သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Call စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


Call စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ
Call စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

ဒီသတင်းပတ်အတွက် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ call on the carpet, call the tune နဲ့ call it a day တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ call on the carpet ဖြစ်ပါတယ်။ Call on = ခေါ်ယူသည်၊ ဆင့်ခေါ်သည်၊ တောင်းဆိုသည်။ Carpet = ကော်ဇော တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကော်ဇော ကို ဆင့်ခေါ်သည်၊ တောင်းဆိုသည် ဖြစ်ပါတယ်။ Call on the carpet အသုံး ဆင်းသက်လာခဲ့တာ ရာစုနှစ်ကြာခဲ့ပါပြီ။ နန်းတော်တွေ၊ အိမ်တော်တွေမှာ အိညက်နေတဲ့ ကဗ္ဗလာ ကော်ဇောကြီးတွေ ခင်းကျင်းထားတာကို ရုပ်ရှင်တွေ၊ စာအုပ်တွေထဲမှာ တွေ့မြင်ဘူးကြပါလိမ့်မယ်။ အခုလို မင်းစိုးရာဇာတွေ နေတဲ့နေရာတွေမှာ ကော်ဇောခင်းကျင်းထားပေမယ့် လက်အောက်ငယ်သား နေရာတွေမှာတော့ ရိုးရိုးကြမ်းပြင် ဖြစ်နေပါတယ်။ ဒါကြောင့် ကော်ဇော ဆီကို အခေါ်ခံရရင် အဆူအပူခံရဖို့ သဘောဖြစ်ပါတယ်။ ဒါကြောင့် call on the carpet ရဲ့ အီဒီယံအဓိပ္ပါယ်က အဆူခံရတဲ့သဘော အမိန့်ပေးခံရတဲ့သဘော ဖြစ်ပါတယ်။

အောက်ပါပေးထားတဲ့ ဥပမာမှာ Joe ဆိုသူ အရောင်းစာရေးတဦးက အလုပ်ကို လာတာလည်းနောက်ကျ၊ ပြန်တဲ့အခါလည်း စောစောပြန်တော့ သူ့မန်နေဂျာ ဖြစ်သူက Mr. Lee ဒီအတိုင်း ကြည့်နေလို့တော့ မဖြစ်နိုင်တော့ဘူး တခုခုလုပ်တော့မှဆိုပြီး ခေါ်ဆိုခဲ့တယ်။ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“Mr. Lee finally called Joe on the carpet. He told him he was a good salesman, but he has to start working a full eight hours a day like everybody else. If he didn’t, then the company will have to let him go and get someone else.”

“Mr. Lee က Joe ကို ခေါ်ပြီး ကြိမ်းတော့တယ်။ အရောင်းစာရေး အလုပ်မှာတော့ ခင်များက တော်ပါတယ်။ ဒါပေမဲ့ လူတိုင်းလို တနေ့ (၈) နာရီပြည့် အလုပ်လုပ်စေချင်တယ်။ တကယ်လို့ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ကုမ္မဏီအနေနဲ့ သူကို အလုပ်က ထုတ်ပြစ်ပြီး တခြားလူတဦးဦးကို ငှားရလိမ့်မယ်လို့ သူဆရာက ပြောခဲ့တယ်။”

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးက call the tune ဖြစ်ပါတယ်။ Call = ခေါ်သည်။ Tune = တေးသွား၊ သံစဉ် တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တေးသွား၊ သံစဉ်ကို ခေါ်ယူသည် ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယက်က အဆုံးအသတ် ပေးနိုင်တဲ့ သြဇာညောင်းတာမျိုးကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဘယ်လိုလုပ်၊ ဘယ်လိုကိုင် လိုအပ်သည်များကို ညွှန်ကြားနိုင်တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ အီဒီယံ က ရှေးစကားပုံ တခုက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အဲဒီမှာ ပုလွေးမှုတ်သူကို အခကြေးငွေပေးပြီး မှုတ်ခိုင်းတဲ့လူက သူနားထောင်ချင်တဲ့ တေးသံကို မှုတ်ခိုင်းတဲ့သဘော ဖြစ်ပါတယ်။

မိသားစုတနိုင် လုပ်နေတဲ့ ကုမ္မဏီတခုမှာ အမှုထမ်းတဦးအနေနဲ့ ပိုင်ရှင်ဖြစ်သူ ဖခင်က ကျန်းမာရေးချို့တဲ့လို့ သားဖြစ်သူက အဖေရဲ့ နေရာကို ယူပြီးလုပ်နေတဲ့ အခြေအနေအကြောင်း George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“When the old man left, his young son got the job. Now he calls the tune and making a lot of changes. It’s too early to tell whether he can really handle the job, but so far he is doing just fine.”

“အဖိုးကြီး အလုပ်က အနားယူသွားတော့ သူနေရာကို သူ့ရဲ့ သားငယ်က ရယူလိုက်တယ်။ အခု သူ့သားက သူ့ စိတ်ကြိုက် အမိန့်တွေထုတ်ပြီး ပြောင်းလဲမှုတွေ အကြီးအကျယ် လုပ်ကိုင်နေတယ်။ ဒီအလုပ်ကို တကယ် ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုပ်နိုင်မလုပ်နိုင်ဆိုတာကတော့ ပြောနိုင်ဖို့ အလွန်စောသေးပါတယ်။ အခုအချိန်အထိတော့ သူကြည့်ရတာ အဆင်ပြေနေသေးပါတယ်။”

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ call it a day ဖြစ်ပါတယ်။ Call = ခေါ်ဆိုသည်။ It = တခုခုကို ကိုယ်စားပြုတဲ့ နာမ်စား။ Day = နေ့ရက် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရက်တရက်လို့ ခေါ်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယယ်ကတော့ တခုခု လုပ်ကိုင်နေလို့ ဆက်မလုပ်နိုင်တော့တဲ့ အခြေအနေရောက်ပြီး ဒီလောက်နဲ့တော့ တော်ပြီလို့ ပြောခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ်သာမန် အလုပ်လုပ်နေကြလို့ အချိန်ပိုပြီး အလုပ်လုပ်ခဲ့လို့ ဆက်မလုပ်နိုင်တော့ အခြေအနေရောက်တဲ့အခါ ဒီ အီဒီယံကို အသုံးပြုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာမှာတော့ စီးပွားရေးလုပ်ငန်းငယ်ကလေးတခု ဖွင့်ထားတဲ့ ပုဂ္ဂိုလ်တဦးနဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက် Mike က ငွေစာရင်းတွေ ကွာနေလို့ ဘယ်နေရာမှာ မှားနေသလဲဆိုပြီး ညဉ့်နက်တဲ့အထိ အဖြေလိုက်ရှာကြတာ ဖြစ်ပါတယ်။ ညပိုင်း ၁၀ နာရီလည်းခွဲနေပြီး ထမင်းကလည်း မစားရသေးဘူး၊ မောလည်းမောပြီဆိုတော့ သူ ပြောဆိုပုံက ~

“Hey Mike, look at the clock! It’s late. We are hungry and my eyes are so tired I can hardly see the numbers. Let’s call it a day and look for the mistakes in the morning after we had enough sleep.”

“Mike ရေ အချိန်နာရီကို ကြည့်လိုက်ပါအုန်း။ အတော်လေး နောက်ကျနေပြီ။ ဆာလည်းဆာနေပြီ၊ ကိုယ့်မျက်စိတွေလည်း အလွန်ညောင်းနေပြီ။ နံပါတ်တွေတောင် ကောင်းကောင်းမမြင်တော့ဘူး။ ဒါကြောင့်မို့ တော်ကြပါစို့။ ဒီည ကောင်းကောင်းအိပ်ပြီး မနက်ကျမှ အမှားတွေကို ရှာကြရအောင်ကွာ။”

XS
SM
MD
LG