သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Strike စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ (ရိုက်တယ်) လို့အဓိပ္ပါယ်ရတဲ့ Strike ဝေါဟာရကို အခြေခံတဲ့ Strike a chord, Strike gold နဲ့ Strike while the iron is hot အီဒီယံအသုံးအနှုန်းတွေကိုတင်ပြထားပါတယ်။

(၁) Strike a chord

Strike (ရိုက်တာ၊ တီးခတ်တာ)၊ a (တခု)၊ chord (တူရိယာကြိုး) လို့လုံးကောက်အဓိပ္ပါယ်ရပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတူရိယာကြိုးကိုတီးခတ်တာဖြစ်ပါတယ်။ တူရိယာကြိုးကို တီးခတ်လို့၊ ထွက်ပေါ်လာတဲ့သံစဉ်ကိုကြားလိုက်ရတဲ့လူတဦးအနေနဲ့တခုခုကိုစိတ်ထဲမှာပြန်သတိရနိုင်သလို၊ခံစားချက်တခုခုလည်းပြန်ပေါ်လာနိုင်တာဖြစ်ပါတယ်။

အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကိုကြားလိုက်ရ၊ တွေ့လိုက်ရတဲ့အတွက်၊လူတဦးဦးမှာ ခံစားချက်ဖြစ်စေတာ၊ တခါတရံမှာလည်း ဖြစ်လေ့ရှိတာက ဒီ အသံကြားဘူးပါတယ်။ ဒီရုပ်မြင်ဘူးပါတယ်။ ဒီစာသားမျိုး ဖတ်ဘူးပါတယ်ဆိုပြီးတော့ တခုခုကို အမှတ်ရစေတဲ့အခါမှာ Strike a chord အီဒီယံကို ရည်ညွှန်းသုံးနိုင်ပါတယ်။တနည်းဆိုတော့တခုခုနှင့်ချိတ်ဆက်မှု၊ ဆက်စပ်မှုရှိနေတဲ့ သဘောဖြစ်ပါတယ်။

ဒီနေရာမှာ Strike အစား၊ ထိတွေ့တယ်လို့အဓိပ္ပါယ်ရတဲ့ Touch ဆိုတဲ့ ဝေါဟာရနှင့် အစားထိုးပြီး Touch a chord လို့လည်း အီဒီယံမှာ ပြောနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

This program clearly struck a chord with our listeners. We received a lot of letters saying how much they enjoyed it.
ဒီအစီအစဉ်ကိုကျနော်တို့ သော်တာရှင်တွေ အတော်လေးနှစ်သက်ကြတယ်လို့ဆိုရမှာပါ။ သူတို့ ဘယ်လောက်သဘောကျကြသလဲဆိုတဲ့အကြောင်း စာတွေအများကြီး ကျနော်တို့ လက်ခံရရှိခဲ့တယ်။

(၂) Strike Gold

Strike က အဓိပ္ပါယ်အမျိုးမျိုးရှိပြီး၊ ဒီနေရာမှာ (ရှာတွေ့တာ) လို့အဓိပ္ပါယ်ရပါတယ်၊၊ Gold (ရွှေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရွှေကို ရှာဖွေတွေ့ရှိတာဖြစ်ပါတယ်။ ရွှေရှာဖွေတွေ့ရှိတဲ့ တွင်းတူးသမားဆိုရင် သူဋ္ဌေးဖြစ်ကိန်းဆိုက်တော့မယ်လို့ခန့်မှန်းလို့ရပါတယ်။ အလားတူဘဲ၊ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ငွေရပေါက်တွေ့တာ၊ ချမ်းသာလာတာ၊ စီးပွားဖြစ်လာတာ၊ ကျိကျိတက်ချမ်းသာလာတာကိုဆိုလိုတာဖြစ်ပါတယ်။ မြန်မာမှာတော့ဘယ်သူဘယ်ဝါကတော့ ရွှေတွင်းကြီး တွေ့သွားပြီ၊ ပွပေါက်တိုးသွားပြီလို့ ပြောတာတွေရှိပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Those foreign companies that invested in Myanmar’s energy sector have struck gold.
မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍမှာရင်းနှီးမြှုပ်နှံခဲ့တဲ့နိုင်ငံခြားကုမ္ပ္မဏီတွေအနေနဲ့အတော်လေးပွပေါက်တိုးခဲ့ကြတယ်။

Strike gold နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးကိုငွေကြေးနှင့်သာမဟုတ်ဘဲ၊ ကိုယ့်အတွက်သိပ်ကိုအသုံးဝင်စေမဲ့၊ အသုံးကျစေမဲ့တခုခုကိုရလိုက်တယ်ဆိုရင်လည်း ဒီအီဒီယံကိုသုံးစွဲနိုင်တယ်လို့ဖြညိ့စွက်တင်ပြလိုပါတယ်။

(၃) Strike while the iron is hot

Strike (ရိုက်ခတ်တာ၊ ရိုက်ချတာ)၊ while (အချိန်အတော်အတွင်း)၊ the iron (သံ)၊ hot (ပူတာ) လို့တိုက်ရိုက်အဓိပ္ပါယ်ရပြီး၊ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က သံပူနေတုန်း ရိုက်ချလိုက်ပါ ဖြစ်ပါတယ်။ ပန်းဘဲသမားတဦးကသံထည်ကိုပုံသွင်းချင်ရင် အရင်ဆုံးသံကိုအပူပေးပြီး၊ သံပြားက ပူလာတော့မှ ပန်းဘဲသမားက ပန်းဘဲတူနဲ့ ထုရိုက်ရတာဖြစ်ပါတယ်။ အီဒီယံအသုံးကလည်း ဒီအတိုင်းပါပဲ။ တခုခုလုပ်စရာရှိရင်၊ အချိန်မနှောင်းခင်၊ အခွင့်အခါကောင်းတုန်းလုပ်ဖို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။

Strike while the iron is hot က အီဒီယံအသုံးအပြင် စကားပုံလည်း ဖြစ်ပါတယ်။ မြန်မာမှာလည်း မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင့်၊ အချိန်ရှိခိုက်၊လုံလစိုက် ဆိုတဲ့စကားပုံမျိုးတွေလို ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကအချက်က အခွင့်အရေးရတုန်းလက်လွတ်မခံဘို့ကိုအကြံပေးခြင်းဖြစ်တယ်လို့်ဆိုရမှာပါ။။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

You have to strike while the iron is hot and invest in off-shore gas drilling in Myanmar. Natural gas is in great demand especially in Asia!
မြန်မာနိုင်ငံရဲ့ကမ်းလွန်သဘာဝဓါတ်ငွေ့တူးဖေါ်တဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့၊ ခုနေခါ အကောင်းဆုံးအချိန်ပါဘဲ။ သဘာဝဓါတ်ငွေ့ဝယ်လိုအားကအာရှမှာအထူးသဖြင့်သိပ်ကိုကြီးမားနေတာ၊၊

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Strike စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက Strike a chord, Strike gold နဲ့ Strike while the iron is hot တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG