လာအိုနိုင်ငံမှာ မက်သနောအဆိပ်သင့်နေတဲ့ အရက်သောက်သုံးမိလို့ သေဆုံးသူ ၆ ယောက် ရှိသွားခဲ့ပြီး နောက် လာအိုသွားလည်မယ့် အမေရိကန်နိုင်ငံသားတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ကျန်းမာရေးသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ Vang Vieng မြို့မှာ မက်သနောပါတဲ့ အရက်သောက်မိလို့ အဆိပ်သင့်နေပုံရတာကြောင့် အရက်သောက်ရင် သတိထားကြပါလို့ ဗီယန်ကျန်းမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီနေ့ နောက်ဆုံးသေဆုံးသွားသူက အသက် ၁၉ နှစ်အရွယ် Australia နိုင်ငံသူ Holly Bowles ဖြစ်ပါ တယ်။ သူဟာ လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်ထဲက မက်သနော အဆိပ်သင့် အရက်သောက်မိပြီး နေထိုင်မကောင်းဖြစ်လို့ ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆေးရုံ တရုံမှာ ကုသနေရင်း ဒီနေ့ သေဆုံးသွားတာဖြစ်ပါတယ်။ Holly ရဲ့ အချစ်ဆုံးသူငယ်ချင်းBianca Jones လည်းမနေ့ကပဲ သေဆုံးသွားခဲ့ကြောင်းနဲ့ Australia တနိုင်ငံလုံး ကြေကွဲဝမ်းနည်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong က ကြေညာချက်ထုတ်ပါတယ်။
အခုအချိန်အထိ လာအိုမှာ အရက်အဆိပ်သင့်ပြီးသေဆုံးခဲ့သူ Australia နိုင်ငံသား ၂ ယောက်၊ ဒိန်းမတ်နိုင်ငံသား ၂ယောက်၊ အမေရိကန် ၁ ယောက်နဲ့ ယူကေနိုင်ငံသား ၁ ယောက်တို့ သေဆုံးခဲ့ကြပါတယ်။
လူငယ်ကမ္ဘာလှည့် ခရီးသွားတွေအသွားများတဲ့ လာအိုနိုင်ငံ Vang Vieng မြို့မှာ နိုဝင်ဘာ ၁၂ ရက်နေ့က ညဘက်အလည်ထွက် သောက်စားခဲ့ကြပြီးနောက် နာမကျန်းဖြစ်သူ ၁၂ ယောက်လောက်ရှိတယ်လို့ ယူကေနဲ့ Australia သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ သေဆုံးသွားတဲ့ Australia ဆယ်ကျော်သက် ၂ ယောက်တည်းခိုခဲ့တဲ့ အဆောင်ပိုင်ရှင်နဲ့ မန်နေဂျာကို လာအိုရဲက ဖမ်းဆီးစစ်ဆေး နေပါတယ်။ ဒါပေမဲ့ သူတို့ကို အမှုဖွင့် တရားမစွဲရသေးဘူးလို့ Vang Vieng မြို့ ခရီးသွားလုပ်ငန်းဆိုင်ရာ ရဲတာဝန်ရှိသူက ပြောပါတယ်။ ကျောပိုးအိတ်နဲ့ လှည့်လည်ခရီးသွားသူတွေ တည်းခိုကြလေ့ရှိတဲ့ Nana အဆောင် ပိုင်ရှင်နဲ့ မန်နနေဂျာအပါအဝင် တချို့ကို ရဲက ခေါ်ယူစစ်ဆေးနေတယ်ဆိုတာ အဆောင်ဝန်ထမ်းတွေက အတည်ပြုပြီး လောလောဆယ် ဧည့်သည်အသစ်လက်မခံဘူးလို့ ပြောပါတယ်။
Forum