သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sports စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၃)


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ down to the wire, neck and neck နဲ့ win by the nose တို့ ဖြစ်ကြပါတယ်။

အိုလံပစ် (Olympics) ပွဲတော်ကြီးလည်း ဆက်လက်ကျင်းပနေချိန်မှာ အားကစားနဲ့ ပတ်သက်တဲ့ အီဒီယံအသုံးတွေကို တင်ပြပေးဖို့ စီစဉ်ထားပါတယ်။ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ down to the wire ဖြစ်ပါတယ်။ Down = အောက်ဖက်သို့၊ To = သို့၊ the wire = ဝိုင်ယာကြိုး တို့ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်က ဝိုင်ယာကြိုးတန်းအထိသို့ ဖြစ်ပါတယ်။ ဒီအသုံးက မြင်းပြိုင်ပွဲက ဆင်းသက်လာတာ ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ ဝိုင်ယာဟာ လျှပ်စစ်ဝိုင်ယာကြိုး၊ သံကြိုးလို့ ယူဆရပေမယ့် ပန်းဝင်ရာမှာတားတဲ့ ဝိုင်ယာကြိုးကတော့ မထိမခိုက်ရလေအောင် လွယ်လွယ်နဲ့ပြတ်တဲ့ စက္ကူ၊ ကြိုးအပါးလေးကို ဆိုလိုတာဖြစ်ပါတယ်။ အပြေးပြိုင်ပွဲမှာ တန်တားတဲ့ ကြိုးရောက်ခါနီး စက္ကန့်ပိုင်းအထိ အနိုင်ရမယ်ဆိုတာကို မပြောနိုင်တဲ့ အခြေအနေကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ နောက်ဆုံးအချိန်၊ နောက်ဆုံးစက္ကန့်အထိ တွန်းပြီးလုပ်နိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။ တခါတရံလည်း နောက်ဆုံးစက္ကန့်အချိန်အထိ ဘယ်လိုအခြေအနေ ဖြစ်လာမယ်ဆိုတာကို မသိနိုင်တာကိုလည်း ဆိုလိုနိုင်ပါတယ်။

ဥပမာ

We were down to the wire to get our TV project done. We all are happy the job is completed.

ကျနော်တို့အားလုံး တီဗွီအစီအစဉ်ကို ပြီးအောင်လုပ်ဖို့ နောက်ဆုံးချိန်ရောက်တဲ့အထိ ကြိုစားလိုက်ကြတာ အလုပ်ပြီးသွားတော့ ကျနော်တို့အားလုံး ပျော်လိုက်ကြလိုက်တာဗျာ။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ neck and neck ဖြစ်ပါတယ်။ Neck = လည်းပင်၊ And = နှင့် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လည်းပင်နဲ့လည်းပင် တို့ဖြစ်ပြီး ဒီအသုံးကလည်း စောစောကတင်ပြခဲ့တဲ့ မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ မြင်းပြိုင်ပွဲတွေမှာ မြင်းတွေဟာ ပန်းဝင်ခံနီးအချိန်မှာ အပြိုင်အဆိုင် ပြေးကြတာဖြစ်ပါတယ်။ မြင်းတကောင်နဲ့ မြင်းတကောင်အချင်းချင်း ကပ်နေတာကိုလည်း ပွဲကြည့်ပရိသတ်တွေက တွေ့ကြရမှာ ဖြစ်တာမို့ အခုလို့ ဘယ်မြင်းက နိုင်မယ်ဆိုတာကို ခန့်မှန်းလို့ မရတော့ဘဲ မြင်းတွေရဲ့ လည်းပင်တွေက သူမသာ ကိုယ်မသာ ရှိနေတဲ့ အနေအထားမျိုးကို neck and neck လို့ ရည်ညွှန်းအသုံးပြုတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ အခြေအနေဟာ သိပ်ပြီးကပ်နေတဲ့အတွက်ကြောင့် အဆုံးအဖြတ်မပေးနိုင်ဘဲ ရှိနေတာကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာစကားမှာတော့ သူမသာကိုယ်မသာ အခြေအနေပေါ့။

ဥပမာ

The two Presidential candidates are running neck and neck in the opinion poll.

သမ္မတကိုယ်စားလှယ် နှစ်ဦးတို့ဟာ လူထုအမြင်ကောက်ခံချက်တွေမှာတော့ သူမသာကိုယ်မသာ ဖြစ်နေကြတယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ win by the nose ဖြစ်ပါတယ်။ Win = နိုင်သည်၊ By = နှင့်၊ the Nose = နှားခေါင်း တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ နှားခေါင်းနဲ့ နိုင်တာ ဖြစ်ပါတယ်။ ဒီအသုံးကလည်း မြင်းပြိုင်ပွဲကလည်း ဆင်းသက်လာတာ ဖြစ်ပါတယ်။ ပြိုင်မြင်းတွေဟာ ပန်းဝင်ရာမှာ အခုခေတ်မှာတော့ ဓါတ်ပုံနဲ့ ရိုက်ပြီး ခေတ်အခေါ် photo finish နည်းအရ ဘယ်မြင်းကနိုင်တယ်ဆိုတာကို ကြည့်ပြီး တိတိကျကျ အကဲဖြတ်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြင်းတကောင်နဲ့တကောင် အနိုင်အရှုံးဟာ တခါတရံ သိပ်ကပ်နေလို့ မြင်းတကောင်က သူ့နှားခေါင်းဆိုတဲ့ နားတဖျားနဲ့ အနိုင်ရတဲ့အခါလည်း ရှိတတ်ပါတယ်။ ဒါကြောင့်လည်း သိပ်ကိုကပ်ပြီး တည်တည်လေးနဲ့ အနိုင်ရတယ်ဆိုရင် win by the nose လို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြင်းပြိုင်ပွဲတင်မကပါဘူး နေ့စဉ် အပြိုင်အဆိုင်တွေမှာ၊ ရွေးကောက်ပွဲတွေမှာလည်း ကပ်ပြီးတော့ နိုင်တယ်ဆိုလို့ရှိရင် ဒီအသုံးကို ရည်ညွှန်းအသုံးပြုနိုင်ပါတယ်။

ဥပမာ

The candidate won by a nose in mayoral election. So, the other party wanted the votes recounted.

မြို့တော်ဝန် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်က နားတဖျားနဲ့ ကပ်ပြီး အနိုင်ရသွားလို့ တဖတ်ပါတီက မဲတွေကို ပြန်ရေတွက်ဖို့ ဆန္ဒရှိနေတယ်။
XS
SM
MD
LG