သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fire စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Fire စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
Fire စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ play with fire, fire up, catch fire နဲ့ fight fire with fire တို့ ဖြစ်ကြပါတယ်။

ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ဆိုတဲ့ ရန်သူမျိုး (၅) ပါးထဲမှာ မီးက သုံးတတ်ရင် မိတ်ဆွေဖြစ်သလို၊ မသုံးတတ်ရင် ရန်သူ ဖြစ်တယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ အခု ရှင်းပြမယ့် အီဒီယံမှာ မီးရဲ့ အန္တရာယ်နဲ့ ပတ်သက်တဲ့ အသုံးစကား ဖြစ်ပါတယ်။

အသုံးအနှုန်းက play with fire ဖြစ်ပါတယ်။ Play = ကစားသည်၊ With = နှင့်အတူ၊ Fire = မီး တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မီးနှင့်ကစားသည် ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ အန္တရာယ်ကြီးတဲ့ ကိစ္စတခုခုကို ပေါ့ပေါ့တန်တန် သဘောထားခြင်း၊ ဒါမှမဟုတ် ပမာမခန့် သွားလုပ်ခြင်း၊ သွားစမိလို့ ဒုက္ခလှလှကြီး ရောက်မှာကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါတယ်။ တနည်းတော့ သွားမစလေနဲ့ သွားစရင် ခံရလိမ့်မယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ ညဘက်မှာ အလည်ထွက်တဲ့ ဆယ်ကျော်သက်ရွယ် သားနဲ့ ပတ်သက်ပြီး မိဘတဦး ပြောဟန်နဲ့ Pauline Gary ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I tell you. You will be playing with fire if you go alone into that neighborhood at night. It is a place where almost anything can happen to you if you don’t watch out.

သားရေ မေမေပြောမယ်။ ညဘက် အဲဒီ ရပ်ကွက်ထဲ သားတယောက်ထဲသွားရင် ဒုက္ခလှလှကြီး တွေ့လိမ့်မယ်၊ သားခံရလိမ့်မယ်။ အဲဒီမှာ သတိမထားရင်တော့ အန္တရာယ်အမျိုးမျိုး တွေ့နိုင်တယ်။

ဒုတိယ တင်ပြပေးမယ့် အီဒီယံက fire up ဖြစ်ပါတယ်။ Fire = မီး၊ Up = အပေါ် ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မီးကိုအပေါ် မြှင့်တင်ခြင်း ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ ဒီနေရာမှာ မီးကို စိတ်ဓါတ်နဲ့ တုနှိုင်းပြီး စိတ်ဓါတ်တက်ကြွလာအောင်၊ သိပ်စိတ်ပါလာအောင်၊ အားတက်လာအောင် လုပ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ Fire up နဲ့ တွဲပြီးတင်ပြပေးမယ့် အသုံးက catch fire ဖြစ်ပါတယ်။ Catch = အမှီလိုက်သည်၊ Fire = မီး ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က မီးကိုအမှီလိုက်ခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် မီးကူးဆက်ခြင်း ဖြစ်ပါတယ်။ အီဒီယံသွယ်ဝှက်အဓိပ္ပါယ်ကလည်း ဒီနေရာ မီးကို စိတ်ဓါတ်နဲ့ယှဉ်ပြီး တခုခုခံစားရတဲ့ စိတ်ဓါတ်၊ တဦးကနေတဦးဆီ အမြန်ဆုံး ကူးဆက်တာ။ တနည်းအားဖြင့် တဦးခံစားရတာကို နောက်တဦးက လိုက်ခံစားရတာ ဖြစ်ပါတယ်။ အထူးသဖြင့် လူတဦးပျော်ရင် တခြားလူတွေလည်း လိုက်ပျော်တဲ့ခံစားမှုမျိုးဖြစ်တာ။ စိတ်ဓါတ်တက်ကြွတယ်ဆိုရင်လည်း တခြားလူများလည်း စိတ်ဓါတ်တက်ကြွတာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနှစ်ခုစလုံးကို ဘက်စကတ်ဘော ကစားပွဲတခုကို နောက်ခံထားပြီး Pauline Gary ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our team was ten points behind at the half time. The coach tried to fire up in the locker room. And, his speech made them catch fire. They played hard and won by twenty points.

ကျမတို့အသင်းက ပွဲချိန်တဝက်မှာ (၁၀) မှတ်နဲ့ ရှုံးနေခဲ့တယ်။ ဒါပေမဲ့ နည်းပြက နားနေခန်းမှာ အသင်းသားတွေ စိတ်ဓါတ်တက်ကြွအောင် ပြောနိုင်ခဲ့တယ်။ သူရဲ့ သြဝါဒကြောင့် အသင်းသားတွေ အားတက်လာကြပြီး ကြိုးစားလိုက်ကြတာ အမှတ် (၂၀) အသာနဲ့ အနိုင်ရခဲ့တယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးက fight fire with fire ဖြစ်ပါတယ်။ Fight = တိုက်ခိုက်သည်၊ Fire = မီး၊ With = နှင့်အတူ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မီးကိုမီးနဲ့ ပြန်တိုက်သည် ဖြစ်ပါတယ်။ ကျမတို့ မြန်မာစကားမှာလို့ တုတ်တုတ်ခြင်း၊ ဒါးဒါးခြင်း လို့ တနည်းအားဖြင့် ရန်ကိုရန်နှင့် တုံ့ပြန်ခြင်း ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး Pauline Gary ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I had hope this would be a clean campaign, but my opponent wants to play dirty and talks about my personal life. I have no choice to fight fire with fire and talk about personal things we found about him.

ကျမအနေနဲ့ ဒီမဲဆွယ်လှုပ်ရှားမှုကို သန့်သန့်ရှင်းရှင်းဖြစ်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ကျမရဲ့ ယှဉ်ပြိုင်ဘက်က ညစ်ပတ်လာပြီးတော့ ကျမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောလာခဲ့တယ်။ ကျမလည်း တခြားရွေးလမ်းမရှိတော့ သူလုပ်သလို ရန်ကိုရန်နဲ့ တုံ့ပြန်ဖို့ ကျမတို့တွေ့ရှိထားတဲ့ သူရဲ့ကိုယ်ရေးကိုယ်တာအကြောင်းတွေကို ထုတ်ဖော်ပြောရတော့တယ်။

XS
SM
MD
LG