သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clock စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ နာရီ (Clock) ကိုအခြေခံတဲ့အီဒီယံ အသုံးအနှုန်းတွေဖြစ်တဲ့ Beat the clock, Against the clock, Round the clock နဲ့ Turn back the clock တို့ကို တင်ပြထားပါတယ်။

(၁) Beat the clock

Beat က သာမန်အားဖြင့် (ရိုက်တာ) လို့အဓိပ္ပါယ်ရပေမဲ့ ဒီနေရာမှာ (အနိုင်ယူတာ ဒါမှမဟုတ် ကျော်လွှားနိုင်တာ) လို့ အဓိပ္ပါယ်ရပါတယ်။ the clock (နာရီ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နာရီကို အနိုင်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ နောက်ဆုံးကန့်သတ်ချိန်မတိုင်မီ တခုခုကို ပြီးစီးအောင် လုပ်နိုင်လိုက်တာဖြစ်ပါတယ်။ ဆိုလိုတာကတော့ အချိန်အတိုင်းအတာတခုအတွင်းမှာ အမီလုပ်နိုင်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The meeting was at 1 p.m. . He beat the clock and arrived just ten minutes before it started!
အစည်းအဝေးက ညနေ (၁) နာရီမှာ ကျင်းပမှာ။ အစည်းအဝေးမတိုင်မီ (၁၀) မိနစ်အလိုမှာ သူ အချိန်မီ ရောက်သွားခဲ့တယ်။

(၂) Against the clock

Against (ဆန့်ကျင်တာ)၊ the clock (နာရီ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နာရီကို ဆန့်ကျင်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ အချိန်လုပြီး တခုခုကို အချိန်မီအောင် အလောတကြီး လုပ်ရတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John had to race against the clock to file his job application before the deadline!
John က အလုပ်လျှောက်လွှာကို တင်သွင်းရာမှာ လျှောက်လွှာပိတ်ရက် မတိုင်ခင် အချိန်လုပြီး အမီတင်ခဲ့ရတယ်။

(၃) Round the clock

Round (တပတ်လုံး၊ အဝိုင်း)၊ the clock (နာရီ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နာရီတပတ်ပေါ့။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ တနေ့ (၂၄) နာရီရှိရာမှာ (၂၄) နာရီစလုံး ဖြစ်နေတာ၊ (၂၄) နာရီစလုံး လုပ်ဖို့လိုတာ တနေ့လုံး ဆက်တိုက် တောက်လျှောက်ဖြစ်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The baby was so sick that she needed nurses round the clock.
ခလေးငယ်ကသိပ်ပြီးနေမကောင်းဖြစ်နေတော့ (၂၄) နာရီစလုံး သူကိုကြည့်ဖို့သူနာပြုတွေလိုတယ်။

(၄) Turn back the clock

Turn (ပြန်လှည့်တာ)၊ back (အနောက်) ဆိုတော့ Turn back က အနောက်ပြန်လှည့်တာ၊ the clock (နာရီ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နာရီကို နောက်ပြန်လှည့်တာ ဖြစ်ပါတယ်။ တနည်း အချိန်ကို နောက်ပြန်ဆုတ်တာလို့လည်း ဆိုနိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အရင်ကအတိုင်း ပြန်ဖြစ်စေချင်တဲ့ ဆန္ဒဖြစ်တာ၊ ကုန်လွန်ခဲ့တဲ့ အတိတ်ကာလကို ပြန်ရချင်တာ၊ ပြန်တောင်းတမိတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John, you cannot turn back the clock so stop feeling sad. Just learn to move on.
John ရေ၊ ကုန်လွန်ခဲ့တဲ့အချိန်ကိုပြန်ရဘို့ကမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် စိတ်မကောင်း ဖြစ်မနေနဲ့ဲ့။ ဘဝမှာဆက်လျှောက်လှမ်းနိုင်ဖို့ ကြိုးစားပါ။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ Idiom အသုံးတွေက Beat the clock, Against the clock, Round the clock နဲ့ Turn back the clock တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG