သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Break စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


Break စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ
Break စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ all the breaks, break the news, break even, break the ice နဲ့ take a break တို့ကို တင်ပြပေးသွားပါမယ်။

ပထမဦးဆုံး အီဒီယံအသုံးအနှုန်းမှာ all the breaks ဖြစ်ပါတယ်။ Break ဆိုတဲ့ ဝေါဟာရရဲ့ ကြိယာ သို့ နာမ် အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီ နေရာမှာတော့ နာမ်အဖြစ် အသုံးပြုထားပါတယ်။ Break ရဲ့ ကြိယာအဓိပ္ပါယ်က ချိုးတာ၊ ခွဲတာ၊ အက်တာ ဖြစ်ပေမယ့် အခု နာမ်အဖြစ်သုံးထားတဲ့ နေရာမှာတော့ ခဏရပ်နားတာ၊ အားလပ်ချိန်၊ အခွင့်အလမ်း စသဖြင့် ဆိုလိုပါတယ်။ All = အားလုံး၊ the breaks = အခွင့်အလမ်း၊ ရပ်နားချိန် ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရပ်နားတဲ့အချိန်၊ အခွင့်အလမ်း အားလုံးတို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ break ကို ကံကောင်းတဲ့ ဖြစ်ရပ်ကိုလည်း ရည်ညွန်းပြီးသုံးလို့ရပါတယ်။

အားကစားနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

We should have beaten those guys. We have a better team. But the football took all the lucky bounces for them. What can you do when the other team gets all the breaks.

ဒီမောင်တွေကို ကျနော်တို့က အနိုင်ရဖို့ ကောင်းတာဗျ။ ကျနော်တို့ အသင်းက တကယ်တော့ ခြေပိုသာတယ်။ ဒါပေမဲ့ဗျာ ဘောလုံးက သူတို့ လက်ထဲချည်းပဲ ရောက်ရောက်သွားတယ်။ သူတို့ဖက်က အခွင့်အလမ်းတွေ အားလုံးရနေတော့လည်း ကျနော်တို့ ဘယ်တတ်နိုင်မလဲ။

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ break the news ဖြစ်ပါတယ်။ ဒီနေရာမှာ ကြိယာ (verb) အဖြစ် သုံးထားပြီး အဓိပ္ပါယ်ကတော့ ချိုးသည်၊ ခွဲသည်၊ အက်စေသည်၊ ချိုးဖောက်သည် ဖြစ်ပါတယ်။ The news ကတော့ သတင်းဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သတင်းကို ချိုးတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ သတင်းကို ပထမဦးဆုံး ကာယကံရှင်ကို အသိပေးတာ၊ အကြောင်းကြားတာ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာ သတင်းဆိုရင်တော့ အရိပ်အခြေကြည့်ပြီး ဖြေးဖြေးပြောသင့်ရင်လည်း ပြောရမယ်လို့ ဆိုရမှာပါ။

ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

That old fellow who runs our mail room has been with us for 30 years. But, he can’t handle the work anymore. So, I am going to have to break the news to him that is time for him to retire.

စာပို့ခန်းမှာ လုပ်နေတဲ့ အဖိုးကြီးဟာ ကျနော်တို့နဲ့ အတူတူ အလုပ်လုပ်တာ အနှစ် ၃၀ ရှိသွားပြီ။ ဒါပေမဲ့ အခုတော့ သူဟာ သူ့အလုပ်ကို ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ဒါကြောင့် အငြိမ်းစားယူဖို့ အချိန်တန်ပြီလို့ သူ့ကို စပြီအသိပေးရတော့မယ် ဖြစ်ပါတယ်။

ဆက်လက်တင်ပြမယ့် အီဒီယံအသုံးကတော့ break even ဖြစ်ပါတယ်။ Break = ချိုးတာ၊ ခွဲတာ၊ Even = မျှတခြင်း ဆိုတော့ လုံးကောက် အဓိပ္ပါယ်ကတော့ ချိုးတဲ့နေရာမှာ မျှမျှတတ ချိုးတာ၊ ခွဲတာ ဖြစ်ပါတယ်။ ဒီအသုံးကို အီဒီယံ သဘောအရတော့ စီးပွားရေးအရောင်းအဝယ်မှာ သုံးလေ့ရှိတာ တွေ့ရပါတယ်။ အရှုံးနဲ့အမြတ်က ဘဲစားဘဲခြေ ဖြစ်တယ်၊ ဇတူဖြစ်တယ်၊ တနည်း မြတ်လည်းမမြတ် ရှုံးလည်းမရှုံး အရှုံးနဲ့အမြတ် ကာမိတယ်ဆိုရင် break even သုံးနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာ ကို လေ့လာကြည့်ရအောင်ပါ။

My first year was pretty tough. In fact, we lost money. This second year, I think, we will break even. And, now we are getting more customers. Next year, we expect to make a healthy profit.

ကျနော်တို့ ပထမနှစ်တုန်းက အတော်လေး အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ငွေတောင် အရှုံးပေါ်တယ်လို့ ဆိုနိုင်တယ်။ ဒီ ဒုတိယနှစ်မှာတော့ ကျမတို့ ရင်းစား ပြန်ရနိုင်လိမ့်မယ်လို့ ထင်တာပါပဲ။ အခုတော့ ကျနော်တို့ဆီ လာရောက်အားပေးစားသောက်ကြတဲ့ လူတွေ များလာတော့ နောက်နှစ်အတွက်တော့ အမြတ်အတော်လေး ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နောက်ထပ် တင်ပြမယ့် အီဒီယံအသုံးကတော့ break the ice ဖြစ်ပါတယ်။ Break = ခွဲတာ၊ ချိုးတာ နဲ့ ice = ရေခဲ ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ ရေခဲကို ခွဲတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ တစိမ်းတယောက်နဲ့ မိတ်ဆက်ပေးခံရတဲ့အခါ ဘယ်လို စကားပြောရမလဲလို့ အကြံအိုက်တဲ့ အချိန်မျိုးမှာ တခုခုကို စပြီးတော့ ပြောလိုက်ခြင်းအားဖြင့် ရှက်အမ်းအမ်း ဖြစ်နေရာကနေ ခင်မင် ရင်းနှီးမှု ရရှိလာတယ်၊ ပြောရဲဆိုရဲ ရှိလာတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်ရင် break the ice လို့ ပြောဆိုနိုင်ပါတယ်။ ကျမတို့ မြန်မာမှာလည်း အေးတိအေးစက်နိုင်လှတဲ့သူကို ရေခဲတုံးလို့ တင်စားခေါ်ဝေါ်တာ သောတရှင်များလည်း အသိပဲဖြစ်ပါတယ်။ တဖက်နဲ့တဖက် ဆက်ဆံရေး နွေးထွေးမှုရှိလာတယ် ဆိုလိုရှိရင် ဒီ အေးဆက်တဲ့ အနေအထားကနေပြီးတော့ နွေးသွားတာကို ရည်ညွန်းပြောလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ ညက ဧည့်ခံပွဲပါတီတခုကို တက်ရောက်ခဲ့သူ လူငယ်တဦးက သူ့မိတ်ဆွေကို ပြန်ပြောပြတဲ့ George Crow ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်ပါ။

Somebody introduced me to this very lovely girl. At first, we didn’t know what to say to each other. But, finally we managed to break the ice by talking about a movie. Now I am taking her to a show Saturday night.

ကျနော်ကို လူတယောက်က သိပ်ပြီး လှတဲ့မိန်းကလေးတယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ ပထမတော့ ကျနော်တို့ တယောက်နဲ့ တယောက် ဘာ စပြောရမှန်းမသိဘူး။ နောက်ဆုံးကျတော့ ရုပ်ရှင်အကြောင်းပြောရင်းနဲ့ ကျနော်တို့ နှစ်ဦး ခင်မင်ရင်းနှီးလာခဲ့ကြတယ်။ စနေနေ့ညကျရင် ကျနော် သူ့ကို ပွဲကြည့်ဖို့ ခေါ်သွားမယ်။

နောက်ဆုံး တင်ပြမယ့် အီဒီယံအသုံးကတော့ take a break ဖြစ်ပါတယ်။ Take = ယူပါ၊ Break -= ခေတ္တရပ်နားပါ ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခေတ္တရပ်နားကြစို့ လို့ အဓိပ္ပါယ်ရပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း တခုခုကို ဆက်တိုက်လုပ်နေရကနေ ခေတ္တရပ်နားတာကို ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ်။

ည ၁၀ နာရီအထိ တောက်လျှောက် စာကြည့်လာသူ ခေတ္တရပ်နားရအောင်လို့ ပြောတဲ့ George Crows ပေးတဲ့ ဥပမာ ကို လေ့လာကြည့်ရအောင်ပါ။

It’s ten o’clock now, let’s take a break and have a cup of coffee.

၁၀ နာရီ ထိုးပြီလေ။ ဒါကြောင့် ခဏလောက် နားကြပြီး ကော်ဖီ တခွက်လောက် သောက်ကြရအောင်။

XS
SM
MD
LG