သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခက်အခဲ၊ အကြပ်အတည်ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


အခက်အခဲ၊ အကြပ်အတည်ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
အခက်အခဲ၊ အကြပ်အတည်ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ in a pretty pickle, in the dog house နဲ့ between a rock and a hard place တို့ ဖြစ်ကြပါတယ်။

ဘဝမှာ တခါတရံ ဝေခွဲမရတဲ့ လမ်းဆုံလမ်းခွရောက်တတ်ကြပါတယ်။ ဘယ်လမ်းကို လိုက်ရမလည်းဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရတယ်အခါတွေလို့ ဆိုရပါမယ်။ အခုလို ဆုံးဖြတ်ရမှာ တခါတရံလည်း လမ်းမှားကို လိုက်တတ်ပါတယ်။ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရင် ဒီနေ့တင်ပြပေးမယ့် အီဒီယံတွေက အသုံးတည့်လိမ့်မယ်လို့ ဆိုနိုင်ပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ in a pretty pickle ဖြစ်ပါတယ်။ In = အထဲမှာ၊ A = တခု၊ Pretty = လှပသော၊ ချောသော အဓိပ္ပါယ်ဆောင်ပေမယ့် ဒီနေရာမှာတော့ ကျမတို့မြန်မာစကားမှာလို သိပ်ဒုက္ခရောက်နေတယ်ဆိုရင် ဒုက္ခလှလှကြီး တွေ့တယ်လို့ လွန်ကဲမှုကို လှလှဆိုတဲ့အသုံးနဲ့ ရည်ညွှန်းသုံတတ်ပါတယ်။ ဒီနေရာမှာ pretty က ဒီသဘောဖြစ်ပါတယ်။ Pickle ကတော့ သာမန်အားဖြင့် ဆားရေစိမ်၊ ရှာလကာရည်စိမ်ထားတဲ့ ချဉ်ဖတ် (သို့) သေနပ် ကိုခေါ်ပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အတော်လေး အခြေအနေဆိုးတဲ့ ချဉ်ဖတ်ကြီးထဲကို ရောက်နေတယ် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ အခြေအနေ မလှတာ၊ မျက်နှာပူ ရှက်ဖွယ်ရာ၊ မကောင်းလှတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

အခုလို နားခေါင်းရှုံစရာ အခြေအနေနဲ့ ပတ်သက်လို့ Pauline Gary ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“My brother Joe is in a pretty pickle. He got mixed up and asked two different girls to the same party Saturday night.”

“ကျမရဲ့မောင်လေး Joe တယောက်တော့ ဒုက္ခလှလှကြီး တွေ့နေပြီ။ ယောင်မှားပြီးတော့ စနေနေ့ညအတွက် ပါတီတခုတည်းသွားဖို့ ကောင်မလေးနှစ်ယောက်ကို သူသွားပြီးဖိတ်လိုက်ခဲ့တယ်။”

ဒါကြောင့် Joe က သူမှားပြီးဖိတ်မိတယ့် ကောင်မလေးနှစ်ယောက်အနက် တယောက်ယောက်ကို ရွေးရမှာဖြစ်ပါတယ်။ ကျန်တယောက်နဲ့ Joe ဇာတ်လမ်းကတော့ ဒီမှာတင် တခန်းရပ်ဖို့ အခြေအနေရှိမှာတော့ ဧကန်မလွဲပါဘူး။ ကောင်မလေး နှစ်ယောက်ထဲက တယောက်က မကြည်တော့တဲ့ အခြေအနေမျိုးမှာ နောက်ကျန်တဲ့ တယောက်က Joe ကို စိတ်ဆိုးမယ်ဆိုလည်း ဆိုးစရာပါ။ ဒါကြောင့်မို့ Joe နဲ့ ကျန်ကောင်မလေး နှစ်ဦးရဲ့ ဆက်ဆံရေးအခြေအနေကို တင်စားပြောဆိုရမှာ နောက်ထပ်တင်ပြပေးမယ့် အီဒီယံနဲ့ လိုက်ဖက်ပါတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံက in the dog house ဖြစ်ပါတယ်။ In = အထဲမှာ၊ Dog = ခွေး နဲ့ House = အိမ် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခွေးနေတဲ့ အိမ်ထဲမှာ ဖြစ်ပါတယ်။ တနည်းတော့ သိပ်စိတ်ဆိုးလွန်လို့ အိမ်ထဲအဝင်မခံဘဲ အိမ်မှာမွေးထားတဲ့ ခွေးနေတဲ့အိမ်မှာပဲ သွားနေ၊ အဲဒီနေရာနဲ့ပဲ တန်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဆက်ဆံတာ ဖြစ်ပါတယ်။ မြန်မာဆန်ဆန် ပြောရရင်တော့ အခုလို နှစ်ပေါက်တပေါက် ရိုက်တဲ့အတွက် ခွေးကတက်နဲ့ပဲ တန်တယ်လို့ တဖက်သားကို ဆက်ဆံတာမျိုး ဖြစ်ပါတယ်။ တပါးသူရဲ့ ညိုညင်မှုကို ဒီ အီဒီယံအသုံးအနှုန်းနဲ့ ရည်ညွှန်းပြောဆိုနိုင်ပါတယ်။

