ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ စိုတယ်လို့် အဓိပ္ပါယ်ရတဲ့ (Wet) ဝေါဟာရကိုအခြေခံတဲ့ Wet behind the ears, Wet blanket နဲ့ Get your feet wet တို့ကိုတင်ပြထားပါတယ်။
(၁) Wet behind the ear
Wet (စိုစွတ်သော), Behind (အနောက်မှာ) Ears (နားရွက်) တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က နားတွေအနောက်ဘက် စိုနေတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ အမိဝမ်းတွင်းက ထွက်ထွက်လာချင်း မွေးစခလေးတွေအနေနဲ့ ချွဲရေ သွေးစသဖြင့် စိုစွတ်နေတဲ့ ဖြစ်ရပ်ကနေ တင်စားပြောပြီး နားနောက်မှာ စိုနေသေးတယ်ဆိုပြီး တင်စားပြောထားတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ တနည်းအားဖြင့် မွေးစခလေးလိုပဲ လူတဦးအနေနဲ့ အတွေ့အကြုံ မရင့်ကျက်သေးတာ၊ အတွေ့အကြုံနည်းသေးတာ၊ သက်တမ်းနုသေးတာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာ မိခင်နို့နံ့တောင် မစင်သေးဘူးရယ်လို့ တဘက်လူရဲ့  အတွေ့အကြုံနည်းပါးမှုကို နှိမ်ပြောချင်ရင် တင်စားသုံးနှုန်းတာနဲ့ တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Tom is still wet behind the ears in this business, but that’s to be expected. He graduated from college just last year.
Tom က ဒီ စီးပွားရေးလုပ်ငန်းမှာ သိပ်အတွေ့အကြုံ နည်းသေးတယ်လို့ ဆိုရမှာပါ။ ဒါကလဲ မဆန်းပါဘူး။ သူက မနှစ်ကမှ ကောလိပ်က ဘွဲ့ရခဲ့တာ။
(၂) Wet blanket
Wet (စိုစွတ်သော), Blanket (ခြုံစောင်) တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ စိုနေသောခြုံစောင် ဖြစ်ပါတယ်။ အများသိတဲ့အတိုင်းပါပဲ မီးလောင်ရင် လောင်နေတဲ့မီးကို စိုနေတဲ့စောင်နဲ့ အုပ်လိုက်ရင် ငြိမ်းသွားပါတယ်။ ဒါကြောင့်မို့ ထတောက်ဖို့ ဟန်ပြင်စရှိသေး စိုနေတဲ့စောင်နဲ့ အုပ်လိုက်တော့ မီးငြိမ်းသွားတဲ့သဘောဆိုတော့ တခုခုကို အဆုံးသတ်စေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ တခုခုကို စလုပ်ဖို့ ကြိုးပမ်းမယ်ကြံတုန်း အားမပေးတာ၊ စိတ်ဓါတ်ကျအောင် လုပ်တဲ့လူမျိုးကို wet blanket ရယ်လို့ ရည်ညွှန်းသုံးပါတယ်။ ဒီ အီဒီယံရဲ့  နောက်အဓိပ္ပါယ်တမျိုးကတော့ ပျော်စရာကောင်းတဲ့ အချိန်မျိုးမှာ ပွဲဖျက်တဲ့လူမျိုးကိုလည်း wet blanket လို့ တင်စားပြောဆိုပါတယ်။ ကျမတို့ မြန်မာမှာတော့ ခပ်တုံးတုံးလူစားမျိုး၊ ပျင်းစရာကောင်းတဲ့ အဖော်မျိုး။ သူပါရင်တော့ ပွဲပျက်လိမ့်မယ်လို့ အပြောခံရတဲ့လူမျိုးကို wet blanket ရယ်လို့ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John is known as a wet blanket among his friends. He doesn’t dance or drink at parties and gets upset when the music is loud.
John ပါရင်တော့ ပွဲပျက်လိမ့်မယ်လို့ သူ့သူငယ်ချင်းတွေက သိထားကြတယ်။ ပါတီတွေမှာ သူက က လဲ မက၊ အရက်လဲ မသောက်ဘူး။ သီချင်းသံကျယ်ရင်လဲ သူက စိတ်တိုသေးတယ်။
(၃) Get your feet wet
Get (ဖြစ်စေသည်၊ ရရှိသည်), Your (သင်ရဲ့ ), Feet (ခြေထောက်တွေ), Wet (စွတ်စိုသော) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခြေထောက်တွေကို စိုစွတ်အောင်လုပ်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံကလည်း ရှင်းပါတယ်။ ရေမကူးတတ်တဲ့လူ၊ ရေကြောက်တဲ့ လူဆိုရင် ရေထဲမဆင်းရဲကြပါဘူး။ ဒါကြောင့် နောက်ဆုံး ကမ်းစပ်မှာနေပြီးတော့ ရေထဲကို အစမ်းသဘော ခြေစိုရုံလောက် ဆင်းကြည့်တဲ့သဘောကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အရင်က မလုပ်ဘူးတာကို ပထမဦးဆုံး စလုပ်ကြည့်တာ၊ အစမ်းသဘော လုပ်ကြည့်တာ၊ မြေစမ်းခရမ်းပျိုး လုပ်ကြည့်တာကို ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I have never invested in stocks before, but my boss said it is time to get my feet wet.
ကျနော်အနေနဲ့ စတော့ဈေးကွက်မှာ ရင်းနှီးမြုပ်နှံတာ တခါမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ကျနော့်ဆရာသမားက ကျနော်အနေနဲ့ စမ်းလုပ်ကြည့်သင့်ပြီလို့ ပြောတယ်။
ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Wet စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Wet behind the ears, Wet blanket နဲ့ Get your feet wet တို့ ဖြစ်ကြပါတယ်။