သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Call စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ Too Close to Call, Call the Shots နဲ့ Call it Quits တို့ ဖြစ်ပါတယ်။

Too Close to Call

Too (လွန်ကဲမှု)၊ Close (နီးကပ်သော)၊ Too close (သိပ်နီးကပ်သော)၊ to Call (ခေါ်ဖို့) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခေါ်ဖို့ရာ သိပ်နီးကပ်တာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က ရွေးကောက်ပွဲ လိုယှဉ်ပြိုင်ပွဲတခုခုမှာ ယှဉ်ပြိုင်သူနှစ်ဦးကြား ဒါမှမဟုတ် နှစ်သင်းကြား ဘယ်သူကနိုင်မယ်၊ ဘယ်အသင်းက နိုင်မယ်ဆိုတာကို အသေအချာပြောနိုင်ဖို့ ခက်ခဲတဲ့အခြေအနေမျိုး၊ မလွယ်တဲ့အခြေအနေမျိုးမှာ ဒီအသုံးကို ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ အားကစားပွဲက ဖြစ်ပြီး ယှဉ်ပြိုင်သူတွေရဲ့အရည်အချင်းကတူနေတယ်ဆိုရင်ဘယ်သူကနိုင်မယ်၊ ဘယ်အသင်းကနိုင်မယ်ဆိုတာကြိုပြောနိုင်ဖို့ခက်တာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ရွေးကောက်ပွဲတွေမှာ တဖက်နဲ့တဖက် အနိုင်ရတဲ့မဲက သိပ်ကပ်နေတဲ့အတွက် ပြတ်ပြတ်သားသား သိနိုင်အောင် Run-off ဆိုတဲ့ အနိုင်အရှုံး၊ အဆုံးအဖြတ်ပေးတဲ့ နောက်ဆုံးယှဉ်ပြိုင်ပွဲကို ကျင်းပတာမျိုး ရွေးကောက်ပွဲသတင်းတွေမှာ ကြားဘူးကြမှာပါ။ဘော်လုံးပွဲနှင့်ပတ်သက်တဲ့ဒီအသုံးဥပမာကိုလေ့လာကြည့်ရအောင်ပါ။

ဥပမာ
The football game was too close to call as both teams kept scoring goals. Only at the last minute the home team won with two straight goals.
ဘောလုံးပွဲက နှစ်ဖက်စလုံးက ဂိုးတွေကန်သွင်းနေတော့ ဘယ်အသင်းနိုင်မယ်ဆိုတာကို ပြောရအလွန်ခက်နေတယ်။ နောက်ဆုံးအချိန်ရောက်မှ အိမ်ရှင်အသင်းဖက်က (၂) ဂိုးဆက်တိုက်သွင်းပြီး အနိုင်ရသွားခဲ့တယ်။

Call the Shots

Call (ခေါ်တာ)၊ Shots (ပစ်ခတ်မှှုတွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပစ်ခတ်ဖို့အတွက် အော်ပေးတာ၊ ခေါ်ပေးတာ ဖြစ်ပါတယ်။
ဒီအသုံးဆင်းသက်လာတာကတော့ သေနတ်ပစ်လေ့ကျင့်ရာက ဖြစ်ပါတယ်။ လူတဦးကဘေးက ပစ် လို့အော်လိုက်တာနဲ့ သေနတ်ပစ်လေ့ကျင့်တဲ့လူက လိုက်ပစ်ရတဲ့လေ့ကျင့်မှုမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တဖက်ကအော်သူကအော်မှ ပစ်သူကလိုက်ပစ်ရတာမို့ Call the Shots ရဲ့ အီဒီယံအဓိပ္ပါယ်က ခေတ်စကားအရတော့ လိုအပ်သည်များကို ညွှန်းကြားတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ သာမာန်ဆိုရင်တော့ထိုင်ဆိုရင်ထိုင်၊ ထဆိုရင်ထရတဲ့ သြဇာညောင်း သူပေါ့။ တနည်းတော့ အာဏာရှိ လွှမ်းမိုးနိုင်သူ၊ ပြောနိုင်ဆိုနိုင် အားရှိသူ၊ အဆုံးအဖြတ်ပေးတဲ့ ရာထူးတွေမှာ ထမ်းဆောင်ရသူတွေရဲ့ လုပ်ပိုင်ခွင့်ရှိတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ Call the Shots နှင့်ပတ်သက်တဲ့ဒီအသုံးဥပမာကိုလေ့လာကြည့်ရအောင်ပါ။

ဥပမာ
In my family, my wife calls the shots. She makes most of the decisions.
ကျနော်တို့ မိသားစုမှာ ကျနော့်ဇနီးက အာဏာအရှိဆုံးဖြစ်တယ်။ ဆုံးဖြတ်ချက်အများစုကို သူကပဲ ချလေ့ရှိတယ်။

Call it Quits

Call (ခေါ်တာ)၊ It (တခုခုကို ရည်ညွှန်းတဲ့ နာမ်စား)၊ Quits (အဆုံးသတ်၊ နိဂုံးချုပ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အဆုံးသတ်ဖို့ ခေါ်လိုက်တာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ တခုခုကို ဆက်မလုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အိမ်ထောင်ရေးမှာလည်း Call it Quits ဆိုရင် အိမ်ထောင်ပြတ်စဲဖို့၊ လင်မယားကွဲရှင်းဖို့ ဆုံးဖြတ်လိုက်တာ၊ ဒီဘဝ ဒီမျှနဲ့သာလို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။အကြောင်းတခုခုကြောင့်လုပ်လက်စကိုရပ်တဲ့ Call it Quits အသုံးဥပမာကိုလေ့လာကြည့်ရအောင်ပါ။

ဥပမာ
The loud noise is bothering us so let us call it quits for now.
အသံဆူတာကြောင့် အနှောက်အယှက် ဖြစ်တယ်ဗျာ။ ဒါကြောင့် အခုလောလောဆယ်တော့ ဆက်မလုပ်ဘဲ ရပ်လိုက်ကြရအောင်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Call ကိုအခြေခံတဲ့ idiom အသုံးတွေက Too Close to Call, Call the Shots နဲ့ Call it Quits တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG