သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Call စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ call it a day, call the shots, at beck and call နဲ့ close call စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးမှာ call it a day ဖြစ်ပါတယ်။ Call = ခေါ်သည်၊ It = တခုခုကို ရည်ညွှန်းသည့် နာမ်စား၊ A= တခု၊ Day= ရက် ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်မှာ ရက်တရက်ကို ခေါ်လိုက်သည် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ဒီနေ့အတွက်တော့ ဒီမျှပဲ၊ လုပ်နေတာတွေ အားလုံးရပ်ပြီး နားလိုက်တော့မယ်၊ အလုပ်သိမ်းတော့မယ် ဖြစ်ပါတယ်။ တခါတရံလည်း ကိုယ်တသက်လုံး လုပ်လာတာကို ရပ်တော့မယ်၊ အနားယူတော့မယ်၊ ဆက်မလုပ်တော့ဘူးဆိုရင်လည်း call it a day လို့ ရည်ညွှန်းသုံးနိုင်ပါတယ်။

ဥပမာ

I am so tired after working the whole day on the accounts. I am calling it a day.
ငွေစာရင်းတွေနဲ့ ပတ်သက်လို့ တနေကုန် အလုပ်လုပ်နေရတာ အတော်လေး ပင်ပန်းနေပြီဗျ။ ကျနော် ဒီနေ့အတွက် အလုပ်သိမ်းတော့မယ်။

ဆက်လက်တင်ပြပေးမှာက call the shots ဖြစ်ပါတယ်။ Call = ခေါ်သည်၊ the Shots = ဒီနေရာမှာ အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ပစ်ခတ်တယ်လို့ အဓိပ္ပါယ်ရတဲ့ shoot ကြိယာရဲ့ နာမ် (noun) အဖြစ် အသုံးပြုထားတာဖြစ်ပြီး shots က ပစ်ခတ်မှုများ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပစ်ခတ်ဖို့အတွက် ခေါ်ပေးတာ၊ အော်ပေးတာ ဖြစ်ပါတယ်။ အီဒီယံအသုံးအနှုန်း ဆင်းသက်လာတဲ့ အယူအဆအမျိုးမျိုးရှိတဲ့အနက် တမျိုးကတော့ ရှေ့ ဗြိတိသျှသင်္ဘောတွေ လက်ထက်ကဆိုရင် ရန်သူကို ပစ်ခတ်ရာမှာ ကုန်းပတ်ပေါ်မှာရှိတဲ့ တာဝန်ကျအရာရှိက ဘယ်နေရာကို ချိန်ပစ်ရမယ်ဆိုတာကို အောက်ဖက်က သေနတ်သမားတွေကို အမိန့်ပေးရာကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က အဆုံးအဖြတ်ပေးတဲ့နေရာမှာ ရှိနေတာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်တာ၊ လုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ ရှိနေတာ။ ကျမတို့ ခေတ်စကားအရဆိုရင် လိုအပ်သည်များကို ညွှန်းကြားတဲ့နေရာမှာ ရှိနေခြင်း ဖြစ်ပါတယ်။ ဘန်းစကားအရဆိုရင်တော့ သူကဗိုလ်ပဲပေါ့။

ဥပမာ

Our boss Mr. Green calls the shot at work, but at home it’s his wife, who makes important decisions.
ကျနော်တို့ ဆရာသမား Mr. Green က အလုပ်မှာတော့ သူက အဆုံးအဖြတ်ပေးတဲ့နေရာမှာ ရှိနေပေမယ့် အိမ်မှာဆိုရင်တော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ သူ့ဇနီးက ဆုံးဖြတ်လေ့ရှိတယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးမှာ at beck and call ဖြစ်ပါတယ်။ At = နေရာကိုပြတဲ့ ဝိဘတ် (preposition)၊ Beck က Beckon ဆိုတဲ့ ၁၄ ရာစုအသုံးကနေ ဆင်းသက်လာပြီး လက်အမှုအရာ၊ မျက်နှာအမှုအရာ၊ ခေါင်းလှုပ်ရှားမှုကိုသုံးပြီး ခိုင်းတာ၊ အမိန့်ပေးတာ၊ ညွှန်းကြားတာတို့ ဖြစ်ပါတယ်။ And = နှင့်၊ Call = ခေါ်သည် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်မှာ ခေါ်ပြီးရင်ခေါ်ပြန်ရင် ဖြစ်ပါတယ်။ တချို့ကတော့ beck and call ဟာ beckon call ကနေ ကာလရွေ့လျားလာတော့ beck and call ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် beck and call အီဒီယံအဓိပ္ပါယ်က စောစောက တိုက်ရိုက်အဓိပ္ပါယ်နဲ့ အလားတူတယ်လို့ ဆိုနိုင်ပါတယ်။ ခဏခဏခေါ်ပြီး အခိုင်းခံနေရတာပေါ့။ ကျမတို့ မြန်မာဘန်းစကားအရတော့ ခိုင်းဖက်ဖြစ်နေခြင်း ဖြစ်ပါတယ်။

ဥပမာ

Mary bullies her younger sister Jones a lot. Jones is at her beck and call and sometimes she complaints to her mother.
Mary က သူ့ညီမငယ် Jones အပေါ် ဗိုလ်ကျတယ်။ Jones ကို သူက ခဏခဏ ခေါ်ခိုင်းတော့ တခါတလေလည်း Jones က သူ့အမေကို တိုင်းပြောတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ close call ဖြစ်ပါတယ်။ Close = ကပ်တာ၊ နီးတာ၊ Call = ခေါ်သည် ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်မှာ ကပ်ပြီးခေါ်သည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ဒီနေရာမှာ အန္တရာယ်ကနေ သီသီလေး လွတ်တာကို ဆိုလိုပါတယ်။ ကံကောင်းလို့ လက်မတင်ကလေး လွတ်သွားတယ်သဘောမျိုး ဖြစ်ပါတယ်။

ဥပမာ

We were very lucky as we got out of our house before it was burnt down. It was a very close call.
ကျနော်တို့ သိပ်ကို ကံကောင်းတယ်။ အိမ်တအိမ်လုံး မီးလောင်ပြာမကျခင် ကျနော်တို့ လက်မတင်ကလေး ထွက်ပြေးနိုင်ခဲ့ကြတယ်။

XS
SM
MD
LG