သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အာရှဒေသ အလုပ်အကိုင် ပြဿနာ


အာရှမှာ စီးပွားရေး တိုးတက်လာပေမဲ့ အရေအသွေးပြည့်တဲ့ အလုပ်အကိုင်တွေကတော့ ရှားပါးနေဆဲ ဖြစ်ပါတယ်။
အာရှမှာ စီးပွားရေး တိုးတက်လာပေမဲ့ အရေအသွေးပြည့်တဲ့ အလုပ်အကိုင်တွေကတော့ ရှားပါးနေဆဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၅၊ ၂၀၁၁-မြန်မာနဲ့ အာရှမှာ အစဉ်အလာ လုပ်ငန်းတွေကိုသာ အားထားနေလို့ မဖြစ်တဲ့အကြောင်း ကျွမ်းကျင်သူတွေက သတိပေးပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ရှေ့အလားအလာတွေဟာ အရည်အသွေးရှိတဲ့ အလုပ်အကိုင် ရရှိမှုတွေအပေါ် မူတည်မယ်လို့ ဒေသတွင်း စီးပွားရေး ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ စီးပွားရေး တိုးတက်မှုတွေမှာ ရှေ့တန်းရောက် လာနေတဲ့ အာရှတိုက်အနေနဲ့ ဖွံ့ဖြိုးမှုတွေကို ဆက်လက် ထိန်းသိမ်းဖို့ မိရိုးဖလာ လုပ်ငန်းတွေ အပေါ်မှာသာ အားကိုးနေလို့ မရဘူးလို့လည်း ထောက်ပြနေကြတာပါ။ မြန်မာနိုင်ငံနဲ့ အာရှဒေသက အလုပ်အကိုင် ရရှိရေး အခြေအနေတွေမှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေသလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

အာရှဒေသမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ကြီးထွားလာတဲ့ စီးပွားရေးကနေ အကျိုးခံစားနေရတာတွေကို ထိန်းထားနိုင်ဖို့ သာမက တိုးချဲ့သွားနိုင်ဖို့ အတွက် အရည်အသွေးပြည့်တဲ့ အလုပ်အကိုင် ရရှိဖို့လို၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရလိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အစီရင်ခံစာက သတိပေးပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ စီးပွားရေး အရှိန်အဟုန် ကောင်းလာတဲ့ ဒေသတခု ဖြစ်လာနေတဲ့ တချိန်တည်းမှာပဲ ဒေသတွင်း လူဦးရေရဲ့ ၄၀% ကျော်ဟာဆိုရင် တနေ့ကို ဝင်ငွေ အမေရိကန် ၂ ဒေါ်လာအောက်နဲ့ ဆင်းရဲမွဲတေတဲ့ အဆင့်မှာ နေထိုင်နေကြရဆဲ ဖြစ်တယ်လို့ ၂၀၁၁ ခုနှစ် အာရှ-ပစိဖိတ် ဒေသအတွက် အဓိကကျတဲ့ တိုင်းတာချက် အဖြစ် ထုတ်ပြန်လိုက်တဲ့ နှစ်စဉ်အစီရင်ခံစာက ဖော်ပြလိုက်တာပါ။

ဒေသတွင်းက တိုးတက်မှုတွေဟာ စီးပွားရေး အင်အားကြီး အနောက်နိုင်ငံတွေ ထက်တောင်သာလာတဲ့ အခြေအနေကို ရောက်လာနေပေမဲ့ အခြေခံကျတဲ့ အလုပ်အကိုင် ကိစ္စလို ပြဿနာတွေဟာ စိမ်ခေါ်မှုတွေအဖြစ် ရှိနေတုန်းပဲလို့ ADB ရဲ့ ထိပ်တန်းစီးပွားရေး ပညာရှင် ချန် ယုံယီး (Chang Yong-rhee) က ပြောပါတယ်။
“အာရှတိုက်မှာ ဖွံ့ဖြိုးမှုတွေ ကြီးထွားနေပေမဲ့လည်း၊ ဝင်ငွေရှိသူနဲ့ မရှိသူကြား ကွာဟနေပါတယ်။ ဒီအခြေအနေက လူမှုရေးအရ တင်းမာမှုတွေ ဖြစ်လာနိုင်သလို၊ ရေရှည်တိုးတက်မယ့် အလားအလာတွေမှာလည်း အဟန့်အတား ဖြစ်နိုင်ပါတယ်။ အာရှက ဖွံ့ဖြိုးမှု အရှိန်အဟုန်တွေကို ထိန်းထားနိုင်အောင် အားလုံးခံစားခွင့် ရှိဖို့နဲ့ အရည်အသွေးရှိတဲ့ အလုပ်အကိုင်တွေ ရရှိဖို့ လိုပါတယ်။”

တခြားဒေသတွေနဲ့ယှဉ်ရင် အာရှဒေသဟာ အတည်တကျ မဟုတ်တဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြရသူ အရေအတွက် သိသိသာသာ များပြားနေတယ်လို့လည်း ADB က ပြောပါတယ်။ ဒေသတွင်းက တိုင်းပြည်တခုဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ အလုပ်လက်မဲ့ အရေအတွက်ဟာ ၆% တဝိုက်မှာ ရှိမယ်လို့ ဆန်းစစ်သူတွေက ခန့်မှန်းထားကြတာပါ။ ဒါဟာလည်း လူဦးရေရဲ့ အများစု အစဉ်အလာအားဖြင့် လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေးလို လုပ်ငန်းတွေကို အားထားနေတာ၊ အလုပ်အကိုင်တွေ ရနိုင်မယ့် တခြား အခွင့်အလန်းတွေ မရှိတာတွေကြောင့် ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး အခြေအနေတွေကို ဆန်းစစ်လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မက်ကွာရီ (Macquarie) တက္ကသိုလ်က ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က ပြောပါတယ်။
“မြန်မာနိုင်ငံသား အများစုဟာ ဥပမာအနေနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ လုပ်ကိုင်နေကြတာပါ။ စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း စတာတွေလို လူအများအပြားကို အလုပ်ပေးနိုင်တဲ့ လုပ်ငန်းကြီးတွေ ဖန်တီးထားတာ မရှိသေးပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ အများအပြားရှိနေပြီး အချိန်ပြည့် အလုပ်အကိုင်တွေရဲ့ အကျိုးကျေးဇူးကိုလည်း မခံစားကြရပါဘူး။”

အရည်အသွေး ပြည့်မီတဲ့ အလုပ်အကိုင်တွေနဲ့ အတည်တကျ သင့်တင့်လျှောက်ပတ်တဲ့ လစာ၊ လုပ်ငန်းခွင် အခြေအနေတွေ ဖန်တီးပေးနိုင်ဖို့ အာမခံချက် ရနိုင်မယ့် အခြေအနေတွေကတော့ အာရှဒေသမှာ သိပ်အားရစရာ မကောင်းလှဘူးလို့လည်း ADB က သတိပေးထားတာပါ။ လတ်တလော ဖန်တီးပေးနိုင်တယ်ဆိုတဲ့ အလုပ်အကိုင်တွေ ဆိုတာဟာလည်း စားရိတ်သက်သာပြီး၊ လစာနည်းတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ADB က စီးပွားရေး ပညာရှင်တွေရဲ့ အကြီးအကဲဖြစ်တဲ့ ချန် ယုံယီး ကတော့ ဆင်းရဲတဲ့ တိုင်းပြည်တွေက အလုပ်သမား ပြဿနာတွေကို အာရုံစိုက် ဖြေရှင်းဖို့ လိုနေပြီလို့ ပြောပါတယ်။
“စက်မှုတိုင်းပြည်အဖြစ် အသွင်မပြောင်းနိုင်သေးတဲ့ ဝင်ငွေနိမ့်ကျတဲ့ တိုင်းပြည်တွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အစဉ်အလာ လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေမှာ အလုပ်သမားတွေ ပိုလျှံနေတဲ့ ပြဿနာတွေ ရှိပါတယ်။ ဒီလို ဝင်ငွေနိမ့်တဲ့ တိုင်းပြည်တွေ အနေနဲ့ အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးတာ၊ မိရိုးဖလာ လုပ်ငန်းတွေမှာ လိုတာထက် ပိုနေတဲ့ လုပ်သားတွေကို ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ဖို့ အားပေးတာတွေကို အဓိက လုပ်ကြရမှာပါ။”

မြန်မာနိုင်ငံလို ဝင်ငွေနိမ့်ကျတဲ့ တိုင်းပြည်တွေမှာတော့ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ ကုန်သွယ်မှုတွေနဲ့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုလက်ခံတာ၊ ကျေးလက်ကနေ မြို့ပြဒေသတွေကို ရွှေ့ပြောင်းနေထိုင်တာမျိုးတွေနဲ့ ကုန်ထုတ်လုပ်မှုတွေကို တိုးမြှင့်တာတွေ လုပ်ဆောင်နိုင်မယ်လို့လည်း ADB ရဲ့ အစီရင်ခံစာက အကြံပြုထားပါတယ်။ တချိန်တည်းမှာပဲ ကျေးလက်ဒေသနေ လူထုအနေနဲ့ အစဉ်အလာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေကြရဦးမှာ ဖြစ်တဲ့အတွက် ဘဏ္ဍာရေးအရ သာမက၊ နည်းပညာနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုတွေနဲ့ ပံ့ပိုးမှုတွေကိုပါ လုပ်ဆောင်ပြီး တိုးတက်မှုရအောင် လုပ်ဖို့ လိုမယ်လို့လည်း ဖော်ပြခဲ့တာပါ။

ဒီနှစ်ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်ပပို့ကုန်တွေ တိုးမြင့်လာတာ၊ ဝင်ငွေရတဲ့ ကောက်ပဲသီးနှံ ဈေးနှုန်းတွေ တက်လာတာကြောင့် ကျေးလက်နေ လူတန်းစားတွေရဲ့ ဝင်ငွေဟာ အသင့်အတင့် ပိုလာမယ်လို့လည်း ပြောပါတယ်။ ဒီလိုပဲ ရာသီဥတု အခြေအနေတွေ ပုံမှန်ရှိနေတာ၊ ဒီနှစ်မတ်လထဲမှာ တက်လာတဲ့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ စတင်အကောင်အထည် ပေါ်လာလိမ့်မယ်လို့လည်း မျှော်လင့်ရကြောင်း ADB ရဲ့ စီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်က ပါမောက္ခ တာနဲလ် ကတော့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ တိုင်းပြည်စီးပွားရေးပုံစံကို အခြေခံကျကျ ပြောင်းလဲဖို့ လိုနေသလို၊ လူများစု အကျိုးခံစားခွင့်ရှိတဲ့ အခြေအနေမျိုး ဖန်တီးနိုင်ဖို့ လိုတယ်လို့ မြင်ပါတယ်။
“စီးပွားရေးဖွံ့ဖြိုးမှုဆိုတာက စီးပွားရေး လုပ်ငန်းတွေမှာ ပြောင်းလဲဖြစ်ထွန်း လာတယ်ဆိုတဲ့ သဘောပါ။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ စီးပွားရေးပုံစံဟာ စိုက်ပျိုးရေးလို လုပ်ငန်းတွေကနေ စက်မှုလုပ်ငန်းတွေကို ကူးပြောင်းတာမျိုး၊ ဝန်ဆောင်မှု လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်တာမျိုးတွေ ဖြစ်ရပါမယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တည်ဆောက်ပုံကို ကြည့်မယ်ဆိုရင်၊ တွေ့နိုင်တာကတော့ လူတချို့အနေနဲ့ သတ္ထုတွင်းတူးလုပ်ငန်း၊ တခြားဒီလို စက်မှုလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ အကြီးအကျယ် ခံစားနေရတာမျိုး ရှိတယ်ဆိုပေမဲ့လည်း စီးပွားရေးမှာတော့ အခြေခံကျကျ ပြောင်းလဲတာတွေ မရှိပါဘူး။”

မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်မှုအတွက် အလားအလာတွေ ရှိနေပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အကြံပြုထားတာပါ။ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေး အခြေအနေတွေဟာ အိမ်နီးချင်း တိုင်းပြည်တွေရဲ့နောက်မှာ ပြတ်ကျန်နေတဲ့အတွက် စီးပွားရေး အခြေအနေတွေ တိုးတက်ဖို့၊ နိုင်ငံသားတွေကြား ဝင်ငွေမျှတမှုရှိစေဖို့နဲ့ ဆင်းရဲချမ်းသာ ကွာဟမှု ကျဉ်းမြောင်းအောင် လုပ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာလည်း ရင်းနှီးမြုပ်နှံမှုတွေအတွက် စိတ်ချရတဲ့ အခြေအနေတွေ ဖန်တီးတာ၊ လူမှုဖူလုံရေးနဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေအတွက် ဘဏ္ဍာရေးအရ ပံ့ပိုးမှုတွေ ပိုမိုပေးအပ်သွားဖို့ စတာတွေ လုပ်ဆောင်ရလိမ့်မယ်လို့ စီးပွားရေးခန့်မှန်းချက် အစီရင်ခံစာက ဖော်ပြထားတဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG