သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီတာခတိုးမြင့်မှု နိုင်ငံရေး ပါတီတွေကို လျှပ်စစ်ဝန်ကြီးရှင်းလင်း


မီတာခ တိုးမြှင့်ကောက်ခံမှုကို ဖုရောင်းတိုင်မီးထွန်းပြီး ကန့်ကွက်နေကြစဉ်။ (ဓာတ်ပုံ/အောင်ရဲမောင်မောင်)
မီတာခ တိုးမြှင့်ကောက်ခံမှုကို ဖုရောင်းတိုင်မီးထွန်းပြီး ကန့်ကွက်နေကြစဉ်။ (ဓာတ်ပုံ/အောင်ရဲမောင်မောင်)
လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံလို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒ ထုတ်ဖော်မှုတွေ ရှိလာတဲ့အတွက် မီတာခတွေ ပြန်လျှော့ပေးဖို့ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်က အရေးတကြီး အဆိုတင်ထားချိန်မှာပဲ လျှပ်စစ်ဝန်ကြီးဟာ ပြည်သူတွေနဲ့ရော နိုင်ငံရေးပါတီ ခေါင်းဆောင်းတွေနဲ့ပါ မြန်မာ့ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ မီတာခတွေ လျှော့ချမယ့် အရိပ်အယောင်တော့ မတွေ့ရသေးဘူးလို့ ဆိုကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးပါတီတွေက ခေါင်းဆောင်ပိုင်းတွေနဲ့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးတို့ တနင်္ဂနွေနေ့က တွေ့ဆုံပွဲမှာ တိုးမြှင့်မီတာခတွေကို ပြန်ပြီး လျှော့ချပေးမယ် ဆိုတာကိုတော့ ယတိပြတ်ပြောဆိုသွားတာ မျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် လျှပ်စစ် စွမ်းအင်ဝန်ကြီး ဌာနအနေနဲ့ကတော့ ပြည်သူတွေရဲ့ဆန္ဒကို အကောင်းဆုံး ဖြစ်အောင်ညှိနှိုင်းဆောင်ရွက် သွားမယ်ဆိုပြီးတော့ ပြောဆိုခဲ့ပါတယ်။

လျှပ်စစ်မီတာခကို မြို့ကြီးတွေမှာ တိုးမြှင့်ကောက်ခံတာဟာ အခြားပြည်နယ်လို နေရာမျိုးတွေမှာ ဈေးနှုန်းမြင့်မြင့်နဲ့ ပေးဆောင်နေရတဲ့ ပြည်သူတွေ မီးရရှိဖို့ ပိုပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရှင်းပြခဲ့ပါတယ်။

Myanmar Peace Center မှာ ကျင်းပခဲ့တဲ့ ပွဲကို တက်ရောက်ခဲ့တဲ့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကိုမေးကြည့်တဲ့ အခါမှာတော့ အခုလို ပြောပါတယ်။

“ကောက်တဲ့ငွေကလည်း ကျန်တဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် နည်းပါသေးတယ်ပေါ့၊ ကောက်ရတဲ့ ကိစ္စကလည်း ပြည်နယ်တွေမှာ တစ်ယူနစ်ကို ၄၀၀ ၊ ၅၀၀ ပေးပြီးတော့ တချို့နေရာတွေက ပြည်သူတွေ စရိတ်စက သက်သာအောင် မျှေ၀ ခံစားနိုင်အောင် ဒီလို ဈေးနှုန်း မြှင့်ရပါတယ်ပေါ့၊ အဲဒီလို ပြောပြီးရှင်းပြပါတယ်။

မေး ။ဒါဆို မီတာခတွေ ပြန်လျှော့ပေးနိုင်မယ့် အခြေအနေရှိလား ခင်ဗျ။

ဖြေ။ အဲဒီလို တော့ မပြောသွားဘူးဗျ၊ သူတို့ပြည်သူတွေအသံကို နားထောင်ပြီး ပြည်သူတွေဆန္ဒအတိုင်း ဖြစ်အောင် ကြိုးပမ်းသွားမယ်-ပေါ့။

မေး။ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေရဲ့ သဘောထားထားကိုရော လိုက်လျှောပေးမယ်ဆိုပြီးတော့ ပြောဆိုသွားတာရော ရှိလားခင်ဗျာ။

ဖြေ။ ။ အဲဒါတော့ မရှိဘူးဗျ။ ဆန္ဒပြနေလို့ လျှော့ရမယ်ဆိုတဲ့ သဘောမျိုးတော့ တာတော့ မပြောဘူးဗျ၊ တွက်ကြည့်တာကတော့ ပြည်သူတွေရဲ့ တင်ပြတာတွေကလည်း ရှိတာကိုး။ စား၊ ဝတ်၊ နေရေးနဲ့ပတ်သက်လို့ ထပ်ဆောင်းပြီး ပေးရမယ်ဆိုရင် လူမှုရေးဒုက္ခတွေ ဖြစ်မယ် -ပေါ့၊ ဒါကိုတော့ ပြည်သူတွေရဲ့လိုလားချက်ကို ရေရှည်သုံးသပ်ပြီး ဖြေရှင်းမယ်ပေါ့၊ ဖြစ်နိုင်ရင်တော့ လူထု သဘောအတိုင်း လုပ်လိုက်မယ်ဆိုတဲ့ သဘောမျိုးလည်း ပြောပါတယ်ခင်ဗျ။”

ဒီမိုကရေစီခေတ်မှာ ပြည်သူတွေက အခွန်ပေးရမှာ ဖြစ်ပေမဲ့ ပြည်သူတွေ ထမ်းရွက်နိုင်တဲ့ အခွန်တွေဖြစ်ဖို့တော့ လိုလိမ့်မယ်ဆိုတာကို ထောက်ပြခဲ့တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

စနေနေ့တုန်းကလည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက စက်မှု ဇုန်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲအတွင်းမှာတော့ သူက ပြည်သူတွေအသံကို နားထောင်နေတယ်လို့ ပြောဆိုခဲ့သလို လွှတ်တော်က ဈေးနှုန်းတခုခု သတ်မှတ်ပေးလိုက်ပြီး ဒီ သတ်မှတ်နှုန်းနဲ့ပဲ ကောက်ပါဆိုရင် လျှပ်စစ်ဝန်ကြီးဌာနက ကောက်ခံသွားဖို့ ဝန်မလေးဘူးလို့ သူက ပြောာကြားခဲ့ပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့က လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်လိုက်တဲ့ မီတာခတွေ တိုးမြှင့်ကောက်ခံတော့မယ် ဆိုတဲ့သတင်းကြောင့် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာနိုဝင်ဘာလ ၆ ရက်နေ့ကနေ (၈) ရက်နေ့အထိ ဆန္ဒဖော်ထုတ်မှုတွေ တောက်လျှောက်ဖြစ်ခဲ့တာပါ၊

လျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာန၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးမှုတွေ လုပ်နေချိန်မှာ ဆန္ဒဖော်ထုတ်တာတွေကို ခေတ္တ ဆိုင်းငံ့ထားမယ်လို့ ဆန္ဒထုတ်ဖော်နေတဲ့ ခေါင်းဆောင်ပိုင်းတွေက ပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ ၅ ရက်ကြာ ဆိုင်းငံ့ထားပါမယ်။ သူတို့တင်ပြလာတဲ့ အချက်တွေက လွှတ်တော်ရဲ့အစည်းအဝေးမှာ တင်ပြမယ်လို့ ပြည်သူကိုပြောထားတယ်။ အဲဒီအခြေအနေက ပြည်သူ လက်ခံနိုင်ရင်တော့ ဆက်လက်စောင့်မှာပါ။ ဒါမှမဟုတ် မီတာခ ကျဆင်းရေးဟာ ၅ ရက်အတွင်းမှာ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ၅ ရက်ပဲ ရပ်ဆိုင်းထားပြီးတော့ ဆက်လက်လှုပ်ရှားမှာ ဖြစ်ပါတယ်။”

မီတာခ လျော့ကျရေး ဆန္ဒဖော်ထုတ်ပွဲတွေမှာပါဝင်လှုပ်ရှားတဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုစည်သူက ပြောသွားခဲ့တာပါ။

အိမ်သုံးမီတာများအနေနဲ့ ယူနစ် ၁၀၀ အတွင်း အသုံးပြုသူများကို တယူနစ် (၃၅) ကျပ်၊ ယူနစ် ၁၀၀ ကျော်ရင် တစ်ယူနစ် (၅၀) ကျပ်၊ စီးပွားရေး လုပ်ငန်းသုံး၊ စက်မှုလုပ်ငန်းသုံး မီတာတွေကို ယူနစ် (၅) ထောင်အထိ တယူနစ်လျှင် ကျပ် (၁၀၀) နဲ့ ယူနစ် ၅,၀၀၀ အထက်ဆိုရင် ကျပ် ၁၅၀ နှုန်းနဲ့ ကောက်ခံသွားမယ် ဆိုပြီးတော့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါခင်ဗျား။
XS
SM
MD
LG