ကျောင်းသူတဦးရဲ့ ဖွင့်ဟချက်နဲ့ ပတ်သက်လို့ Pauline Gary ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“I have been in a dog house with my mother and dad ever since they saw my grades from the ast semester. I admit that I failed math, barely passed English. These are tough courses.”

“ပြီးခဲ့တဲ့ စာသင်နှစ်မှာ ကျမရတဲ့ အမှတ်စာရင်းကို မြင်ပြီးကတည်းက အမေနဲ့ အဖေက ကျမအပေါ်မှာ သိပ်စိတ်ဆိုးနေကြတယ်။ ကျမဝန်ခံပါတယ် သင်္ချာလည်းကျတယ်၊ အင်္ဂလိပ်စာကလည်း ကပ်ပြီးအောင်ခဲ့တယ်။ ဒါပေမဲ့ သင်ရိုးတွေကလည်း ခက်သလားမပြောပါနဲ့တော့။”

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ between a rock and a hard place ဖြစ်ပါတယ်။ Between = နှစ်ခုကြားမှာ၊ A = တခု၊ Rock = ကျောက်ဆောင်၊ Hard = မာကျောသော၊ Place =နေရာ တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တဘက်မှာ ကျောက်ဆောင် နဲ့ မာကျောနဲ့ နေရာကြားရောက်နေတဲ့ သဘော ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ရှေ့နံမည်ကျော် စာရေးဆရာကြီး Homer ရဲ့ Odyssey ဆိုတဲ့ ဝတ္ထုမှာ Odyssey သင်္ဘောဟာ တဘက်မှာ ကျောက်ဆောင်ကြီး၊ တဘက်မှာ ပင်လယ်ဝဲကြီး ဖြစ်နေတော့ ကျဉ်းမြောင်းလာတဲ့လမ်းကြောင်းမှာ သဘောၤဟာ သတိထား ဖြတ်မောင်းရတဲ့အခြေအနေမှာ ဒီလိုတင်စားပြောဆိုခဲ့ရမှာ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အီဒီယံသဘောအရတော့ မလူးသာမလွန်သာတဲ့ အခြေအနေ၊ အန္တရာယ်တွေ ပတ်ခြားဝိုင်းနေတဲ့ ဘေးကြပ်နံကြပ် ဖြစ်နေတဲ့ အခြေအနေ၊ ရွေးစရာ နှစ်လမ်းရှိရာမှာ ဘယ်လမ်းကမှ ကိုယ့်အတွက် အခြေအနေမလှတဲ့ ဘယ်ဘက်ကိုကြည့်ကြည့် မသက်သာတဲ့ ရွေးလမ်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ အကောင်းဆုံးက ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပြီးတော့ လာမယ့်ဘေး ပြေးတွေ့ရုံကလွှဲလို့ တခြားဘာမှ မရှိတာကို ဆိုလိုပါတယ်။

အခု Pauline Gary ပေးမယ့် ဥပမာမှာတော့ စီးပွားရေး အကြပ်အတည်ကြီးကို ရင်ဆိုင်နေရလို့ ခေါင်းခဲနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

“We lost so much that we are between a rock and a hard place. I can’t decide whether to try to borrow money and pay higher interests than we can afford or else sell out. And, probably lose a half of our investment.”

“ကျမတို့ သိပ်ကို အရှုံးပေါ်နေပြီ။ ဘယ်လိုပဲလုပ်လုပ် ဘယ်ဘက်ကမှ သက်သာပုံမပေါ်ဘူး။ ကျမတို့အနေနဲ့ တတ်နိုင်တာထက် ပိုပေးပြီး အတိုးနှုန်းမြင့်မြင့်နဲ့ ငွေဘဲချေးမလား၊ ဒါမှမဟုတ် ဆိုင်ကို ရောင်းပစ်မလား။ အဲဒီလို လုပ်ရင်လည်း ကျမတို့ ရင်နှီးထားတဲ့ ငွေတဝက်လောက်တော့ အရှုံးပေါ်မှာ ဖြစ်တဲ့အတွက် ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်လို့ မရတော့ဘူး။”

XS
SM
MD
LG