သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bum စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Bum စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ bum steer, on the bum, bum rap နဲ့ bum around တို့ ဖြစ်ကြပါတယ်။

လူအဖွဲ့အစည်းများမှာ အလုပ်အကိုင်မရှိဘဲ ရွာရိုးကိုးပေါက် လျှောက်လည်နေသူများ ရှိကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီလိုလူမျိုးတွေကို အမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ Hobo လို့ ခေါ်သလို Tramp နဲ့ Bum လို့လည်း ခေါ်ကြပါတယ်။ ကျမတို့ မြန်မာစကားမှာတော့ ခြေသလုံးအိမ်တိုင် လျှောက်သွားနေသူ၊ လက်ဝါးဖြန့်တောင်းသူ၊ လက်ကြောတင်း အလုပ်မလုပ်ချင်တဲ့လူ စသဖြင့် ပြောလေ့ရှိကြပါတယ်။ အမေရိကန်နိုင်ငံမှာ အခုလို အသုံးအနှုန်းတွေရှိကြတဲ့အထဲမှာ bum ဟာ ရှေ့ အကျဆုံး စကားလုံးဖြစ်ပါတယ်။ ဒီစကားလုံးနောက်မှာ mer ကိုဖြည့်စွက်ပြီး bummer ဆိုပြီး သုံးလေ့ရှိပါတယ်။ အဓိပ္ပါယ်ကတော့ မနှစ်မြိုဖွယ်ကောင်းတဲ့ အရာတွေကို ရည်ညွှန်းသုံးခြင်း ဖြစ်ပါတယ်။

Bummer နဲ့အတူ တွဲသုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက bum steer ဖြစ်ပါတယ်။ Bum = ခြေသလုံးအိမ်တိုင် အခြေမရှိသောလူ။ Steer = ထိန်းကျောင်းတည်မတ်ပေးသည်၊ လမ်းညွှန်းပေးတယ် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  အဓိပ္ပါယ်ကတော့ ညံ့ဖျင်းခြင်း၊ နည်းနည်းမှသုံးမရခြင်း တို့ ဖြစ်ကြပါတယ်။

အောက်က Pauline Gary ပေးမယ့် ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“Charles should give up a bum steer when he said that a new rock group from England is so great. We heard their concert last night. And, it was terrible. Believe me a real bummer.”

“အင်္ဂလန်က လာတဲ့ ရော့ခ်တီးဝိုင်းအဖွဲ့က အရမ်းကောင်းတယ်လို့ Charles က ပြောခဲ့တယ်။ ဒါပေမဲ့ သူပြောတာက သိပ်ကိုပုံစံမကျဘူး။ တလွှဲကြီးဖြစ်နေတယ်။ မနေ့ညက အဲဒီ တီးဝိုင်းဖျော်ဖြေမှုကို နားထောင်ဖြစ်တယ်။ သူတို့ သိပ်ကိုညံ့ဖျင်းကြတယ်။ ကျမပြောတာကိုယုံပါ တကယ့်ကို မကောင်းဘူး။”

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက on the bum ဖြစ်ပါတယ်။ On = အပေါ်မှာ နဲ့ Bum = အခြေတကျမရှိသူ တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ခြေသလုံးအိမ်တိုင် သွားနေတဲ့လူတဦးအပေါ်မှာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝှက်အဓိပ္ပါယ်ကတော့ နှစ်မျိုး ရှိပါတယ်။ လူကို ရည်ညွှန်းရင်တော့ ခြေသလုံးအိမ်တိုင် သွားတဲ့လူမျိုး၊ လက်ကြောတင်းအောင် အလုပ်မလုပ်ချင်တဲ့ နေထိုင်မှုအကျင့်မျိုး ဖြစ်ပါတယ်။ စက်ကရိယာကို ရည်ညွှန်းရင်တော့ သုံးမရပျက်နေတဲ့စက် ဖြစ်ပါတယ်။

Pauline Gary ပေးမယ့် ဥပမာမှာ စက်နဲ့ပတ်သက်တဲ့အကြောင်း ဖြစ်ပါတယ်။

“This has been a bad day for me. First, I found my washing machine on the bum. And, I have a whole week of clothes to wash. So, I tried to call a man to fix it. Here my phone was on the bum, too.”

“ဒီနေ့ကတော့ ကျမအတွက် နေ့ဆိုးတရက်ပါ။ ပထမဦးဆုံး ကျမရဲ့  အဝတ်လျှော်စက်က ပျက်နေတယ်။ ပြီးတော့ တပတ်လုံး ဝတ်ထားတဲ့ ညစ်ပေနေတဲ့ အဝတ်တွေလျှော်ဖို့အတွက် ရှိနေတယ်။ ဒါကြောင့် စက်ပြင်ဖို့ စက်ပြင်ဆရာကို ခေါ်ဖို့ကြိုးစားတယ်။ ဒီမှာ ကျမ တယ်လီဖုန်းလည်း ပျက်နေတာကို တွေ့ရတယ်။”

နောက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက bum rap ဖြစ်ပါတယ်။ Bum = အသုံးမကျဖြစ်သူ၊ ဖြစ်ခြင်း။ Rap = အမှားလုပ်လို့ အပြစ်ပေးခံရသည် တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အသုံးမကျတဲ့လူ အပြစ်ပေးခံရခြင်း ဖြစ်ပါတယ်။ Bum rap ရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ အပြစ်မရှိဘဲ အပြစ်ပေးခံရခြင်း ဖြစ်ပါတယ်။ ပြစ်မှုမကျုးလွန်ပေမယ့် သက်သေမပြနိုင်လို့ ထောင်ချအပြစ်ပေးခံရခြင်း ဖြစ်ပါတယ်။ နေ့စဉ်အသုံးမှာတော့ ကြားကနေ အချောင်ခံလိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ကအမှားမလုပ်ဘဲ ကိုယ့်ကအပြစ်မရှိဘဲနဲ့ မတရားအပြောခံရတာ၊ ဝေဖန်ခံရတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

Pauline Gary ပေးမယ့် ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“A lot of people blamed the Mayor for our roads being in such bad shape. But, I think he is getting a bum rap. The problem is the city council won’t vote him for enough money to fix them.”

“ကျမတို့လမ်းတွေဟာ ဒီလို အခြေအနေဆိုးနေတာကို လူအတော်များများက မြို့ တော်ဝန်ကို အပြစ်တင်နေကြတယ်။ ဒါပေမဲ့ ကျမအထင်ကတော့ သူက ကြားကနေ အချောင်အပြစ်တင်ခံနေရတာပါ။ ပြဿနာက မြို့ တော်ကောင်စီက လမ်းတွေပြင်ဖို့ လိုအပ်တွေ ငွေအလုံအလောက် မချပေးတာဖြစ်တယ်။”

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ bum around ဖြစ်ပါတယ်။ Bum = ခြေဦးတည့်ရာ လျှော်သွားသူ။ Around = တဝိုက် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ခြေဦးတည့်ရာ တဝိုက် လျှောက်သွားခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီအသုံးမှာ ဆင်တူအဓိပ္ပါယ် ရှိပါတယ်။ အစီအစဉ်ကျကျနန မရှိဘဲ စိတ်လွတ်ကိုယ်လွတ် ခြေဦးတည့်ရာလျှောက်သွားနေတယ် သဘောဖြစ်ပါတယ်။

Pauline Gary တင်ပြပေးမယ့် ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“The summer after we graduated from college, we had a great time bumming around on our bikes in French and England. Just stopped often at any places look like fun. ”

“ကျမတို့ ကောလိပ်က ဘွဲ့ရတဲ့နှစ် နွေရာသီအချိန်တုန်းက ပြင်သစ် နဲ့ အင်္ဂလန် နိုင်ငံတွေမှာ ဘိုင်စကယ်စီးပြီး ခြေဦးတည့်ရာ တဝကြီး လျှောက်လည်ကြတာ အရမ်းပျော်ဖို့ကောင်းတယ်။ ပျော်စရာကောင်းမယ်လို့ ထင်တဲ့နေရာတိုင်မှာ တထောက်ရပ်နား လည်ခဲ့ကြတယ်။”

XS
SM
MD
LG