တဲ့ ဥပဒေ ဖြစ်နေလို့ ပယ်ဖျက်ဖို့ ဆောင်ရွက်ရ တာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကနေပြီးတော့ အရေးပေါ်စီမံမှုအက်ဥပဒေကို ဖျက်သိမ်းဖို့ ဥပဒေကြမ်း တင်ပါတယ်ခင်ဗျ။ ဒီနေ့တင်ပါတယ်။ အဲဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း အစီရင်ခံစာကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဖတ်ကြားပါတယ်။ ဒီဥပဒေရဲ့ ကောင်းကျိုး ဆိုတဲ့နေရာမှာ ကျနော်တို့ ဘက်နှစ်ဖက်ရှိပါတယ်။ တခုကတော့ အုပ်ချုပ်သူများ ဘက်ကပါ။ နောက်တခုကတော့ အုပ်ချုပ်ခံများ ဘက်က ပါ။ အစိုးရဘက်ကဆိုရင်တော့ အုပ်ချုပ်ခံနိုင်ငံသားများကို ကြိုက်သလို ဖမ်းလို့ရတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် သူ့ဘက်ကတော့ အားသာတာပေါ့လေ။ သူ့ဘက်ကကြည့်ရင်တော့ ကောင်းတယ်လို့ပြောရမှာပေါ့။ သို့သော်လည်း နိုင်ငံသားဘက်က ကြည့်ရင် မကောင်းပါဘူးခင်ဗျ။ ကျနော်တို့ အရပ်သားအစိုးရ လက်ထက်မှာ အရပ်သားများရဲ့အခွင့်အရေးကို လိုအပ်သလို၊ ပယ်ဖျက်နိုင်တဲ့ ဒီဥပဒေကို၊ အလိုမရှိအပ်ဘူးလို့ ဒီလိုယူဆပါတယ်ခင်ဗျ။”

ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုသူတွေကို ဖိတ်ခေါ်ထားပြီး နောက်ပိုင်း လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ကြမှာပါ။ ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် မောင်မောင်ကတော့ အရေးပေါ် စီမံမှု အက်ဥပဒေကို ဖျက်သိမ်းမယ့် အစား ပုဒ်မ တချို့ကို ပြင်ဆင်ဖို့ အကြံပြုချက်ကိုလည်း ကော်မတီရဲ့ အစီရင်ခံစာမှာ ထည့်သွင်း ရေးသားထားတဲ့ အကြောင်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။ ဒါဟာ တပ်မတော်ရဲ့ သဘောထား မဟုတ်ဘဲ ဗိုလ်မှူးချုပ် မောင်မောင်ရဲ့ သဘောထား ဖြစ်ပါတယ်လို့လည်း လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။ အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေကြီး ဦးမင်းလွင်ဦးကတော့ ဒီဥပဒေကို ဖျက်လိုက်လို့ နိုင်ငံလုံခြုံရေး အတွက် စိုးရိမ်စရာ မရှိဘူးလို့ အခုလို ပြောပါတယ်။

“၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေ ဆိုတာကတော့ နိုင်ငံရေးသမားတွေနဲ့ ပြည်တွင်းမှာ လက်နက်ကိုင် အင်အားစုတွေကို အရေးယူဖို့ အတွက် တမင်ပြထန်းထားတာဖြစ်ပါတယ်။ တမင်ပြထန်းထားတဲ့ဥပဒေပေါ့နော်။ အဲတော့ အဲဒီဥပဒေကို ပယ်ဖျက်သင့်တယ်ဆိုတာက အမှန်ကတော့ ပယ်ဖျက်ဖို့လည်း လိုအပ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံတော် လုံခြုံ ရေးအတွက်ဆိုရင် အခု အကြမ်းဖက်မှု တိုက်ဖျက်တားဆီးရေးဆိုတဲ့ ဥပဒေကို သူတို့ပြထန်းထားပြီးသားဖြစ်တယ်။ ဒါကြောင့် ဥပဒေ ၂ ခုထပ်မနေအောင် အရေးပေါ်စီမံချက်ဥပဒေ ၅ (ည) ဆိုတာကို ဖျက်သိမ်းလိုက်တယ် ဆိုလို့ရှိရင် အကြမ်းဖက်မှု စီမံတိုက်ဖျက်ရေး ဥပဒေ ပြထန်းထားတဲ့ ပြထန်းချက်ထက် ပိုမို ပြီးတော့လည်း ကျယ်ပြန့်တယ်၊ ပိုမိုပြီးတော့လည်း လုပ်ဆောင်ပိုင်ခွင့် ပိုများတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် အရေးပေါ် စီမံချက် ဥပဒေ ၅ (ည) က စလို့ပေါ့လေ အကုန်လုံးကို ပယ်ဖျက်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

ပြီးခဲ့တဲ့ အစိုးရတွေ အဆက်ဆက်မှာ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကိုဒီဥပဒေ အသုံးပြုပြီး အကျဉ်းချခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဥပဒေအရသာ ကျင့်သုံးရမယ်ဆိုရင်တော့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကိုပါ ထိပါးနိုင်တယ်လို့လည်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေကြီး ဦးမင်းလွင်ဦးက ပြောပါတယ်။ အရပ်သား အစိုးရသစ် လက်ထက်မှာ အရပ်သားများရဲ့ အခွင့်အရေးကို ပယ်ဖျက်နိုင်တဲ့ ဥပဒေကို အလိုမရှိအပ်တော့ဘူးလို့လည်း ပြည်သူ့လွှွတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG