သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသတွေမှာ မြန်မာစစ်တပ် ထိုးစစ်ဆင်မှု ရပ်ဆိုင်းရေး ENC တောင်းဆို


တိုင်းရင်းဒေသတွေမှာ မြန်မာစစ်တပ် ထိုးစစ်ဆင်မှု ရပ်ဆိုင်းရေး ENC တောင်းဆို
တိုင်းရင်းဒေသတွေမှာ မြန်မာစစ်တပ် ထိုးစစ်ဆင်မှု ရပ်ဆိုင်းရေး ENC တောင်းဆို

တိုင်းရင်းသား ဒေသတွေမှာ မြန်မာအစိုးရဘက်က စစ်ဆင်ရေး လုပ်နေတာတွေကို ချက်ချင်း ရပ်တန့်ပေးပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လက်တွေ့ပြသဖို့ တိုင်းရင်းသား လူမျိုးများကောင်စီ-မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ထိုင်း၊ မြန်မာနယ်စပ်မှာ ပြုလုပ် ပြီးစီးသွားခဲ့တဲ့ ၆ ကြိမ်မြောက် ENC ညီလာခံမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဦးစံမိုးဝေက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရ အနေနဲ့ ကချင်နဲ့ ရှမ်း အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် ပြုလုပ်နေတဲ့ ထိုးစစ်ဆင် စစ်ဆင်ရေးတွေကို ချက်ချင်း ရပ်တန့်ပေးပါလို့ တိုင်းရင်းသား လူမျိုးများကောင်စီ-ပြည်ထောင်စု မြန်မာနိုင်ငံ (ENC) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဒါတင်မက တိုင်းပြည် တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ပေးသင့်တဲ့အကြောင်း ENC အဖွဲ့ရဲ့ လက်ထောက် အထွေထွေ အတွင်းရေးမှူး နိုင်ကဆော့မွန်က ပြောပါတယ်။

“ပထမဆုံး လုပ်ပေးရမှာက ENC ရဲ့ တောင်းဆိုချက်ထဲမှာ တိုင်းရင်းသား ဒေသတွေမှာ၊ ကချင်ဒေသ၊ ကရင်ဒေသနဲ့ ရှမ်းဒေသတွေမှာ ထိုးစစ်ဆင်နေတဲ့ ကိစ္စတွေ အားလုံးကို ရပ်တန့်ပေးသင့်ပါတယ်။ နောက်တခုကတော့ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေး ပေးသင့်တယ်လို့ ကျနော်တို့ တောင်းဆိုထားတယ်။”

ENC အဖွဲ့ရဲ့ ၆ ကြိမ်မြောက် ညီလာခံကို ထိုင်း၊ မြန်မာနယ်စပ် တနေရာမှာ ၃ ရက်တာ ကျင်းပပြီးတဲ့နောက် အခုလို တောင်းဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး ပြောဆိုချက်တွေ၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေး ဆန္ဒရှိတယ်လို့ ပြောဆိုမှုတွေအပေါ် ENC အဖွဲ့က ကြိုဆိုကြောင်း အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆွေခါးက ပြောပါတယ်။ ဆန္ဒရှိရုံသာမက အကောင်အထည်ပါ ဖော်ပေးဖို့လည်း သူက အခုလို တောင်းဆိုပါတယ်။

“ဦးသိန်းစိန်က အမျိုးသားစည်းလုံးရေး တိုင်းရင်းသားတွေနဲ့ အယုံအကြည် တည်ဆောက်ရေးအပေါ် ဆန္ဒရှိတယ်ဆိုတဲ့ ဖော်ပြချက်ကိုတော့ ကျနော်တို့က ကြိုဆိုတယ်။ ပထမအနေနဲ့တော့ သူ အဲဒီဆန္ဒကို အကောင်အထည် ဖော်ဖို့အတွက် တကယ့် တိုင်းပြည် လူမျိုး အမျိုးသား အကျိုးစီးပွားအတွက် ပထမဆုံး လုပ်သင့်တာတော့ အခု တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ဆင်နေတာကို ရပ်တန့်ပြီးတော့ တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးတခု လုပ်ပြီးတော့ ချက်ချင်း ငြိမ်းချမ်းရေး စကားတွေ ခေါ်ကြဖို့၊ အဲဒီလိုလုပ်ရင် ကောင်းမယ်ပေါ့၊ ကျနော်တို့ ဒါကို တောင်းဆိုတယ်။”

ENC အဖွဲ့ရဲ့ ညီလာခံကို ပြည်နယ် ၇ ခုကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အကြံပေး ပုဂ္ဂိုလ်တွေနဲ့ အထူးဖိတ်ကြားထားသူတွေ စုစုပေါင်း ၄၀ တက်ရောက်ခဲ့ကြပြီး ပြောင်းလဲလာတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် ဝိုင်းဝန်း သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆွေခါးက ပြောပါတယ်။

၆ ကြိမ်မြောက် ညီလာခံကနေ ENC အဖွဲ့ရဲ့ ဥက္ကဋ္ဌအသစ်အဖြစ် ပဒို စောခွဲထူးဝင်းကို ရွေးချယ်လိုက်တဲ့အကြောင်း သိရပါတယ်။

XS
SM
MD
LG